Skip to content

မိုဘိုင်းဖုန်း signal တွေဟာ ဂြိုဟ်သားတွေကို ကမ္ဘာရှိရာ လမ်းညွှန်ပေးနေတယ်

  • Space
mobile-signals-may-lead-aliens-to-earth

အကယ်လို့သာ ကမ္ဘာပြင်က မစ်ကီးဝေး ဂလက်ဆီ ထဲမှာ အဆင့်မြင့် နည်းပညာ ပိုင်ဆိုင်တဲ့ ဂြိုဟ်သားတွေ ရှိနေတယ် ဆိုပါစို့။ ဒီ ဂြိုဟ်သားတွေဟာ မစ်ကီးဝေး ဂလက်ဆီ ကြီးထဲမှာ သူတို့လို အသိဉာဏ်မြင့် အဆင့်မြင့် နည်းပညာ ပိုင်ဆိုင်တဲ့ အခြား သက်ရှိတွေ ရှိမလားလို့ ရှာဖွေနေကြမှာပဲ ဖြစ်ပါတယ်။ 

ဒီလိုသာ ရှာဖွေ နေ ကြမယ်ဆိုရင် ကျွန်တော်တို့ ကမ္ဘာက မိုဘိုင်းဖုန်း တာဝါတိုင် တွေက ထုတ်လွှင့်တဲ့ ရေဒီယို လှိုင်းတွေဟာ ဒီ ဂြိုဟ်သားတွေ ကမ္ဘာကို အလွယ်တကူ ရှာဖွေ တွေ့ရှိနိုင်ဖို့ လမ်းပြနေတဲ့ မီးပြတိုက် ကြီးတွေ သဖွယ် ဖြစ်နေလိမ့်မယ်လို့ သိပ္ပံ ပညာရှင် တွေက သတိပေး ထောက်ပြ လိုက်ကြပါတယ်။

လောလောလတ်လတ် တင်ပြလာတဲ့ သုတေသန စာတမ်း တစ်စောင်အရ အကယ်လို့သာ ကျွန်တော်တို့နဲ့ အနီးအနားက ကြယ်အဖွဲ့အစည်း တစ်ခုခု အတွင်းမှာ အဆင့်မြင့် ဂြိုဟ်သားတွေ ရှိနေခဲ့မယ် ဆိုရင် ကမ္ဘာပေါ်မှာ အဆင့်မြင့် သက်ရှိတွေ ရှိနေတာကို သူတို့အနေနဲ့ သိပြီးလောက်ပြီလို့ တင်ပြ ထားပါတယ်။ ဒီ ဂြိုဟ်သားတွေက ကမ္ဘာပေါ်က ထောင်သောင်းချီတဲ့ မိုဘိုင်းဖုန်း တာဝါတိုင် တွေက ထုတ်လွှင့်တဲ့ ရေဒီယို လှိုင်းတွေကို အလွယ်တကူပဲ ဖမ်းယူနိုင် ကြမယ်လို့ ဒီစာတမ်းမှာ ထောက်ပြ ထားပါတယ်။

တဖြည်းဖြည်း လူသားတွေရဲ့ နည်းပညာ အဆင့် မြင့်လာတာနဲ့ အမျှ ဒီ မိုဘိုင်း တာဝါတိုင် တွေက ထွက်တဲ့ ရေဒီယိုလှိုင်းတွေရဲ့ အားကလဲ ပိုပို များလာမှာ ဖြစ်ပါတယ်။ ဒီ့အတွက် အချိန်ကြာလာတာနဲ့ အမျှ ကမ္ဘာရဲ့ တည်နေရာကို ဂလက်ဆီ အနှံ့ ကနေ ရှာဖွေ တွေ့နိုင်ဖို့ ဆိုတာကလဲ​ ပိုပြီး လွယ်ကူ လာစေမှာ ဖြစ်ပါတယ်။

လက်ရှိ အချိန်မှာကို ပြင်ပက ကြည့်ရင် ကမ္ဘာဟာ ရေဒီယို လှိုင်းခွင်တွေမှာ အရမ်းကို တောက်ပလို့ နေပါပြီ။ ဒီအတိုင်း ဆက်သွားမယ် ဆိုရင် မစ်ကီးဝေး အတွင်းမှာ အဆင့်မြင့် နည်းပညာ ပိုင်ဆိုင်တဲ့  ဘယ် ဂြိုဟ်ကမ္ဘာကနေ မဆို ကမ္ဘာကို တွေ့မြင်နိုင်တော့မှာ ဖြစ်ပါတယ် လို့ ယူကေနိုင်ငံ မန်ချက်စတာ တက္ကသိုလ် Jodrell Bank Centre for Astrophysics ဌာနရဲ့ ဦးဆောင် ညွှန်ကြားရေးမှူး ဖြစ်သူ မိုက်ဂဲရက် (Mike Garrett) က ရှင်းပြပါတယ်။

ဂဲရက်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ထုတ်ဝေတဲ့ Monthly Notices of the Royal Astronomical Society သုတေသန ဂျာနယ်ကြီးမှာ ယခု စာတမ်းကို တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ သူဦးဆောင်တဲ့ သုတေသန အဖွဲ့ဟာ ဆဲလ်ဖုန်း တာဝါတွေက ထုတ်လွှင့်တဲ့ လှိုင်းတွေကို ကမ္ဘာ ပြင်ပ စကြာဝဠာ ထဲကနေ ဖမ်းယူဖို့ ဘယ်လောက်အထိ လွယ်ကူမလဲ​ဆိုတာ သုတေသန ပြုခဲ့ကြတာ ဖြစ်ပါတယ်။

သူတို့ရဲ့ သုတေသန အရ ကမ္ဘာကနေ မြောက်များလှစွာသော ရေဒီယို လှိုင်းတွေ ထုတ်လွှင့်နေပြီး ဒီ အထဲကမှ မိုဘိုင်း တာဝါတိုင်တွေ၊ ဂြိုဟ်တု ဆက်သွယ်ရေး စနစ်တွေ နဲ့ အင်တာနက် ဆက်ကြောင်းတွေကနေ အားကောင်းတဲ့ ရေဒီယို အချက်ပြ လှိုင်းတွေ အားကာသ ထဲကို အချိန်ပြည့် ယိုထွက်နေတာကို တွေ့ရှိခဲ့ ကြပါတယ်။

ဒီ ရေဒီယို အချက်ပြ လှိုင်းတွေဟာ အနီးပတ်ဝန်းကျင် ကြယ်တွေ ဂြိုဟ်တွေဆီကို အမြောက်အများ ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ ဒီ အချက်ပြလှိုင်းတွေ ကို အဝေးကနေ ဖမ်းယူနိိုင်ဖို့ ကတော့ ကမ္ဘာက လက်ရှိ ပိုင်ဆိုင်တဲ့ ဆက်သွယ်ရေး လှိုင်းဖမ်း စနစ်တွေထက် အတန်ငယ် ပိုအားကောင်းတဲ့ ဖမ်းစက်တွေ လိုအပ်မယ်လို့ ဆိုပါတယ်။

ဒါပေမယ့် တဖြည်းဖြည်း လှိုင်းတွေရဲ့ အင်အား ကောင်းလာတာနဲ့ အမျှ ပြင်ပဂြိုဟ်တွေ ကနေ အထူး ကိရိယာတွေ မလိုပဲ ဖမ်းယူနိုင်မယ့် အချိန် ရောက်လာဖို့ မဝေးတော့ဘူး ဆိုတာကို သုတေသီ တွေက ထောက်ပြ ထားပါတယ်။

“ကမ္ဘာ အပြင်ဖက်မှာ အဆင့်မြင့် သက်ရှိတွေ ရှိနေနိုင်တဲ့ အခွင့်အလမ်းဟာ အတော်လေး များပါတယ်။ ဒီ အထဲက အချို့ဟာ ကမ္ဘာပေါ်က လူသားတွေ ဆီက ထွက်ပေါ်လာတဲ့ ရေဒီယို လှိုင်းတွေကို ဖမ်းယူနိုင်တဲ့ နည်းပညာတွေ ပိုင်ဆိုင်ထားကြမှာပါ” လို့ ဒီစာတမ်းကို ပူးတွဲ ရေးသားတဲ့ နက္ခတ် ပညာရှင် တစ်ဦးဖြစ်သူ Nalini Heeralall-Issur က မှတ်ချက် ပြုထားပါတယ်။

Ref: ‘Leaking’ cell phone towers could lead aliens straight to Earth, new study suggests | Live Science

Advertisement