Skip to content

မစ်ကီးဝေး ဂလက်ဆီ ထဲမှာ သက်ရှိတွေ ရှိနေနိုင်တဲ့ ဂြိုလ်ဘယ်လောက်များလဲ

  • Space
Milky Way Galaxy ထဲမှာ သက်ရှိတို့ ရှင်သန်နိုင်တဲ့ ဂြိုလ်ပေါင်း သန်း ၃၀၀ လောက် ရှိမယ်လို့ ခန့်မှန်းပါတယ်

ကျွန်တော်တို့ မှီတင်းနေထိုင်တဲ့ မစ်ကီးဝေး ဂလက်ဆီ ကြယ်စုကြီး (Milky Way Galaxy) မှာ ခန့်မှန်းချေ အားဖြင့် ကြယ်တွေကို ပတ်နေတဲ့ ဂြိုလ်ပေါင်း အလုံး ၁၀၀ ဘီလီယံ လောက် ရှိပါတယ်။ တစ်ဘီလီယံ က သန်းတစ်ထောင်နဲ့ ညီမျှတာ ဆိုတော့ ဘီလီယံ တစ်ရာ ဆိုတာ ဘယ်လောက်တောင် များလိုက်မယ့် ဂြိုလ်တွေလဲ ဆိုတာ စဉ်းစား ကြည့်ပေါ့ဗျာ။ အခုလက်ရှိ သိပ္ပံ ပညာရှင်တွေ ကြားမှာ သိချင်နေတာကတော့ ဒီ ဂြိုလ်တွေထဲက ဂြိုလ်ဘယ်နှစ်လုံးလောက်ဟာ သက်ရှိတွေ ရှင်သန်နိုင်ဖို့ သင့်တော်တဲ့ သဘာဝ ပတ်ဝန်းကျင်တွေ ရှိနေကြမလဲ ဆိုတာပဲ ဖြစ်ပါတယ်။

ယခု နောက်ဆုံး သုတေသန စာတမ်း တစ်စောင် အရဆိုရင် ကျွန်တော်တို့ရဲ့ မစ်ကီးဝေး ဂလက်ဆီ ကြီးထဲမှာ သက်ရှိတွေ ရှင်သန်ဖွံ့ဖြိုးနိုင်ဖို့ သင့်တော်တဲ့ သဘာဝ ပတ်ဝန်းကျင် ရှိတဲ့ ဂြိုလ်ပေါင်း သန်း ၃၀၀ လောက် ရှိမယ်လို့ ဆိုပါတယ်။ အဲ့သည် ဂြိုလ်တွေထဲက အချို့သော ဂြိုလ်တွေဟာ ဆိုရင် ကျွန်တော်တို့နဲ့သိပ်မဝေးလှဘူးလို့ ဆိုပါတယ်။

ဒီ သုတေသန စာတမ်းကို နက္ခတ္တ ဘာသာရပ်ဆိုင်ရာ ပညာရပ်ဂျာနယ် တစ်စောင်ဖြစ်တဲ့ The Astronomical Journal မှာ ဖေါ်ပြမှာ ဖြစ်ပါတယ်။ ဒီသုတေသနဟာ သက်ရှိတွေအတွက် သင့်လျှော်တဲ့ ဂြိုလ်တွေ အရေအတွက်နဲ့ ပတ်သက်လို့ ခန့်မှန်းချက်တွေ အနက် အတိကျဆုံး အပြည့်စုံဆုံး ခန့်မှန်းချက် တစ်ခု ဖြစ်တယ်လို့ ပညာရှင်တွေက ယူဆကြပါတယ်။

ဒီသုတေသန မတိုင်မီက ခန့်မှန်းချက်တွေဟာ ပြည်စုံလုံလောက်မှု မရှိတဲ့ အချက်အလက် တွေ အပေါ် အခြေခံပြီး ခန့်မှန်းထားချက်တွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် အချို့ ခန့်မှန်းချက်တွေမှာဆို သက်ရှိတွေ နေထိုင်နိုင်တဲ့ ဂြိုလ်ပေါင်းဟာ ဘီလီယံ ၄၀ လောက်ထိတောင် ရှိနိုင်တယ်လို့ ဆိုခဲ့ကြပါတယ်။

ယခု ခန့်မှန်းချက်ကတော့ ကက်ပလာ အာကာသ မှန်ပြောင်းကြီး (Kepler Space Telescope) ကြီးက ရရှိတဲ့ အချက်အလက်တွေနဲ့ ဂိုင်ယာ အာကာသ မှန်ပြောင်း (Gaia space observatory) တွေကနေ ရရှိတဲ့ အချက်တွေကို အခြေခံပြီး တွက်ချက်ထားတာ ဖြစ်ပါတယ်။ ဒီ တွက်ချက်မှုကို ဆောင်ရွက်ခဲ့တဲ့ သိပ္ပံ ပညာရှင်တွေကတော့ သူတို့ရဲ့ တွက်ချက်မှုက ပိုမိုတိကျတယ်လို့ ဆိုပါတယ်။

“ဒါဟာ နှစ်ပေါင်းများစွာ စုဆောင်ရရှိခဲ့တဲ့ သုတေသန တွေ့ရှိချက်တွေ အားလုံးကို စုစည်းပြီး ထည့်သွင်းတွက်ချက် ထားတာ ဖြစ်ပါတယ်။ ဒါ့ကြောင့်လဲ ကျွန်တော်တို့ တွက်ချက်လို့ ရရှိထားတဲ့ သက်ရှိတို့ နေနိုင်တဲ့ ဂြိုလ်အရေအတွက် ခန့်မှန်းမှုဟာ ယုံကြည်စိတ်ချရတဲ့ ကိန်းဂဏန်း တစ်ခု ဖြစ်ပါတယ်” လို့ ဒီသုတေသနမှာ ပါဝင်တဲ့ သူတစ်ဦးဖြစ်တဲ့ ဂျက်ဖ် ကောက်လင်း (Jeff Coughlin) ကပြောပါတယ်။ သူဟာ ကက်ပလာ သိပ္ပံ ဌာန ရဲ့ အကြီးအကဲ တစ်ဦးလဲ ဖြစ်ပါတယ်။

ဂြိုလ်တစ်ခုပေါ်မှာ သက်ရှိတွေ နေထိုင်နိုင်မယ့် သဘာဝ ပတ်ဝန်းကျင် ရှိတယ် မရှိဘူး ဆိုတာကို ပညာရှင်တွေက အောက်ပါ အချက် (၃) ချက်နဲ့ ချိန်ထိုးပြီး ဆုံးဖြတ်လေ့ ရှိပါတယ်။

(၁) ဒီဂြိုလ်ဟာ ကမ္ဘာနဲ့ အရွယ်အစား မတိမ်းမယိမ်း ရှိခြင်း – ကမ္ဘာနဲ့ အရွယ် သိပ်မကွာတဲ့ ဂြိုလ်တွေ ဟာ အများအားဖြင့် အောက်ခံ ကျောက်သားနဲ့ ဖွဲ့စည်းတည်ဆောက် ထားတတ်လေ့ ရှိပါတယ်။

(၂) ကျွန်တော်တို့ နေနဲ့ သက်တမ်းနဲ့ အပူချိန် သိပ်မကွာတဲ့ ကြယ်ကို ပတ်နေခြင်း – သက်ရှိတွေ ဖြစ်ထွန်းလာဖို့ အချိန် အတိုင်းအတာ တစ်ရပ် လိုပါတယ်။ သက်တမ်း သိပ်နုလွန်းတဲ့ ကြယ်အဖွဲ့အစည်းတွေမှာ သက်ရှိတွေ ဖြစ်ထွန်းနိုင်ဖို့ လုံလောက်တဲ့ အချိန် မရနိုင်သေးပါဘူး။ နောက်ပြီး အပူချိန် ပူလွန်း အေးလွန်းရင်လဲ သက်ရှိတွေ ဖြစ်ထွန်းနိုင်မှုကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။

(၃) သက်ဆိုင်ရာ ဂြိုလ်ပေါ်မှာ ရေ ရှိနိုင်တဲ့ အခြေအနေ ရှိမရှိ – ရေဟာ သက်ရှိတွေ ဖြစ်ထွန်းရှင်သန်နိုင်ဖို့ မရှိမဖြစ် လိုအပ်တဲ့ အရာဖြစ်တယ်လို့ သိပ္ပံ ပညာရှင်တွေက အခိုင်အမာ ယုံကြည်ကြပါတယ်။

နေအဖွဲ့အစည်း ပြင်ပက ဂြိုလ်တွေဟာ ပုံစံ အမျိုးမျိုး အရွယ် အမျိုးမျိုး ရှိကြပါတယ် (Photo: NASA)

ယခင်က ပြုလုပ်ခဲ့တဲ့ ခန့်မှန်းမှုတွေ အားလုံးမှာ သက်ဆိုင်ရာ ဂြိလ်တစ်လုံးဟာ သူ့ရဲ့ မိခင် ကြယ်နဲ့ ဘယ်လောက်ဝေးသလဲ ဆိုတာ တစ်ခုထဲကိုပဲ ကြည့်ရှုပြီး ခန့်မှန်း တွက်ချက်ထားခဲ့ကြတာ ဖြစ်ပါတယ်။ ဒီနည်းက ပြောရရင်တော့ အတော်လေး အကြမ်းတွက်ထားတဲ့ နည်းလို့ ပြောလို့ ရပါတယ်။ ဒီနည်းနဲ့ တွက်လို့ရတဲ့ အဖြေကလဲ သိပ်ပြီး ရေရာ တိကျမှု မရှိတဲ့ ခန့်မှန်းခြေ တစ်ခုပဲ ဖြစ်ပါတယ်။ 

အခု သုတေသန မှာတော့ နေက အကွာအဝေးထက် ဂြိုလ်ပေါ်ကို နေရောင်ခြည် ဘယ်လောက် ကျရောက် သလဲ ဆိုတာကို ကြည့်ပြီး သမမျှတတဲ့ ရာသီဥတု ပတ်ဝန်းကျင် ရှိမရှိကို တွက်ချက်ထားတာပါ။ ပထမဆုံး ကက်ပလာ အာကာသ မှန်ပြောင်းကြီးကနေပြီး ကြယ်တစ်စင်းရဲ့ သင့်တော်တဲ့ အကွာအဝေးမှာ ပတ်နေတဲ့ ဂြိုလ်ရှိမရှိ ဆိုတာကို အရင် လေ့လာပါတယ်။ ဂိုင်ယာ မှန်ပြောင်းကြီးကတော့ ဒီဂြိုလ်ပေါ်ကို နေရောင်ဘယ်လောက် ကျရောက်သလဲ ဆိုတာကို မိခင်ကြယ်ရဲ့ လှုပ်ရှားမှု၊ တည်နေရာ အနေအထားနဲ့ ဂြိုလ်ကနေ အကွာအဝေး ဘယ်လောက်ရှိလဲ ဆိုတာ တွေ ပေါ် မူတည်ပြီး တွက်ချက်ပါတယ်။ 

ဒီတွက်ချက်မှုတွေ အရ မစ်ကီးဝေး ဂလက်ဆီ ကြီးထဲမှာ သက်ရှိတွေ ရှင်သန်ပေါက်ဖွားနိုင်ဖို့ သဘာဝ ပတ်ဝန်းကျင် အခြေအနေ ရှိတဲ့ ဂြိုလ်ပေါင် သန်း ၃၀၀ လောက် ရှိမယ်လို့ ခန့်မှန်းပါတယ်။ ဒီအထဲက အချို့သော ဂြိုလ်တွေဟာ နေကနေ အလင်းနှစ် ၃၀ လောက်ပဲ ဝေးတယ်လို့ ဆိုပါတယ်။

အခုထက် ထိတော့ ပညာရှင်တွေဟာ မစ်ကီးဝေး ဂလက်ဆီ ကြီးထဲမှာ ဂြိုလ်ပေါင်း ၄၀၀၀ လောက်ကို ရှာဖွေ တွေ့ရှိ ထားပါတယ်။ ဒါ့အပြင် နောက် ထပ် ဂြိုလ်ဖြစ်နိုင်တဲ့ အရာဝတ္ထု ၃၀၀၀ လောက်ကိုလဲ ထပ်မံရှာဖွေ တွေ့ရှိထားကြပါသေးတယ်။ ဒီအထဲက အချို့ဂြိုလ်တွေမှာ သက်ရှိတွေ ရှင်သန်ဖို့ သင့်တော်တဲ့ သဘာဝ ပတ်ဝန်းကျင် ရှိနေနိုင်တဲ့ လက္ခဏာတွေကိုလဲ တွေ့ရှိထားပါတယ်။ ဒါပေမယ့် တကယ် သက်ရှိတွေ ရှိနေ မနေ ဆိုတာ သိနိုင်ဖို့ကတော့ အလွန်ခက်ခဲတဲ့ ကိစ္စတစ်ရပ် ဖြစ်ပါတယ်။

“မတူညီတဲ့ ကြယ်တွေက မတူညီ တဲ့ ဂြိုလ်တွေမှာလဲ တူညီတဲ့ အချက်တွေ ရှိနေပါတယ်။ ဒီအချက်ကို သေသေချာချာ နားလည်သိရှိမယ်ဆို နောက်လုပ်မယ့် နေအဖွဲ့အစည်း ပြင်ပက ဂြိုလ်ရှာဖွေရေး စီမံကိန်းကို ပြင်ဆင်ရာမှာ အများကြီး အထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်” လို့ ဒီ သုတေသနမှာ ပါဝင်တဲ့ ဆက်ဆာချူးဆက် စက်မှု တက္ကသိုလ် (Massachusetts Institute of Technology,  MIT) က သုတေသီ မိုက်ကယ် ကူနီမိုတို (Michelle Kunimoto) က ပြောပါတယ်။

“နေနဲ့တူတဲ့ ကြယ်တွေနားက ဂြိုလ်တွေရဲ့ သက်ရှိတွေ နေထိုင်နိုင်စွမ်း ကို လေ့လာမယ့် သုတေသနကြီး တစ်ခုအတွက် ကျွန်တော်တို့ရဲ့ တွေ့ရှိချက်ဟာ အလွန်ပဲ အရေးပါပါတယ်” လို့ သူက အဆုံးသတ် အနေနဲ့ ပြောကြားခဲ့ပါတယ်။

Reference: SCIENTISTS PINPOINT HOW MANY PLANETS IN THE MILKY WAY COULD HOST LIFE

Advertisement