Skip to content

မေ ၃၁ မှာ မြင်တွေ့ရ နိုင်တဲ့ ကြယ်မိုး

  • Space

အခု လာမယ့် မေလ ၃၁ ရက် ညမှာ ကြယ်မိုးရွာတာကို မြင်တွေ့ ရနိုင်တယ်လို့ နက္ခတ် ပညာရှင် တွေက ခန့်မှန်းချက် ထုတ်ပြန် လိုက်ပါတယ်။

တော် ဟာကျူးလစ် (tau Herculids) လို့ အမည် ပေးထားတဲ့ ဒီ ကြယ်မိုးဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်ခု အတွင်းမှာ အကြီးဆုံး ကြယ်မိုး ရွာမှု ကြီး ဖြစ်လာနိုင်တယ် လို့လဲ အချို့ နက္ခတ် ပညာရှင် တွေက ခန့်မှန်း နေကြပါတယ်။

ကြယ်မိုး ရွာတယ် ဆိုတာဘာလဲ

ကြယ်မိုး ရွာတယ် ဆိုတာ တကယ်တော့ ကောင်းကင်က ကြယ်တွေ ကြွေပြီး ပြုတ်ကျ လာတာ မဟုတ်ပါဘူး။ ဥက္ကာပျံ တွေ တစစီ ကြေမွပြီး ဖြစ်လာတဲ့ အမှုန် အမွှားတွေ ကမ္ဘာလေထုထဲ ဝင်လာတဲ့ အခါ မီးလောင်ကြွမ်းပြီး ကောင်းကင်ကနေ ကြယ်တွေ ကြွေကျ လာသလိုမျိုး မြင်ကြရတာ ဖြစ်ပါတယ်။ 

ကြယ်မိုး ရွာတာကို အရင် ကြယ်တံခွန် တွေ ကြေပျက်ပြီး ဖြစ်လာတဲ့ ဖုန်မှုန့်တွေ၊ ကျောက်ခဲမှုန် လေးတွေ ကမ္ဘာလေထုထဲ ဝင်လာရင်လဲ ဒီလို ကြယ်တွေ ကြွေကျတာမျိုး မြင်တွေ့ နိုင်မှာ ဖြစ်ပါတယ်။

အခု လာမယ့် မေ ၃၁ မှာ မြင်တွေ့ ကြရမယ့် ကြယ်မိုးကတော့ 73P/Schwassmann-Wachmann ကြယ်တံခွန် ကနေ ကြွင်းကျန်ရစ်တဲ့ အပိုင်းအစတွေ ကမ္ဘာ့ လေထုထဲ ဝင်လာပြီး ဖြစ်ပေါ်လာမယ့် ကြယ်မိုး ရွာကျမှုပဲ ဖြစ်ပါတယ်။

ဒီ ကြယ်တံခွန်ကို ပထမဆုံး ၁၉၃၀ မှာ ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။ ဒါပေမယ့် ၁၉၇၀ ကျမှပဲ နောက်တစ်ကြိမ် ပြန်လည် တွေ့ရှိ ခဲ့ပါတယ်။

၁၉၉၅ ခုနှစ် နောက်တခေါက် ပြန်လာတဲ့ အခါမှာတော့ ဒီ ကြယ်တံခွန်ရဲ့ ခေါင်းပိုင်းဟာ ၄ စိတ် ကွဲနေတာကို မြင်တွေ့ခဲ့ ကြရပါတယ်။

အဲ့သည်နောက် မှာတော့ ဒီ ကြယ်တံခွန်ရဲ့ ခေါင်းပိုင်းဟာ ပိုသေးတဲ့ အစိတ်အပိုင်း တွေ အဖြစ် တစ်စစီ ကွဲကြေ ထွက်လာတာကို တွေ့ရှိ ခဲ့ကြ ရပါတယ်။

၂၀၀၆ ခုနှစ် မှာတော့ ဒီ ကြယ်တံခွန်ဟာ အနည်းဆုံး အစိတ် ၇၀ လောက်ထိ ကွဲထွက် နေတာကို တွေ့ခဲ့ ကြရပါတယ်။

ကျွန်တော်တို့ ဘာသိသလဲ

နာဆာရဲ့ခန့်မှန်းချက် အရ ဒီ ကြယ်မိုးဟာ မေလ ၃၁ ရက်နေ့ ညနေဖက်မှာ မြင်တွေ့ ကြရမယ်လို့ ဆိုပါတယ်။

ကြယ်မိုး ရွာတာကို အဓိက အားဖြင့် ကမ္ဘာ့ မြောက်ခြမ်း ဒေသတွေက မြင်တွေ့ ကြရမယ်လို့ ခန့်မှန်း ထားကြပါတယ်။

ဒါပေမယ့် အခုထိတော့ နာဆာ ပညာရှင် တွေဟာ ဒီ ကြယ်မိုး ရွာတာ ဖြစ်လာမယ် မဖြစ်လာဘူး ဆိုတာကိုတော့ အတိအကျ ပြောကြား နိုင်ခြင်း မရှိကြ သေးပါဘူး။ ကြယ်မိုး ရွာတာ မရွာတာသည် ကြယ်တံခွန် ကနေ ပြုတ်ထွက်လာမယ့် အပိုင်းအစတွေ ဘယ်ပုံ ဘယ်နည်းနဲ့ ပြုတ်ထွက် လာ မလဲ ဆိုတဲ့ အပေါ် မူတည် နေပါတယ်။

နောက်ပြီး ကမ္ဘာ့ ဘယ်နေရာ ကနေ အဓိက မြင်တွေ့မလဲ ဆိုတာနဲ့ ပါတ်သက်ပြီးလဲ အတိအကျတော့ မပြောနိုင်ကြ သေးပါဘူး။ 

လက်ရှိ အချိန် ထိတော့ ဒီ ကြယ်မိုး ရွာတာကို ကမ္ဘာ့ အနောက်ခြမ်း ဒေသတွေက ညဖက် မှာ မြင်တွေ့ရ နိုင်ပြီး ကျန် ကမ္ဘာ့ ဒေသတွေ ကတော့ ညနေပိုင်း အချိန်မှာ မြင်တွေ့နိုင်မယ်လို့ ခန့်မှန်း ထားကြပါတယ်။

Advertisement