ကျွန်တော်တို့ရဲ့ လက်ရှိ စကြာဝဠာဟာ လွန်ခဲ့တဲ့ နှစ် ၁၃.၇ ဘီလီယံ (နှစ်သန်း ၁၃,၇၀၀) ကာလက မွေးဖွား လာ ခဲ့တာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်သန်း ၁၃,၇၀၀ ကာလက စကြာဝဠာဟာ ရုတ်တရက် အရွယ်အစား အဆမတန် ကြီးမား လာပါတယ်။ ဒီ ဖြစ်စဉ်ကို Big Bang ဘစ်ဘင် မဟာ ပေါက်ကွဲ မှုကြီး ဆိုပြီး ပညာရှင် တွေက အမည် ပေးထား ကြပါတယ်။
ဒီ အယူအဆကို Big Bang Theory လို့လဲ ခေါ်ပါတယ်။ ဒီ သီအိုရီဟာ လက်ရှိ နက္ခတ် ပညာရှင် အများစုနဲ့ ရူပဗေဒ ပညာရှင် အများစု လက်ခံ ယုံကြည် ကြတဲ့ စကြာဝဠာ ဖြစ်ပေါ်မှု သီအိုရီလဲ ဖြစ်ပါတယ်။
ဒီ မဟာပေါက်ကွဲမှု သီအိုရီ ကို ထောက်ခံတဲ့ အထောက်အထား အများအပြား ကိုလဲ ပညာရှင်တွေ ရှာဖွေ တွေ့ရှိ ထားကြပါတယ်။ ဒီ အထောက်အထား တွေ ဟာလဲ အတော်လေး ခိုင်မာတဲ့ အထောက်အထားတွေ ဖြစ်ကြပါတယ်။
ဥပမာ တစ်ခု အနေနဲ့ Big Bang သီအိုရီက ဟောကိန်း ထုတ် ထားတဲ့အတိုင်း စကြာဝဠာဟာ အခုလက်ရှိမှာလဲ ဆက်ပြီး ပြန့်ကား နေတယ် ဆိုတာကို တွေ့ရှိ ကြရပါတယ်။ ဒါတင်မက သေးပါဘူး။ ဒီလို စကြာဝဠာ ပြန့်ကားတဲ့ နှုန်းဟာလဲ တဖြည်းဖြည်း ပိုပိုပြီး မြန်လာ နေပါတယ်။
Big Bang သီအိုရီက ဟောကိန်း ထုတ်ထားတဲ့ နောက် အချက် တစ်ခုကတော့ စကြာဝဠာ အစက အပူဟာ လက်ရှိ အချိန်မှာ စကြာဝဠာ ပြန့်ကားမှုကြောင့် လှိုင်းအလျှား ရှည်ထွက်လာပြီး မိုက်ကရိုဝေ့ လှိုင်းတွေ အနေနဲ့ စကြာဝဠာ အနှံ့ ပြန့်နှံ့ နေလိမ့်မယ်လို့ ဆိုပါတယ်။ ဒီ စကြာဝဠာ နောက်ခံ မိုက်ကရိုလှိုင်းများ (Cosmic microwave background) တွေကိုလဲ ပညာရှင် တွေဟာ ဖမ်းယူ ရရှိ ခဲ့ကြပါတယ်။
နောက်ပြီး အခုထိ ရှာဖွေ တွေ့ရှိ ခဲ့သမျှ ဂြိုဟ်တွေ၊ ကြယ်တွေ၊ ဂလက်ဆီ တွေ ထဲမှာ နှစ်သန်း ၁၃,၇၀၀ ထက် ပိုပြီး ရှေးကျတဲ့ အရာဝတ္ထု ရှာမတွေ့ သေးပါဘူး။ ဒါဟာ ဘာကို ပြနေလဲ ဆိုတော့ စကြာဝဠာရဲ့ သက်တမ်းဟာ နှစ်သန်း ၁၃,၇၀၀ ထက် မစောဘူး ဆိုတာပဲ ဖြစ်ပါတယ်။
“ဒီအချက်တွေ အားလုံးက Big Bang သီအိုရီ ရဲ့ အခြေခံကို အလွန်ပဲ ခိုင်မာ စေပါတယ်” လို့ အမေရိကန် ပြည်ထောင်စု ကာလီဖိုးနီးယား ပြည်နယ် ဘာကလေ တက္ကသိုလ်က (University of California, Berkeley) နက္ခတ် ပညာရှင် အဲလက်စ် ဖိလစ်ပင်ကို (astrophysicist Alex Filippenko) က ရှင်းပြပါတယ်။
“ဘစ်ဘင် သီအိုရီဟာ အလွန်ကို အောင်မြင်တဲ့ သီအိုရီ တစ်ခု ဖြစ်ပါတယ်” လို့ သူက ဆက်ရှင်း ပြပါတယ်။
ဒါဆို ဒီ သီအိုရီက စကြာဝဠာ မွေးဖွားလာတဲ့ အချိန်နဲ့ ပါတ်သက်ပြီး ဘာတွေ ပြောပြ ထားသလဲ။ အဲ့သည် အချိန်ကနေပြီး အခု မြင်နေရတဲ့ စကြာဝဠာ အရွယ်အစား အခြေအနေကို ဘယ်လို ရောက်လာ ခဲ့သလဲ။
မူလအစပထမ
မူရင်း ဘစ်ဘင် မဟာပေါက်ကွဲမှု သီအိုရီ အရ စကြာဝဠာဟာ မူလမှတ် (ခေါ်) အမှတ်ထူး (Singularity) ကနေ စခဲ့တယ်လို့ ဆိုပါတယ်။ ဒီ မူလမှတ် ဟာ အလွန် အင်မတန် သေးငယ်တဲ့ အမှတ်လေး ဖြစ်ပြီး ဒီ အမှတ်လေး ထဲမှာ စကြာဝဠာ တစ်ခုလုံးရဲ့ ဒြပ်ထုတွေ အားလုံး သိပ်သည်း စုစည်း နေတယ်လို့ ဆိုပါတယ်။
ဒီ မူလမှတ် အယူအဆဟာ အိုင်းစတိုင်းရဲ့ အထွေထွေ နှိုင်းရ သီအိုရီ (General theory of relativity) ကနေ အခြေခံပြီး ပေါက်ဖွားလာတာ ဖြစ်ပါတယ်။ ဒါပေမယ့် အခု အချိန်မှာတော့ အချို့ နက္ခတ် ပညာရှင် တွေက ဒီ Singularity မူလမှတ် အယူဟာ မှန်ချင်မှ မှန်မယ်လို့ ဆိုကြပါတယ်။
“ပြဿနာ ကတော့ အထွေထွေ နှိုင်းရ သီအိုရီဟာ ဒီ ကာလ အခြေအနေမှာ မှန်မယ်ဆိုတဲ့ အထောက်အထား မရှိတာပဲ ဖြစ်ပါတယ်” လို့ ကယ်လ်တက် တက္ကသိုလ် (Caltech) က ရူပဗေဒ ပညာရှင် ရှောင် ကာရိုးလ် (Sean Carroll) က ရှင်းပြပါတယ်။
“ဒီ (မူလမှတ်) အယူအဆက မှားနေ နိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မူလမှတ် အယူအဆဟာ ကွမ်တမ် ရူပဗေဒ အယူအဆကို လုံးဝ ထည့်သွင်း စဉ်းစားထားခြင်း မရှိလို့ပါပဲ။ စကြာဝဠာရဲ့ ဒီကာလ အခြေအနေမှာ ကွမ်တမ် ရူပဗေဒဟာ အလွန်ကို အရေးပါတဲ့ နေရာက ပါနေမှာ ဖြစ်ပါတယ်” လို့ သူက ဆက်ပြီး ရှင်းပြပါတယ်။
ဒီတော့ စကြာဝဠာရဲ့ မူလ အစ မွေးဖွားချိန် ကာလဟာ တကယ်တမ်းမှာ တော့ ဝေဝေ ဝါးဝါးပဲ ရှိပါ သေးတယ်။ သိပ္ပံ ပညာရှင် တွေ အနေနဲ့ စကြာဝဠာ မွေးဖွားပြီး အချိန် 10-36 စက္ကန့် (တစ်စက္ကန့် ၏ 1,000,000,000,000,000,000,000,000,000,000,000,000 ပုံ ၁ ပုံ) အကြာ ကလ နောက်ပိုင်း ဖြစ်ပျက် ခဲ့တာတွေ ကိုတော့ အတော်လေး အတိအကျ သိနိုင်တယ်လို့ ယူဆ ကြပါတယ်။
သိပ္ပံ ပညာရှင် များရဲ့ အဆိုအရ ဒီ ကာလမှာ စကြာဝဠာဟာ အလွန် တိုတောင်းပေမယ့် အလွန် လျင်မြန်တဲ့ နှုန်းနဲ့ ပြန့်ကား ထွက်သွား ခဲ့တယ်လို့ ယူဆ ကြပါတယ်။ ဒီ ကာလ တိုလေးအတွင်း စကြာဝဠာရဲ့ ပြန့်ကားနှုန်းဟာ အလင်းလျှင် နှုန်းထက် အဆပေါင်း များစွာ ပိုမြန် ခဲ့ပါတယ်။
တစ်စက္ကန့်တောင် မရှိတဲ့ အချိန်တိုလေး အတွင်းမှာ စကြာ ဝဠာဟာ အကြိမ် ၁၀၀ လောက် အရွယ် နှစ်ဆ ကြီးထွား လာခဲ့တယ်လို့ ဆိုပါတယ်။ (အဆ ၁၀၀ ကြီးလာတာ မဟုတ်ပဲ နှစ်ဆ နှစ်ဆ နဲ့ အကြိမ် ၁၀၀ နှစ်ဆ ပွားခဲ့တာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ၂ ဆ၊ ၄ဆ၊ ၈ ဆ၊ ၁၆ ဆ၊ ၃၂ ဆ၊ ၆၄ ဆ အစ ရှိသဖြင့် ပွားသွားခဲ့ တာဖြစ်ပါတယ်။)
ရုတ်တရက် ကြည့်ရင်တော့ ဒီ ပြန့်ကားမှုဟာ အိုင်းစတိုင်းရဲ့ နှိုင်းရ သီအိုရီ နဲ့ ဆန့်ကျင်နေပါတယ်။ ဘာ့ကြောင့်ဆို နှိုင်းရ သီအိုရီ အရ စကြာဝဠာ ထဲက ဘယ်အရာမှ အလင်းထက် ပိုပြီး မြန်တဲ့ အလျင်နဲ့ ခရီး မသွားနိုင်ဘူးလို့ ဆိုထားတာကိုး။
ဒါပေမယ့် တကယ်တမ်းမှာ စကြာဝဠာ ပြန့်ကားမှုဟာ နှိုင်းရ သီအိုရီကို ဆန့်ကျင် မနေပါဘူး။ နှိုင်းရ သီအိုရီက “သတင်း အချက်အလက်” သို့မဟုတ် “အရာ ဝတ္ထု” တွေဟာ အမှတ် ဟင်းလင်းပြင် ထဲက အမှတ် နှစ်ခု အကြား မှာ အလင်းလျှင်ထက် မြန်တဲ့ နှုန်းနဲ့ ခရီး သွားနိုင်မှာ မဟုတ်ဘူးလို့ ဆိုထား ခဲ့ပါတယ်။ ဒါပေမယ့် အခု ပြန့်ကားမှုဟာ အရာဝတ္ထုတွေ ခရီး သွားတာ မဟုတ်ပဲ ဟင်းလင်းပြင် (space) ကိုယ်နှိုက်က ပြန့်ကား ထွက်သွားတာ ဖြစ်ပါတယ်။
“ပြန့်ထွက်မှု (Inflation) ဟာ Big Bang ရဲ့ အဓိက ဖြစ်စဉ် ဖြစ်ပါတယ်။ ဒီ ပြန့်ထွက်မှု ဖြစ်စဉ် မတိုင်မီက စကြာဝဠာ ကြီးက သေးသေးလေးပဲ ရှိခဲ့တာပါ။ ပြန့်ကားနှုန်းကလဲ ခပ်ဖြည်းဖြည်းပဲ ကားထွက် နေဟန် တူပါတယ်။ အခု မြင်ရတဲ့ စကြာဝဠာကြီး ဖြစ်လာဖို့ ပြန့်ထွက်မှု ဖြစ်စဉ်လို ဖြစ်ရပ်မျိုး လိုအပ်ပါတယ်” လို့ နက္ခတ် ပညာရှင် အဲလက်စ် ဖိလစ်ပင်ကို က ဆက်ရှင်း ပြပါတယ်။
ဒီလို အလွန် လျှင်မြန်စွာ ပြန့်ကား ထွက်လာတဲ့ စကြာဝဠာ အတွင်းမှာ ဒြပ်ဝတ္ထု ပစ္စည်း မရှိသလောက် နည်းပါး ပါတယ်။ ဒါပေမယ့် ဒီ အစဦး စကြာဝဠာ အတွင်းမှာ အမှောင်စွမ်းအင် (Dark Energy) အမြောက်အများ ပိုင်ဆိုင် ထားတယ်လို့ ယူဆ ကြပါတယ်။
ဒီ အမှောင်စွမ်းအင် ဆိုတာက စကြာဝဠာ ပြန့်ကားမှုကို ပိုမို လျှင်မြန်အောင် အရှိန် မြှင့် ပေးတဲ့ လှို့ဝှက်ဆန်းကြယ်တဲ့ အားတစ်မျိုးလို့ သိပ္ပံ ပညာရှင် များက ယူဆ ထားကြပါတယ်။
ဒီ လျှင်မြန်စွာ ပြန့်ကားထွက်တဲ့ အစောပိုင်း ကာလမှာ အမှောင်စွမ်းအင်ဟာ စကြာဝဠာကို ညီညီညာညာ ပြန့်ထွက်သွားအောင် ပြုလုပ် ပေးပါတယ်။ ဒါပေမယ့် ဒီ အမှောင်စွမ်းအင်ဟာ သိပ်တော့ ကြာကာ မခံ ခဲ့ပါဘူး။
“သူက ခေတ္တယာယီ အမှောင်စွမ်းအင်ပါ” လို့ ရှောင်ကာရိုးလ် က ရှင်းပြပါတယ်။ “ဒီ အမှောင်စွမ်းအင်က သာမန် ဒြပ်ထု (ordinary matter) နဲ့ လျှပ်စစ်သံလိုက် လှိုင်းတွေ အဖြစ် ပြောင်းလဲ သွားခဲ့ပါတယ်။ ဒီဖြစ်စဉ်ကို ထပ်မံ အပူပေးခြင်း (reheating) လို့ ခေါ်ကြပါတယ်။ ဒီ ဖြစ်စဉ်ကြောင့် ပြန့်ကားခြင်း ဖြစ်စဉ်ကြောင့် အေးစက်သွားတဲ့ စကြာဝဠာ ကြီးဟာ အမှောင်စွမ်းအင်တွေ ပျောက်ဆုံး သွားချိန်မှာ ပြန်ပြီး ပူပြင်းလာ ရပါတယ်” လို့ သူက ဆက်ရှင်းပြပါတယ်။
ဒါပေမယ့် သိပ္ပံ ပညာရှင် တွေဟာ ဒီ လျှင်မြန်စွာ ပြန့်ကားခြင်း ဖြစ်စဉ် စဖြစ်အောင် ဘယ်ဖြစ်ရပ်က အစပျိုး ပေးခဲ့တာလဲ ဆိုတာကိုတော့ မသိကြ သေးပါဘူး။ ဒီ မေးခွန်းက Big Bang သီအိုရီ ရဲ့ အကြီးမားဆုံး ပဟေဠိကြီး ဖြစ်နေဆဲ ဖြစ်ပါတယ်။
မဟာပြန်ကန်ထွက်မှုကြီး (Big Bounce)
နက္ခတ် ပညာရှင် အများစုဟာ စကြာဝဠာရဲ့ ဝိသေသ တွေကို ရှင်းပြနိုင်ဖို့ ပြန့်ကားခြင်း ဖြစ်စဉ်ကို အဓိက အသုံးပြု ကြပါတယ်။ အထူးသဖြင့် ဒီ ပြန့်ကားခြင်း သီအိုရီကို အသုံးပြုပြီး စကြာဝဠာ အတွင်း နေရာတိုင်းမှာ ဘာ့ကြောင့် ဒြပ်ထုတွေဟာ ညီညီမျှမျှ ရှိနေရတာလဲ ဆိုတာကို ရှင်းပြ ကြပါတယ်။
လက်ရှိ တွေ့ထားသမျှ အထောက်အထား အများအပြား ကလဲ ဒီ ပြန့်ကားခြင်း ဖြစ်စဉ်ကို ထောက်ခံ နေပါတယ်လို့ ကာလီဖိုးနီးယား တက္ကသိုလ်က ရူပဗေဒ ပညာရှင် အန်ဒီ အဲလ်ဘရက် (Andy Albrecht ) ကလဲ ထောက်ပြပါတယ်။
“ဒီ အထောက်အထား အားလုံးက ပြန့်ကားခြင်း ဖြစ်စဉ်နဲ့ တွဲကြည့်ရင် လိုက်လျှောညီထွေ ဖြစ်နေပါတယ်” လို့ သူက ရှင်းပြပါတယ်။ အန်ဒီဟာ ဒီ ပြန့်ကားခြင်း သီအိုရီကို တင်ပြခဲ့ ကြတဲ့ ရူပဗေဒ ပညာရှင် တွေထဲက တစ်ဦးလဲ ဖြစ်ပါတယ်။
ဒါပေမယ့် ပြန့်ကားခြင်း သီအိုရီ ဟာ စကြာဝဠာ ရဲ့ လက်ရှိ ဖွဲ့စည်းပုံကို ရှင်းပြဖို့ ကြိုးစားတဲ့ တစ်ခုတည်းသော သီအိုရီတော့ မဟုတ်ပါဘူး။ နက္ခတ် ပညာရှင် တွေဟာ သူနဲ့ အလားတူ နောက်ထပ် သီအိုရီ တစ်ခုကိုလဲ တင်ပြလာ ခဲ့ကြပါတယ်။ ဒီ သီအိုရီကိုတော့ “သံသရာ အယူအဆ (cyclical model)” လို့ အမည် ပေးထားပါတယ်။
ဒီ သံသရာ အယူအဆ အရ စကြာဝဠာဟာ အမှတ် တစ်ခု ကနေ ပေါက်ဖွား လာခဲ့တာ မဟုတ်ပါဘူး။ ဒီ့အစား အခု စကြာဝဠာဟာ အရင်က ရှိခဲ့ပြီးသား စကြာဝဠာ တစ်ခု ပြန် ကြုံ့ဝင် သွားရာကနေ အချိန် တစ်ချိန် ရောက်တဲ့ အခါမှာ ပြန်ကန်ထွက်ပြီး ပြန်လည် ပြန့်ကား ထွက်လာတာလို့ ဆိုပါတယ်။ ဒီလို ပြန်ပြီး ပြန့်ကား ထွက်လာတဲ့ နှုန်းကလဲ “ပြန့်ကားခြင်း သီအိုရီ” က ပြောခဲ့တဲ့ ပြန့်ကားနှုန်းထက် ပိုပြီး နှေးပါတယ်။
အကယ်လို့ ဒီ သီအိုရီ သာ မှန်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ရဲ့ စကြာဝဠာဟာ အဆုံး အစ မရှိတဲ့ ပြန့်ကားခြင်း နဲ့ ပြန်ကြုံ့ဝင်ခြင်း ဆိုတဲ့ သံသရာ လည်ပတ် နေမှာ ဖြစ်ပါတယ်။
ဒီ သံသရာ အယူအဆ အရ ကျွန်တော်တို့ရဲ့ စကြာဝဠာမှာ ဒိုင်မင်းရှင်း ၁၁ ခု ရှိပါတယ်။ ဒီ ဒိုင်မင်းရှင်း ၁၁ ခု ထဲက ၄ ခုကိုပဲ ကျွန်တော်တို့ မြင်ကြ ရပါတယ်။ အဲ့ဒါကတော့ အလျှား၊ အနံ၊ အမြင့် ဆိုတဲ့ ဒိုင်မင်းရှင်း ၃ ခု နဲ့ အချိန် ဒိုင်မင်းရှင်း တို့ပဲ ဖြစ်ပါတယ်။
ဒီ ဒိုင်မင်းရှင်း ၄ ခု ပါဝင်တဲ့ စကြာဝဠာကို ဒီ သီအိုရီ အရ “ဘရိန်း (brane)” လို့ အမည် ပေးထားပါတယ်။ brane ဆိုတာက အမြှေးပါး membrane ကို အတိုကောက် ခေါ်တာ ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ ဘရိန်း လိုပဲ အခြား မတူညီတဲ့ ဒိုင်မင်းရှင်း တွေနဲ့ ဖွဲ့စည်းထားတဲ့ အခြား ဘရိန်း တွေလဲ ရှိကြလိမ့်မယ်လို့ ဒီ သီအိုရီက ဆိုပါတယ်။
ဒီလို မူတညီတဲ့ ဘရိန်းတွေ အခြင်းခြင်း တိုက်မိ ကြရာက ကျုံ့ဝင်နေတဲ့ စကြာဝဠာ ကြီးကို ပြန်ပြီး ပြန့်ကား လာစေမယ်လို့ ဒီ သီအိုရီက ဆိုပါတယ်။ တနည်းအား ဖြင့်တော့ ဒီ ဘရိန်း တွေ တိုက်မိရာက ဘစ်ဘင် မဟာ ပေါက်ကွဲမှုကြီး အစပြု ခဲ့တယ်လို့ ဒီ သီအိုရီက တင်ပြ ထားပါတယ်။
Big Bang ကနေအစပြုတယ်
ဒါပေမယ့် ကျွန်တော်တို့ အခု မြင်နေရတဲ့ စကြာဝဠာဟာ ဘာမှ မရှိတဲ့ ဗလာ ကနေ ဘယ်လို ဖြစ်လာတာလဲ။
ကျွန်တော်တို့ရဲ့ လက်ရှိ စကြာဝဠာ အတွင်းမှာ အခြေခံ အား (fundamental forces) ၄ မျိုး ရှိပါတယ်။ အဲ့တာ တွေကတော့ gravity ခေါ်တဲ့ ဒြပ်ဆွဲအား၊ electromagnetic force ခေါ်တဲ့ လျှပ်စစ်သံလိုက် အား၊ strong nuclear force ခေါ်တဲ့ နြူကလိယ အားပြင်း နဲ့ weak nuclear force ခေါ်တဲ့ နြူကလိယ အားပျော့ တို့ပဲ ဖြစ်ကြပါတယ်။
ရူပဗေဒ ပညာရှင် တွေက ဒီ အား လေးမျိုးဟာ စကြာဝဠာ မွေးဖွား ခဲ့ချိန်က ပြင်းထန်တဲ့ အပူချိန်နဲ့ ဖိအားကြောင့် အား ၄ မျိုး အနေနဲ့ သီးခြား ကွဲထွက် မနေပဲ အားလုံး တစုတစည်းထဲ ပေါင်းစည်း နေခဲ့ လိမ့်မယ်လို့ ယူဆ ကြပါတယ်။
ဒါပေမယ့် စကြာဝဠာ ပြန့်ထွက်လာပြီး အပူချိန် ကျဆင်း လာတဲ့ အခါမှာ အခြေအနေတွေ ပြောင်းလဲလို့ လာပါတယ်။ ဒီ ပြန့်ကားခြင်း ကာလမှာ ပထမဆုံး နြူကလိယ အားပြင်းဟာ အရင် ကွဲထွက် လာခဲ့ပါတယ်။
ဒီ့နောက် Big Bang အပြီး တစ်စက္ကန့်ရဲ့ အပုံ ၁၀ ထရီလီယံပုံ တစ်ပုံ (10,000,000,000,000 ပုံ ၁ ပုံ) ခန့် ကြာတဲ့ အချိန်မှာ လျှပ်စစ်သံလိုက် အားနဲ့ နြူကလိယ အားပျော့ တို့ဟာလဲ အသီးသီး ကွဲထွက် သွားကြပါတယ်။
ပြန့်ကားထွက်ခြင်း ကာလ ကုန်ဆုံး ပြီးတဲ့ အချိန်မှာတော့ စကြာဝဠာ တစ်ခုလုံဟာ အလွန် ပူပြင်းပြီး သိပ်သည်းတဲ့ ပလပ်စမာ တွေနဲ့ ပြည့်နေ ခဲ့မယ်လို့ ယူဆ ကြပါတယ်။ (ပလပ်ဆမာ plasma ဆိုတာက အီလက်ထရွန် တွေနဲ့ လျှပ်စစ်ဓါတ်ဆောင် အက်တမ်တွေ (charged ions) ရောနေတဲ့ အခြေအနေကို ခေါ်တာ ဖြစ်ပါတယ်။ စကြာဝဠာ ထဲက ဒြပ်တွေဟာ အရည်၊ အငွေ့၊ အခဲ နဲ့ ပလပ်ဆမာ ဆိုပြီး အဆင့် ၄ ဆင့်ကို ကူးပြောင်း နိုင်ကြပါတယ်။)
ဒါပေမယ့် ၁ မိုက်ကရို စက္ကန့် (၁ စက္ကန့်ရဲ့ အပုံ ၁ သန်းပုံ တစ်ပုံ) ခန့် ကာလကို ရောက်တဲ့ အခါမှာတော့ အပူချိန်ဟာ သိသိသာသာ ကျဆင်း လာတာမို့ စကြာဝဠာရဲ့ ပထမ ဦးဆုံး ပရိုတွန် နဲ့ နျူထရွန်တွေ စတင် မွေးဖွား လာခဲ့ ကြပါတယ်။
ဒီ့နောက် အပူချိန် ဆက်လက် ကျဆင်း လာတာမို့ ဒီ ပရိုတွန်နဲ့ နျူထရွန်တွေ ပေါင်းပြီး ဒြူတီရီယမ် လို့ ခေါ်တဲ့ ဟိုက်ဒြိုဂျင် ဒြပ်လေး (deuterium, heavy hydrogen) တွေ ပေါ်ထွက်လို့ လာပါတယ်။ (ပုံမှန် ဟိုက်ဒြိုဂျင် အက်တမ်မှာ ပရိုတွန် တစ်လုံးနဲ့ အီလက်ထရွန် တစ်လုံးပဲ ပါဝင်ပါတယ်။ ဒါပေမယ့် ဒြူတီရီယမ် မှာတော့ ပရိုတွန် တစ်လုံး အပြင် နျူထရွန် တစ်လုံးပါ ပါဝင်ပါတယ်။)
ဒီ ဒြူတီရီယမ် တွေ အခြင်းခြင်း ပေါင်းစပ်ပြီး ဟီလီယံ-၄ (helium-4) ဒြပ်စင်တွေ ပေါ်ထွက် မွေးဖွားလို့ လာခဲ့ ကြပါတယ်။ (ဟီလီယံ-၄ မှာ ပရိုတွန် နှစ်လုံးနဲ့ နျူထရွန် နှစ်လုံး ပါဝင်ပါတယ်။)
ပြန်လည်ပေါင်းစည်းခြင်း (Recombination)
ဒီကာလ စကြာဝဠာဟာ အလွန် ပူပြင်း ပါတယ်။ ဒါ့ကြောင့် အခုလို အသစ် မွေးဖွားလာ ခဲ့ကြတဲ့ ဟိုက်ဒြိုဂျင် နဲ့ ဟီလီယံ အက်တမ် တွေဟာ အီလက်ထရွန်နဲ့ ပေါင်းစပ်မိခြင်း မရှိကြ သေးပါဘူး။ (Big Bang ကာလထက် အပူချိန် ကျဆင်း လာခဲ့တာမို့ ပရိုတွန် နဲ့ နျူထရွန်တွေ မွေးဖွား လာခဲ့ ပေမယ့် အီလက်ထရွန်နဲ့ ပေါင်းစည်းမိ လောက်အောင် အပူချိန် မကျဆင်း သေးပါဘူး။)
ဒါ့ကြောင့် ဒီ အက်တမ်တွေဟာ အဖိုဓါတ် ဆောင်တဲ့ အိုင်းယွန်းတွေ အနေနဲ့ တည်ရှိခဲ့ ကြပါတယ်။ ဒီကာလမှာ စကြာဝဠာ ကြီး အတွင်းမှာ ရှိတဲ့ အလင်းဖိုတွန် တွေဟာ ဒီ အဖိုဓါတ်ဆောင် ဟိုက်ဒြိုဂျင်နဲ့ ဟီလီယံ အိုင်ယင်းတွေ၊ အမဓါတ် ဆောင်တဲ့ အီလက်ထရွန် တွေနဲ့ အဆက်မပြတ် တိုက်မိ နေ ကြပါတယ်။ ဒါ့ကြောင့် ဒီကာလ စကြာဝဠာ ကြီးဟာ အလင်း မပေါက်၊ မဖြတ်သန်းနိုင်ပါဘူး။
ဒီကာလဟာ Big Bang ကနေ တွက်ရင် နှစ် ၃၈၀,၀၀၀ ခန့် ကြာမြင့် ပါတယ်။ ဒီကာလ ရောက်တဲ့ အခါမှာ အပူချိန်ဟာ အတော်လေး ကျဆင်း လာတာမို့ ဟိုက်ဒြိုဂျင်နဲ့ ဟီလီယံ အိုင်းယွန်းတွေဟာ အီလက်ထရွန် တွေကို ဖမ်းဆွဲ လိုက်နိုင် ကြပါတယ်။
ဒီ ဖြစ်စဉ်ကို ပြန်လည် ပေါင်းစည်းခြင်း (recombination) လို့ အမည် ပေးထားပါတယ်။
ဒီလို ပေါင်းစည်း မိသွားတဲ့ အက်တမ်တွေဟာ အဖိုဓါတ် ရော အမဓါတ်ရော မဆောင်တဲ့ ပုံမှန် အက်တမ်တွေ ဖြစ်ကြပါတယ်။ ဒီလို ပုံမှန် အက်တမ်တွေ ဖြစ်သွားတာနဲ့ တပြိုင်နက်ထဲ စကြာဝဠာ ကြီးဟာ ရုတ်တရက် ကြည်လင်လို့ သွားပါတော့တယ်။
ဒီလို ကြည်လင် သွားတာနဲ့ တပြိုင်နက် အရင်က အိုင်းယင်းတွေ အကြား ပိတ်မိနေ ခဲ့တဲ့ ဖိုတွန် တွေဟာလဲ ရုတ်တရက် လွတ်ထွက်သွားပြီး စကြာဝဠာ အနှံ့ကို ပြန့်နှံ့လို့ သွားပါတော့တယ်။
ဒီ ပြန်လည် ပေါင်းစည်းခြင်း ဖြစ်စဉ်ဟာ စကြာဝဠာရဲ့ ပုံပန်းကို အကြီးအကျယ် ပြောင်းလဲ သွားစေ ခဲ့ပါတယ်။ ဒီ့ မတိုင်မီက စကြာဝဠာဟာ အလင်း မပေါက်တဲ့ မိုင်းတွေနဲ့ ပိန်းပိတ် နေတဲ့ ဟင်းလင်းပြင်ကြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ ဖြစ်စဉ် အပြီးမှာတော့ ကြည်လင်တဲ့ အဆုံးအစမဲ့ ဟင်းလင်းပြင်ကြီး အဖြစ် ပြောင်းလဲ သွားခဲ့ပါတယ်။
ဒီ အပြောင်းအလဲမှာ လွတ်ထွက်လာ ခဲ့တဲ့ ဖိုတွန်တွေဟာ နှစ်သန်း ၁၃,၀၀၀ ကျော် ကြာပြီးတဲ့ နောက်ထိ စကြာဝဠာ အနှံ့ ဆက်လက် ခြေဆန့် နေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် စကြာဝဠာ ပြန့်ကားမှုကြောင့် အလင်း ဖိုတွန်ရဲ့ လှိုင်းအလျားဟာ ဆန့်ထွက် သွားခဲ့ပါတယ်။ ဒါ့ကြောင့် ဒီ အလင်း ဖိုတွန်တွေဟာ အလင်း အနေနဲ့ မရှိ ကြတော့ပဲ မိုက်ကရို လှိုင်းတွေ (microwave) အနေနဲ့ ပြောင်းလဲ သွားခဲ့ပါတယ်။
ဒီ မိုက်ကရို လှိုင်းတွေကို Cosmic Microwave Background စကြာဝဠာ နောက်ခံ မိုက်ကရို လှိုင်းတွေ အနေနဲ့ ကမ္ဘာကနေ ဖမ်းယူ ရရှိ နိုင်ပါတယ်။
ဒီလို ကြည်လင် သွားခဲ့သည့်တိုင်အောင် အဲ့ခေတ်က စကြာဝဠာ ထဲမှာ အလင်း ထုတ်ပေးနိုင်တဲ့ ကြယ်တွေ မမွေးဖွား လာသေးပါဘူး။ ဒါ့ကြောင့် ဒီကာလ စကြာဝဠာ ကြီးဟာ မှောင်အတိ ဖုံးလွှမ်းလို့ နေပါသေးတယ်။
စကြာဝဠာရဲ့ သက်တမ်း နှစ် သန်း ၃၀၀ လောက် အကြာမှာတော့ စကြာဝဠာရဲ့ ပထမဆုံး ကြယ်တွေ စတင် မွေးဖွားလို့ လာခဲ့ပါတယ်။ ဒီ အချိန်ကျမှ စလို့ စကြာဝဠာ ကြီးဟာ ကြယ်တွေ၊ ဂလက်ဆီ တွေက အလင်းနဲ့ တောက်ပ လာခဲ့တာ ဖြစ်ပါတယ်။
ဒီ ကနဦး ကြယ်တွေနဲ့ အခြား ရှာဖွေ တွေ့ရှိခြင်း မရှိသေးတဲ့ အရာဝတ္ထုတွေက ပြန်လည်ပေါင်းစည်းခြင်း ကာလက ဖြစ်ပျက်ခဲ့တာ တွေကို ပြန်လည် ဖျက်ဆီး ပစ် ကြပြန်ပါတယ်။ ဒီ ကနဦး ကြယ်တွေဟာ ပြန်လည်ပေါင်းစည်း ခြင်းကြောင့် ဖြစ်လာတဲ့ ဟိုက်ဒြိုဂျင် နဲ့ ဟီလီယမ် အက်တမ်တွေရဲ့ အူတိုင် (nucleus, နျူကလိယတ်စ်) နဲ့ သူ့ကို ပတ်နေ ကြတဲ့ အီလက်ထရွန် တွေကို ပြန်ပြီး ခွဲထုတ် ပစ်လိုက် ကြပါတယ်။
ဒီလို အီလက်ထရွန် ဆုံးရှုံးသွားတဲ့ အက်တမ်တွေဟာ အဖိုဓါတ် ဆောင်တဲ့ အိုင်ယွန်းတွေ ဖြစ်လာ ကြပါတယ်။ ဒီဖြစ်စဉ်ကို “အိုင်းယွန်း ပြန်လည် ဖန်တီးခြင်း (reionization) လို့ ခေါ်ပါတယ်။
ဒီ reionization ကာလဟာ Big Bang အပြီး နှစ် သန်း ၁၀၀၀ လောက် အထိ ကြာမြင့် ခဲ့ပါတယ်။ ဒါပေမယ့် ဒီ ကာလမှာ တော့ ပြန်လည်ပေါင်းစည်းခြင်း ဖြစ်စဉ် မတိုင်မီ တုန်းကလိုမျိုး စကြာဝဠာကြီးဟာ အလင်း မဖြတ်နိုင်ပဲ အလင်းပိတ် သွားတာမျိုးတော့ ပြန်မဖြစ် တော့ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ အခု အချိန်မှာတော့ စကြာဝဠာဟာ အတော်လေး ကျယ်ပြန့် နေပြီး အိုင်းယင်းမှုန် တွေက အရင်လောက် သိပ်သည်းမှု မရှိတော့ပဲ နေရာ အနှံ့မှာ ပြန့်ကျဲ နေတာကြောင့် ဖြစ်ပါတယ်။
တဖြည်းဖြည်းနဲ့ အစောဦး ကြယ်တွေဟာ တစ်စင်းနဲ့ တစ်စင်း ဆွဲငင်အားကြောင့် နီးကပ်စွာ စုစည်းမိပြီး ဂလက်ဆီ ကြယ်စုတွေ ဖြစ်လာ ကြပါတယ်။ ဒီ ဂလက်ဆီ တွေထဲမှာ ကြယ်သစ်တွေ မွေးဖွား လာခဲ့ပြီး ဒီ ကြယ်တွေကို ပတ်နေတဲ့ ဂြိုဟ်တွေလဲ ဖွားမြင် လာကြပါတယ်။
ဒီ့နောက်မှာတော့ ကမ္ဘာလို့မျိုး သဘာဝ ပတ်ဝန်းကျင် သမမျှတတဲ့ ဂြိုဟ်တွေ ပေါ်မှာ အသက်ဇီဝ ဖြစ်ထွန်းလာပြီး ယနေ့ ကျွန်တော်တို့ မြင်နေရတဲ့ စကြာဝဠာ အဖြစ် တဖြည်းဖြည်း ပြောင်းလဲလို့ လာခဲ့တာပဲ ဖြစ်ပါတယ်။
Ref: The Big Bang: What really happened at our universe’s birth? | Space