Skip to content

အလင်းနှစ် ဆိုတာ ဘာလဲ

  • Space
စကြာဝဠာထဲမှာ ကြယ်တွေ ဂလက်ဆီ တွေရဲ့ အကွာအဝေးကို အလင်းနှစ်နဲ့ တိုင်းပါတယ်

စကြာဝဠာထဲက ကြယ်တွေ ဂလက်ဆီတွေ တစ်ခုနဲ့ တစ်ခု အကွားအဝေးကို အလင်းနှစ်နဲ့ ပြောလေ့ ရှိပါတယ်။ အရင် ကျွန်တော်တို့ သိပ္ပံ စာမျက်နှာက ရေးတဲ့ ဆောင်းပါးတွေမှာ အလင်းနှစ်ဆိုတာ ကိုဒီလိုပဲ ရေးလိုက်ပေမယ့် ကွန်မင့် တစ်ခုမှာ အလင်းနှစ်နဲ့ ပါတ်သက်လို့ မေးလာတာ ရှိတာနဲ့ ဒီဆောင်းပါးကို ရေးဖြစ်သွားတာပါ။

ပထမဆုံး အလင်းနှစ်ဆိုတာ ဘာလဲ ဆိုတာ ရှင်းပြပါမယ်။ အလင်းနှစ် ဆိုတာ အကွားအဝေးကို တိုင်းတဲ့ ယူနစ် ဖြစ်ပါတယ်။ အချိန်ကို တိုင်းတာ မဟုတ်ပါဘူး။ အချို့က အလင်းနှစ် ဆိုတာ အချိန်လို့ ထင်ကြလို့ပါ။ 

အလင်းနှစ်ဆိုတာက အလင်းတန်းတစ်ခု တစ်နှစ်အတွင်းသွားလို့ ရောက်တဲ့ အကွာအဝေးကို ပြောတာ ဖြစ်ပါတယ်။ အလင်းရောင်ဟာ တစ်စက္ကန့်ကို ကီလိုမီတာ ၃၀၀,၀၀၀ ခန့် (မိုင် ၁၈၆,၀၀၀ ခန့် ခရီးရောက်ပါတယ်)။ တစ်နှစ်ဆို ခရီး အကွားအဝေး မိုင် ၆ ထရီလီယံခန့် ရောက်ပါတယ်။ ဂဏန်းနဲ့ ရေးရင် ၆,၀၀၀,၀၀၀,၀၀၀,၀၀၀ မိုင် ပေါက်ပါတယ်။

စကြာဝဠာထဲ က ကြယ်တွေ ဆိုတာက တစ်ခုနဲ့ တစ်ခု အလွန်ဝေးတော့ ပုံမှန် ကျွန်တော်တို့ သုံးနေကျ ဂဏန်းတွေနဲ့ ချရေးရင် သုညတွေ များလွန်းတာနဲ့ အဆင်မပြေ တော့ပါဘူး။ ဒါ့ကြောင့် အလင်းနှစ်နဲ့ သုံးရတာ ဖြစ်ပါတယ်။

ကျွန်တော်တို့နဲ့ အနီးဆုံး ဖြစ်တဲ့ Proxima Centauri ကြယ်ဟာတောင် အလင်းနှစ် ၄.၂ နှစ် ဝေးပါတယ်။ အဲ့သည် ကြယ်ရဲ့ အကွာအဝေးကိုပဲ ဂဏန်းနဲ့ ချရေးကြည့် ကြပါဗျာ။ ဒါဆို ဘာ့ကြောင့် အလင်းနှစ်ကို သုံးရသလဲ ဆိုတာ သဘောပေါက်မှာပါ။

နောက်ပြီး အလင်းရောင်ရဲ့ အလျှင်ဟာ ပြောင်းလဲမှု မရှိပါဘူး။ (အလင်းဖြတ်သွားတဲ့ ကြားခံနယ် တူရင် မပြောင်းတာကို ပြောတာပါ။) လေမရှိတဲ့ လေဟာနယ် ထဲမှာ အလင်းဟာ တစ်နာရီကို 670,616,629 mph (1,079,252,849 km/h) နှုန်းနဲ့ တသမတ်ထဲ ပြေးနေပါတယ်။

တစ်နှစ် အတွက် သွားတဲ့ ခရီး သိချင်ရင် ဒီဂဏန်းကို တစ်နှစ်မှာ ရှိတဲ့ နာရီပေါင်း ၈,၇၆၆ နာရီနဲ့ မြှောက်လိုက်ရင် အလင်းနှစ် တစ်နှစ်မှာ ရှိတဲ့ ခရီး အကွာအဝေးကို ရပါပြီ။ အလင်းနှစ် တစ်နှစ်ရဲ့ ခရီးအကွာအဝေးဟာ 5,878,625,370,000 မိုင် ရှိပါတယ်။

ဆက်စပ် ဆောင်းပါး – ကြယ်တွေရဲ့ အကွာအဝေးကို ဘယ်လို တိုင်းလဲ

ဘာ့ကြောင့် အလင်းနှစ်ကို သုံးရတာလဲ

အပေါ်မှာ ပြောခဲ့ သလိုပဲ စကြာဝဠာထဲက အကွာအဝေးကို မိုင်တို့ ကီလိုမီတာ တို့နဲ့ ပြဖို့ဆိုတာ အလွန် ကရိကထ များပါတယ်။ အနီးဆုံးက ကြယ်တွေ စုစုလေး ရှိနေတဲ့ Orion Nebula ဆို မိုင်ပေါင်း 7,861,000,000,000,000 ဝေးပါတယ်။ အလင်းနှစ် နဲ့ဆို နှစ် ၁,၃၀၀ အကွာမှာ ရှိနေတာပါ။

ကမ္ဘာကနေ ကျွန်တော်တို့ မစ်ကီးဝေး ဂလက်ဆီရဲ့ ဗဟိုကိုဆို အလင်းနှစ် ၂၇,၀၀၀ အကွာမှာ ရှိပါတယ်။ အနီးဆုံး ဂလက်ဆီ ဖြစ်တဲ့ အင်ဒရိုမီဒါ (Andromeda galaxy) ဂလက်ဆီ ဆိုရင် အလင်းနှစ် ၂.၅ သန်းတောင် ဝေးတာပါ။ အချို့ ဂလက်ဆီတွေ ဆိုရင် အလင်းနှစ် ဘီလီယံ နဲ့ချီ ဝေးကြပါတယ် (၁ ဘီလီယံ = သန်း ၁၀၀၀)။ 

နောက်ပြီး အလင်းနှစ်နဲ့ တိုင်းတာရဲ့ နောက်အကျိုးကျေးဇူး တစ်ခုကတော့ အခုမြင်ရတဲ့ ကြယ်တွေ ဂလက်ဆီတွေ အဖြစ်အပျက်တွေဟာ အရင် လွန်ခဲ့တဲ့ ဘယ်အချိန်က ဖြစ်ခဲ့လဲ ဆိုတာကိုပါ သိနိုင်တာပါပဲ။

ဥပမာ အနီးဆုံး ဖြစ်တဲ့ Proxima Centauri ကြယ်ပေါ်မှာ ဖြစ်နေတာတွေကို အခုမြင်ရရင် ဒါဟာ အခု ဖြစ်နေတာ မဟုတ်ပါဘူး။​လွန်ခဲ့တဲံ ၄ နှစ်ကျော် အကြာက ဖြစ်ပျက်ခဲ့တာပါ။ Orion Nebula ထဲက မြင်ရတာတွေဟာ လွန်ခဲ့တဲ့ နှစ် ၁,၃၀၀ က အဖြစ်အပျက်တွေ ဖြစ်ပြီး အင်ဒရို မီဒါ ဂလက်ဆီထဲက ဆူပါနိုဗာ တစ်လုံး တွေ့ရင် အဲ့တာ လွန်ခဲ့တဲ့ နှစ် ၂ သန်းခွဲက ဖြစ်ပေါ်ခဲ့တဲ့ ပေါက်ကွဲမှုကြီး ကို မြင်ရခြင်းပဲ ဖြစ်ပါတယ်။

အဝေးဆုံး မြင်နိုင်တဲ့ အရာဝတ္ထုကတော့ cosmic microwave background လို့ခေါ်တဲ့ Big Bang ပေါက်ကွဲမှုကြီး ဖြစ်ပေါ်ပြီးစက ကျန်ခဲ့တဲ့ ရေဒီယို လှိုင်းတွေ ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ စကြာဝဠာရဲ့ အစောဆုံး ပုံရိပ်ဖြစ်ပြီး လွန်ခဲ့တဲ့ ၁၃.၈ ဘီလီယံ အချိန်က အဖြစ်အပျက် ဖြစ်ပါတယ်။

ဆက်စပ် ဆောင်းပါး – အာကာသထဲကို ဘယ်လောက် ဝေးဝေးထိ မြင်နိုင်သလဲ

အလင်းနှစ်အပြင် အခြား ဘာအကွာအဝေးတိုင်းတဲ့ ယူနစ်တွေ သုံးကြသေးလဲ

နက္ခတ် ပညာရှင်တွေဟာ အလင်းနှစ် အပြင် parsec ဆိုတဲ့ ယူနစ်ကိုလဲ သုံးကြပါ သေးတယ်။ သူက parallax-second ရဲ့ အတိုပါ။ ဒါက အဝေးက ကြယ်တွေရဲ့ အကွာအဝေးကို တိုင်းတဲ့ နည်းလမ်းကနေ လာတာ ဖြစ်ပါတယ်။ 1 parsec = အလင်းနှစ် ၃.၂၆ နှစ်နဲ့ ညီမျှပါတယ်။

ဒီ parsec ရဲ့ အကြောင်းကိုတော့ နောက်မှ အသေးစိတ် သေချာ ရေးပေးပါမယ်။ သူက parallax ရဲ့ သဘောသဘာဝနဲ့ သင်္ချာ နဲနဲ ပါတော့ အသေအချာ ရှင်းပြရမှာ မို့ပါ။

Reference: What is a Light Year | Space

Advertisement