Skip to content

နေအဖွဲ့အစည်းရှိ ဂြိုလ်များနဲ့ တူတဲ့ ဂြိုလ်အချို့ အိမ်နီးချင်းကြယ်တွင် ရှာဖွေတွေ့ရှိ

  • Space
နေအဖွဲ့အစည်း ပြင်ပ အိမ်နီးနားချင်း ကြယ်တစ်ခုမှ ဂြိုလ်များတွေ့ရှိ

ကျွန်တော်တို့ နေအဖွဲ့အစည်းထဲက အချို့သော ဂြိုလ်တွေနဲ့ တူတဲ့ ဂြိုလ်အချို့ကို ကျွန်တော်တို့ရဲ့ မလှမ်းမကမ်းမှာ ရှိနေတဲ့ အိမ်နီးနားချင်း ကြယ်တလုံးမှာ သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိ ခဲ့ပါတယ်။ ဒီဂြိုလ်တွေကို ချီလီ (Chile) နိုင်ငံမှာ ရှိနေတဲ့ ဥရောပတောင်ပိုင်း နက္ခတ္တ လေ့လာရေးဌာနရဲ့ နက္ခတ်တာရာကြည့် မှန်ပြောင်းကြီး (European Southern Observatory’s Very Large Telescope) ကနေ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဒီကြယ်ကို L 98-59 လို့ ပညာရှင်တွေက အမည်ပေး ထားကြပါတယ်။ ဒီကြယ်ဟာ ကမ္ဘာကဆို အလင်းနှစ် ၃၅ နှစ်ပဲ ဝေးပါတယ်။ အာကာသ အတိုင်းအတာ အရဆိုရင်တော့ အတော်လေး နီးတာပေါ့ဗျာ။ တွေ့ရှိချက်အရ ဒီကြယ်ကို ပတ်နေတဲ့ ဂြိုလ်ပေါင်း ၅ စင်းလောက် ရှိမယ်လို့ ဆိုပါတယ်။ အဲ့သည် ဂြိုလ်တွေထဲမှာ ပင်လယ်ရေတွေနဲ့ ပြည့်နေတဲ့ ဂြိုလ်တစ်စင်းနဲ့ အသေးငယ် အပေါ့ပါးဆုံး ဂြိုလ်တစ်စင်းတို့လဲ ပါပါတယ်။ ဒီ ပင်လယ်ပြင်နဲ့ ပြည့်နေတဲ့ ဂြိုလ်မှာ သက်ရှိတွေ အသက်ရှင် နေထိုင်နိုင်ဖို့ အခွင့်အလမ်းလဲ ရှိနေပါတယ်။

ဒီတွေ့ရှိချက်တွေကို ပြီးခဲ့တဲ့ သောကြာနေ့က the journal Astronomy & Astrophysics မှာ တင်ပြတာ ဖြစ်ပါတယ်။

၎င်းကြယ်အား ပတ်နေသည့် ဂြိုလ်များအနက် ဂြိုလ် ၃ စင်းပေါ်တွင် ရေရှိနေနိုင်သည်ဟု ဆိုပါတယ်။ ကြယ်နဲ့ ကပ်နေတဲ့ ဂြိုလ်နှစ်စင်းကတာ့ ခြောက်သွေ့နေပြီး ကျောက်သားတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားပုံ ရပါတယ်။ ရေရှိခဲ့မယ် ဆိုရင်တောင် နည်းနည်းလေးပဲ ရှိမယ့်ပုံစံပါပဲ။ ဒီ ဂြိုလ်တွေဟာ ကြယ်နဲ့ အတော်နီးနေတာမို့ ရာသီဥတုကလဲ ပူနွေးတဲ့ ရာသီဥတု ပတ်ဝန်းကျင် ရှိနေမယ်လို့ ယူဆရပါတယ်။

L98-59 ကြယ်ကို ပတ်နေတဲ့ ဂြိုဟ်တွေရဲ့ အရွယ်ကို ကမ္ဘာ နဲ့ မားစ် ဂြိုဟ်တွေနဲ့ ယှဉ်ပြထားပုံ
(Credits: NASA’s Goddard Space Flight Center)

တတိယမြောက် နေရာမှာရှိနေတဲ့ ဂြိုလ်ကတော့ ဂြိုလ်ဒြပ်ထုရဲ့ ၃၀% လောက်က ရေတွေ ပါတဲ့။ ဒီလောက်တောင် ရေတွေများတာမို့ ဒီဂြိုလ်ဟာ ပင်လယ်နဲ့ ပြည့်နေတဲ့ ဂြိုလ်တစ်ခု ​(Ocean World) ဖြစ်ဖို့ များပါတယ်။

ဒီ ဂြိုလ်ပ ၃ လုံးကို ပထမဆုံး ရှာတွေ့ခဲတာက ၂၀၁၉ ခုနှစ်က နာဆာရဲ့ နေအဖွဲ့အစည်း ပြင်ပက ဂြိုလ်များ ရှာဖွေရေး စီမံကိန်း (planet-hunting TESS mission, or Transiting Exoplanet Survey Satellite) ကနေ ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။ ဒီ စီမံကိန်းမှာ အာကာသထဲ လွှတ်တင်ထားတဲ့ မှန်ပြောင်ကို အသုံးပြုပြီး ကြယ်တွေကို ပတ်နေတဲ့ ဂြိုလ်တွေကို ရှာဖွေခြင်း ဖြစ်ပါတယ်။ ရှာဖွေတဲ့ အခါ ကြယ်တစ်စင်းရဲ့ အရှေ့ကနေ ဂြိုလ်တစ်စင်းဖြတ်သွားရင် ကြယ်ရဲ့ အရောင် မှိန်သွားတာကို မူတည်ပြီးရှာဖွေတာ ဖြစ်ပါတယ်။

နက္ခတ္တ ပညာရှင်တွေ အတွက် နောက်တစ်နည်းကိုလဲ သုံးပြီးတော့ ပြင်ပက ဂြိုလ်တွေကို ရှာဖွေနိုင်ပါတယ်။ ဒါကတော့ Radial Velocity ဆိုတဲ့ ရူပဗေဒ သဘောထားကို သုံးပြီးး ရှာတာ ဖြစ်ပါတယ်။ အကြမ်းဖျင်း ပြောရရင် နေပေါ်ကို သူ့ရဲ့ ပတ်လမ်းထဲက ဂြိုလ်တွေကလဲ ဆွဲငင်အား သက်ရောက်ပါတယ်။ ဒီဂြိုလ်တွေ ပတ်နေတဲ့အတွက် နေတွေရဲ့ လည်ပတ်မှုဟာ ညီညီညာညာ မဟုတ်တော့ပဲ ခါနေပါတယ်။ ဘာနဲ့ တူလဲဆိုတော့ ကျွန်တော်တို့ ဂျင်ပေါက်လိုက်ရင် ပထမတော့ ဂျင်က ဖြောင့်ဖြောင့် လည်နေပေမယ့် အရှိန်နှေးလာရင် ခါယမ်းလာ သလိုပါပဲ။ ​အပေါ်က ပြောခဲ့တဲ့ ၂၀၁၉ က နာဆာရဲ့ TESS မစ်ရှင်က ရတဲ့ အချက်အလက်တွေကို အခု ချီလီက ရတဲ့ အချက်အလက်တွေနဲ့ ပေါင်းစပ်ပြီး အဖြေထုတ်ထားတာ ဖြစ်ပါတယ်။

ဒီနည်းနဲ့ စစ်ဆေးလိုက်တော့ အထက်ပါ ကြယ်ရဲ့ အနီးဆုံးမှာ ရှိတဲ့ ဂြိုလ်ဟာ သောကြာဂြိုလ်ရဲ့ တစ်ဝက်လောက်ပဲ ဒြပ်ထုရှိပါတယ်တဲ့။ ဒါဟာ နေစကြာဝဠာ ပြင်ပက တွေ့ရှိခဲ့သမျှ ဂြိုလ်တွေထဲမှာတော့ အသေးငယ်ဆုံး ဂြိုလ်ဖြစ်ပါတယ်။

ဒီစုံစမ်းလေ့လာမှုမှာပဲ အမှတ် (၄) ဂြိုလ်ကိုလဲ တွေ့ရှိရပါတယ်။ နောက်ပြီး ၅ ခုမြောက်ဂြိုလ် လို့ ယူဆဖွယ်ရာ အချက်အလက်တွေကိုလဲ​တွေ့ရှိခဲ့ပါသေးတယ်။။ ဒီ ၅ ခုမြောက် ဂြိုလ်ဟာ ရှိခဲ့မယ် ဆိုရင် နေနဲ့ မနီးလွန်း မဝေးလွန် သင့်တော်တဲ့ အကွာအဝေးကနေ ပါတ်နေတာ ဖြစ်နိုင်ပါတယ်။ ဒီအကွာအဝေးကို သတ္တဝါတွေ အသက်ရှင်နိုင်ဖို့ သင့်တော်တဲ့ အခြေအနေတွေ ရှိတဲ့ habitable zone ခေါ် အသက်ရှင်ရပ်တည်နိုင်တဲ့ ဇုန် လို့ သတ်မှတ်ပါတယ်။

ဒီ habitable zone ခေါ် အသက်ရှင်သန်နိုင်တဲ့ zone မှာ ရှိနေတဲ့ ဂြိုလ်တွေပေါ်မှာ သက်ရှိတွေ အသက်ရှင်သန်ဖို့ သင့်တော်တဲ့ လေထု ရှိနေနိုင်ပါတယ်။

ယခုလက်ရှိတွေ့ရှိရတဲ့ ဂြိုလ်တွေ ရှိနေတဲ့ နေအဖွဲ့အစည်းဟာ နာဆာရဲ့ ဒီ အောက်တိုဘာမှာ ပစ်လွှတ်မယ့် James Webb Space Telescope အာကာသ နက္ခတ်တာရာ မှန်ပြောင်းကြီး အတွက် လေ့လာစရာ နေရာတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဥရောပတောင်ပိုင်း နက္ခတ္တဗေဒ ဌာနရဲ့ ၂၀၂၇ မှာ ချီလီ နိုင်ငံမှာ အသစ်ဖွင့်လှစ်မယ့် မဟာနက္ခတ် တာရာမှန်ပြောင်းကြီး (European Southern Observatory’s Extremely Large Telescope) အတွက် လေ့လာစရာ နေရာ တစ်ခုလဲ ဖြစ်လာမှာပါ။

ဒီ အပေါ်က မှန်ပြောင်းအသစ် နှစ်ခုစလုံးက အားအလွန် ကောင်းကြတာမို့ ဒီဂြိုလ်တွေရဲ့ လေထုထဲကို ဖောက်ထွင်းပြီး မြင်နိုင်ကြမှာ ဖြစ်ပါတယ်။ ဒါဆိုရင် ဒီဂြိုလ်တွေ ပေါ်မှာ သက်ရှိတွေ အသက်ရှင်နေကြခြင်း ရှိမရှိ ညွှန်ပြနေတဲ့ အချက်အလက် တချို့ ရကောင်းရလာနိုင်မှာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ဟာ နေအဖွဲ့အစည်း ပြင်ပက ဂြိုလ်တွေကို စိတ်ဝင်တစား လေ့လာခဲ့ကြတာ ကြာပါပြီ။ အခု ဒီမှန်ပြောင်းကြီးတွေ ပြီးရင်တော့ ဒီ ဂြိုလ်တွေကို အသေးစိတ် လေ့လာနိုင်တော့မှာ ဖြစ်ပါတယ်။ အထူးသဖြင့် အသက်ရှင်နိုင်တဲ့ အခြေအနေတွေ ရှိတဲ့ ပါတ်ဝန်းကျင်မှာ ရှိနေတဲ့ ဂြိုလ်တွေရဲ့ လေထုထဲကို မြင်ကြရ တော့မှာ ဖြစ်ပါတယ်” လို့ အထက်ပါ ဂြိုလ်များကို ရှာဖွေတွေ့ရှိခဲ့တဲ့ အဖွဲ့က သိပ္ပံပညာရှင် တစ်ဦးဖြစ်သူ အိုလီဗာ ဒီမန်ဂျီယို (Olivier Demangeon) က ပြောကြားလိုက်ပါတယ်။

Reference: Planets similar to those in our solar system found around nearby star

Advertisement