Skip to content

စကြာဝဠာရဲ့ မူလအစကို ရှာဖွေပေးမယ့် James Webb တယ်လီစကုပ်ကြီး

  • Space
James Webb Telescope ကြီးဟာ စကြာဝဠာရဲ အဦးပိုင်းကို မြင်တွေ့ကြရမှာ ဖြစ်ပါတယ် (Image credit: Northrop Grumman)

နာဆာ အာကာသ အေဂျင်စီက တည်ဆောက်တဲ့ အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံ တန်ဖိုးရှိ James Webb အာကာသ တယ်လီစကုပ်ကြီးကို ဒီကနေ့ အောင်မြင်စွာ လွှတ်တင် နိုင်ခဲ့ပါတယ်။ ဒါဟာ လွှတ်တင်ခဲ့ ဖူးသမျှ အာကာသ တယ်လီစကုပ် တွေထဲမှာ အကြီးဆုံး တယ်လီစကုပ်ကြီး ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒီ တယ်လီစကုပ်ကြီးနဲ့ စကြာဝဠာရဲ့ အစပိုင်းက ဖြစ်ထွန်းခဲ့တဲ့ ဂလက်ဆီ တွေကိုတောင် တွေ့မြင် လေ့လာနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

ဒီ James Webb အာကာသ တယ်လီစကုပ်ကြီး ကို သယ်ဆောင်ထားတဲ့ Ariane 5 ဒုံးပျံကို ဥရောပ သမဂ္ဂရဲ့ အာကာသ လွှတ်တင်ရေး စခန်းဖြစ်တဲ့ ပြင်သစ်ပိုင် ဂီယာနာ ကျွန်းပေါ်က ကိုရူး စခန်းကနေ လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။ ဒုံးပျံ လွှတ်တင်တဲ့ အချိန်က မြန်မာ စံတော်ချိန် နဲ့ဆို ခရစ်စမတ်နေ့ ညနေ ၆:၅၀ အချိန် ဖြစ်ပါတယ်။

နာဆာကတော့ ဒါဟာ တစ်သက်မှာ တစ်ခါလို့ ပြောရမယ့် မစ်ရှင် တစ်ခု ဖြစ်တယ်လို့ ဂုဏ်ယူဝင့်ကြွားစွာ ပြောကြား ခဲ့ပါတယ်။ 

James Webb အာကာသ တယ်လီစကုပ် ဟာ နာဆာက အာကာသထဲ လွှတ်တင် ခဲ့သမျှ ဂြိုဟ်တုနဲ့ အာကာသ ယာဉ်တွေ အားလုံးထဲမှာ အရှုပ်ထွေးဆုံး အရာ ဝတ္ထု ဖြစ်ပါတယ်။ ဒါတင် မကသေးပါဘူး၊ အမေရိကန် ပြည်ထောင်စုက အကောင်အထည် ဖေါ်ခဲ့တဲ့ သိပ္ပံ သုတေသန သီးသီးသန့်သန့် စီမံကိန်း တွေထဲမှာ အကြီးမားဆုံး စီမံကိန်းကြီးလဲ ဖြစ်ပါတယ်။

“ဒီ စီမံကိန်းသာ အောင်မြင်ရင် စကြာဝဠာကြီးရဲ့ လှို့ဝှက်ချက် တွေကို ဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်” လို့ နာဆာရဲ့ တာဝန်ရှိ သူတစ်ဦး ဖြစ်တဲ့ ဘီ နယ်လ်ဆင် (Bill Nelson) က သတင်းထောက်တွေကို ပြောကြား ခဲ့ပါတယ်။

နှစ် ၃၀ စီမံကိန်း

ဒီ ဂျိမ်းစ်ဝက်ဘ် တယ်လီစကုပ်ကြီး စီမံကိန်းဟာ နှစ် ၃၀ တောင် ကြာမြင့်ခဲ့တဲ့ စီမံကိန်းကြီး ဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်မှာ နက္ခတ် ပညာရှင် တစ်စုဟာ ဟတ်ဘယ် တယ်လီစကုပ်ကြီး သက်တမ်းကုန်သွားရင် အစားထိုးဖို့ တယ်လီစကုပ် တစ်စင်း တည်ဆောက်ကြဖို့ တိုင်ပင် ဆွေးနွေးရာက ဒီ စီမံကိန်း စတင် ပေါက်ဖွားလာ ခဲ့တာ ဖြစ်ပါတယ်။

အဲ့သည် အချိန်က အမှန်က ဟတ်ဘယ် တယ်လီစကုပ်ကြီးတောင် မလွှတ်တင်ရ သေးပါဘူး။ ဒါပေမယ့် ဧရာမ တယ်လီ စကုပ်ကြီးတွေကို တည်ဆောက်ရတာ အချိန် အလွန် ကြာပါတယ်။ ဒါ့ကြောင့် နက္ခတ် ပညာရှင် တွေဟာ တယ်လီစကုပ် တွေနဲ့ ပါတ်သက်ရင် နှစ် ၁၀ နှစ် နှစ် ၂၀ လောက် ကို ကြိုတင် တွေးဆပြီး အလုပ်လုပ်လေ့ ရှိကြပါတယ်။ အခုကိစ္စမှာလဲ ဟတ်ဘယ် သက်တမ်းကုန်သွားပြီး နောက်တစ်ခု ထပ်မလွှတ်တင် နိုင်ခင်မှာ အချိန်အကြာကြီး လပ်နေမှာကိုလဲ စိုးရိမ်ခဲ့ကြတာ ပါပါတယ်။

၁၉၉၀ မှာ ဟတ်ဘယ် တယ်လီစကုပ်ကြီးကို အောင်မြင်စွာ လွှတ်တင်နိုင် ခဲ့ကြပါတယ်။ ဒါပေမယ့် လွှတ်တင်ပြီး သိပ်မကြာ ခင်မှာပဲ တစ်ခုခုတော့ မှားနေပြီ ဆိုတာ ရိပ်စားမိ လာပါတယ်။

ဟတ်ဘယ်ကနေ ရိုက်ပို့လိုက်တဲ့ ပထမဆုံး ပုံရိပ်တွေဟာ ကြည်လင် ပြတ်သားမှု မရှိပဲ အရမ်းကို မှုန်ဝါးနေ ပါတယ်။ ဒီ ပထမ ဆုံး ရိုက်ပို့လိုက်တဲ မှုံဝါးဝါး ပုံတွေကို တွေ့မြင်လိုက်ရတဲ အခါ နောက်ထပ် တယ်လီတကုပ် တစ်လုံး တည်ဆောက်ရေး ထက်ကို ချွတ်ယွင်းနေတဲ့ ဟတ်ဘယ် တယ်လီစကုပ်ကြီးကို ပြန်ပြင်ရေးက ပိုပြီး အရေးကြီးလာ ခဲ့ပါတယ်။ 

James Webb Space Telescope (Photo: NASA)

၁၉၉၃ မှာ အာကာသ ယာဉ်မှူးတွေဟာ အာကာသထဲ လမ်းလျှောက်ပြီး ဟတ်ဘယ် တယ်လီစကုပ်ကြီးကို ပြုပြင်ခဲ့ ကြပါတယ်။ ပြုပြင်ပြီးတဲ့ အခါမှာတော့ ဟတ်ဘယ် တယ်လီစကုပ်ကနေ Big Bang မဟာ ပေါက်ကွဲမှုကြီး အပြီး နှစ်သန်း ၁,၀၀၀ လောက် အကွာက ကြယ်တွေ၊ ဂလက်ဆီ တွေကို ရှာဖွေ ထောက်လှမ်းနိုင်စွမ်း ရှိလာပါတယ်။ 

ဒီလို စွမ်းအားကောင်းပေမယ့်လဲ​နက္ခတ်ပညာရှင်တွေဟာ ကျေနပ် နှစ်သိမ့်ခြင်း မရှိကြ သေးပါဘူး။ သူတို့ဟာ စကြာဝဠာ ဖြစ်တည်စမှာ ပထမဆုံး စဖြစ်လာခဲ့တဲ ကြယ်တွေ၊ ဂလက်ဆီ တွေအထိ တွေ့မြင် လေ့လာခြင်ကြပါတယ်။ ဒီတော့ ဒီလောက်ထိ မြင်နိုင်ဖို့ဆို ဟတ်ဘယ်ထက် ကြီးတဲ့ တယ်လီစကုပ်ကြီး ရှိမှပဲ မြင်နိုင်ကြမှာ ဖြစ်ပါတယ်။

ဒီ ဟတ်ဘယ် တယ်လီစကုပ်ကြီး ပြန်ပြုပြင်ဖို့ အလုပ်များနေတဲ့ အတွက် နောက်ထပ် သူ့ထက် ပိုအားကောင်းတဲ့ အနာဂါတ် မျိုးဆက် တယ်လီစကုပ် တည်ဆောက်ဖို့ စီမံကိန်းတွေ ၃ နှစ်လောက် နှောင့်နှေး သွားခဲ့ပါတယ်။ ဒါပေမယ့် ဟတ်ဘယ်ကို ပြုပြင် ပြီးပြီးချင်းပဲ ပညာရှင် တွေဟာ အနာဂါတ် မျိုးဆက် တယ်လီစကုပ် စီမံကိန်းကို ပြန်စ ကြပါတယ်။

၁၉၉၀ ပြည့်နှစ်လယ်ပိုင်းတွေ ရောက်တဲ့ အချိန်မှာတော့ ကမ္ဘာ့ နက္ခတ် ပညာရှင်တွေ အကြားမှာ ဒီ အနာဂါတ် မျိုးဆက်သစ် တယ်လီစကုပ် နဲ့ ပါတ်သက်တဲ ဘုံသဘောထား ထွက်ပေါ် လာခဲ့ပါတယ်။ ဒါကတော့ ဒီ တယ်လီစကုပ် အသစ်ကြီးဟာ စကြာဝဠာရဲ့ ခေတ်ဦးကို လေ့လာဖို့ ဆိုတဲ့ အဓိက ရည်မှန်းချက်ပဲ ဖြစ်ပါတယ်။ အဓိက ကတော့ စကြာဝဠာ မွေးဖွားပြီး နှစ်သန်း ရာဂဏန်းလောက် အတွင်းမှာ ဖြစ်ထွန်းလာတဲ့ ကြယ်တွေနဲ့ ဂလက်ဆီ တွေကို လေ့လာဖို့ပဲ ဖြစ်ပါတယ်။

ဒီလို စကြာဝဠာရဲ့ အစောဦးဆုံး ကာလကို လေ့လာဖို့ဆိုရင် အနာဂါတ် တယ်လီစကုပ် ကြီးဟာ အင်ဖရာရက် အနီအောက် ရောင်ခြည် လှိုင်းတွေကို အထူးပြု ဖမ်းယူနိုင်အောင် တည်ဆောက်ဖို့ လိုလာပါတယ်။ ဒါက ဟတ်ဘယ် တယ်လီစကုပ်နဲ့ အဓိက ကွာခြားချက်ပဲ ဖြစ်ပါတယ်။ ဟတ်ဘယ် တယ်လီစကုပ်ကျတော့ မြင်ရတဲ့ အလင်းရောင်နဲ့ Ultraviolet ခေါ် ခရမ်းလွန် ရောင်ခြည်ကို ဖမ်းယူနိုင်အောင် တည်ဆောက်ထားတာ မို့ပါ။ 

ရောင်ပြန်ပြား များအား တပ်ဆင်နေစဉ်

ဘာ့ကြောင့် အစဦး စကြာဝဠာ ရဲ့ ဂလက်ဆီတွေကို ဖမ်းယူဖို့ အင်ဖရာရက် အနီအောက် ရောင်ခြည်ကို သုံးရတာပါလဲ။ ဒီ ဂလက်ဆီ တွေက အနီအောက် ရောင်ခြည်လှိုင်းတွေ အဓိက ထုတ်လွှတ် ပေးလို့လား။ ဒီ ဂလက်ဆီ တွေက အလင်းရောင် မထုတ်လွှတ် ပေးတော့ဘူးလား။

ဒီလို မဟုတ်ပါဘူး။ ဒီ အစဦး ဂလက်ဆီ တွေက အလင်းရောင်ကိုပဲ ထုတ်ပေးတာပါ။ ဒါပေမယ့် ဒီ ထွက်လာတဲ့ အလင်းဟာ ကမ္ဘာမြေကို လာတဲ့ လမ်းမှာ ဟင်းလင်းပြင် ကြီးကို ဖြတ်သန်း လာရပါတယ်။ ဒီလို ဖြတ်သန်းဖို့ အချိန် နှစ်သန်း ၁၃,၀၀၀ လောက် ကြာပါတယ်။ ဒီ ကာလ အတွင်းမှာ အလင်း ဖြတ်လာရတဲ့ ဟင်းလင်းပြင်က အချိန်နဲ့ အမျှ ပြန့်ထွက် ဆန့်ထွက် နေတာပါ။

 ဒီတော့ အလင်း ဖိုတွန် လေးတွေရဲ လှိုင်းကလဲ ဟင်းလင်းပြင် ဆန့်ထွက် သလောက် ဆန့်ထွက်လာပါတယ်။ ဒီအခါ လှိုင်းရဲ့ လှိုင်းအလျားကလဲ​ဆန့်ထွက်လာပါတယ်။ မူလက အလင်းရောင်က အဖြူဆို တဖြည်းဖြည်း ဝါလာမယ်၊ ပြီးရင် နီလာမယ်။ အရမ်း ဆန့်ထွက်လာရင် အနီကနေ အနီအောက် ရောင်ခြည် အဖြစ် ပြောင်းသွားတာပါ။ ဒါကို  Red Shift အနီပြောင်းခြင်း လို့ ခေါ်ပါတယ်။ (ဒီအကြောင်း ဆောင်းပါး သီးသန့် သေချာ ရေးပါအုံးမယ်။)

ဒီလို အင်ဖရာရက် အနီအောက် ရောင်ခြည် ဖြစ်သွားတဲ့ အတွက် နောက်ထပ် အကျိုးကျေးဇူး တစ်ခုလဲ ရလာပါတယ်။ ဒါကတော့ အလင်းရောင်ဟာ ဖုန်မှုန့်တွေ ဓါတ်ငွေ့ တိမ်တိုက်တွေနဲ့ တွေ့ရင် မဖေါက်နိုင်ပေမယ့် အင်ဖရာရက် ကတော့ ဖေါက်သွား နိုင်တာပါပဲ။ ဒီတော့ ဖုန်မှုန့်တွေ၊ ဓါတ်ငွေ့ တိမ်တိုက်တွေ နောက်က ဂလက်ဆီ တွေကိုလဲ မြင်နိုင်လာပါတယ်။

ရောင်ပြန်ပြား များအား တပ်ဆင်နေစဉ်

ဒါ့အပြင် ဒီ တယ်လီစကုပ် အသစ်ကြီးဟာ အရွယ်လဲ ပိုကြီးဖို့ လိုပါတယ်။ အရမ်းဝေးတဲ့ နေရာက လာတဲ့ အလင်းဟာ အရမ်း အားပြော့နေတာမို့ ဒီ အလင်းကို လုံလုံလောက်လောက် ဖမ်းယူဖို့ဆိုတာ ကြီးမားတဲ့ မျက်နှာပြင် လိုအပ်ပါတယ်။ 

မူလကတော့ ၁၃.၂ ပေ (၄ မီတာ) အကျယ် တယ်လီစကုပ် တည်ဆောက်ဖို့ပါ။ ဒါပေမယ့် နာဆာရဲ့ အဲ့သည်တုန်းက ညွှန်ကြားရေးမှူး ဒယ်နီယယ် ဂိုလ်ဒင် က ဒီစီမံကိန်းက သိပ္ပံ ပညာရှင် တွေကို ဒီ့ထက် ပိုကြီးတဲ့ တယ်လီစကုပ်ကြီး တစ်ခု ဒီဇိုင်းဆွဲခိုင်း ခဲ့ပါတယ်။ ဒါနဲ့ နှစ်ဆ ပိုကြီးတဲ့ ၂၆.၄ ပေ (၈ မီတာ) အကျယ် တယ်လီစကုပ်ကြီး တည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့ ကြပါတယ်။

၁၉၉၆ အရောက်မှာ ဒီ တယ်လီစကုပ် ပုံကြမ်း ဒီဇိုင်း ဖြစ်လာပါပြီ။ အဲ့သည် အချိန်က ဒီ တယ်လီစကုပ် ဆောက်ဖို့ အမေရိကန် ဒေါ်လာ ၁ ဘီလီယံ ကုန်ကျမှာ ဖြစ်ပြီး ၂၀၀၇ ခုနှစ်မှာ အာကာသထဲ လွှတ်တင်နိုင်မယ်လို့ ခန့်မှန်းခဲ့ ကြပါတယ်။

ဒါပေမယ့် ခန့်မှန်းသလို ဖြစ်မလာ ခဲ့ပါဘူး။ ၂၀၁၀ အထိ မပြီးသေးတဲ့ အပြင် ကုန်ကျစားရိတ်ကလဲ မူလ ခန့်မှန်းတာရဲ့ ၅ ဆ ဖြစ်တဲ့ အမေရိကန် ဒေါ်လာ ၅ ဘီလီယံ ဖြစ်လာခဲ့ပါတယ်။ လွှတ်တင်ဖို့ ခန့်မှန်း ကာလကလဲ ၂၀၁၄ ကို ပြောင်းရွှေ့ ရာထား ခဲ့ရပါတယ်။ နောက်ပြီး တယ်လီစကုပ်ရဲ့ အရွယ်ကိုလဲ ၂၁.၃ ပေ အထိ အရွယ် လျှော့ချခဲ့ ရပါတယ်။

ဒီတယ်လီစကုပ် ကြီးရဲ့ ကုန်ကျစားရိတ် များလွန်းတဲ့ အတွက် ၂၀၁၁ မှာ အမေရိကန် ကွန်ဂရက်မှာ ဒီ စီမံကိန်းကို ဖျက်သိမ်းဖို့ ဆွေးနွေးခဲ့ ကြပါတယ်။ ဒါပေမယ့် ထင်ရှားတဲ့သိပ္ပံ ပညာရှင်တွေနဲ့ အမေရိကန် ကွန်ဂရက် အမတ် တချို့ရဲ့ အပြင်းအထန် တိုက်ပွဲဝင်မှုကြောင့် နောက်ဆုံး ဆက်လက် အကောင်အထည် ဖေါ်ဖို့ ဆုံးဖြတ်ခဲ့ ကြပါတယ်။

အာကာသထဲက အလွန်ရှုပ်ထွေးတဲ့ ဧရာမ မျက်လုံးကြီး

ဒီ ဂျိမ်းစ်ဝက်ဘ် အာကာသ တယ်လီစကုပ်ကြီးဟာ အရွယ်အစား ကြီးမားရုံတင် မက တည်ဆောက်ပုံကလဲ အလွန်ပဲ ရှုပ်ထွေးလှပါတယ်။ 

ဒီ တယ်လီစကုပ်ကြီးရဲ့ တိုင်းထွာရေး ကိရိယာ တွေကို အလွန် အေးတဲ့ အပူချိန်မှာ ထိန်းထားဖို့ လိုအပ်ပါတယ်။ ဘာ့ကြောင့်ဆို အပူရှိန် နဲနဲလေး ထွက်တာနဲ့ ဖမ်းယူရရှိတဲ့ အနီအောက် ရောင်ခြည် ပုံရိပ်တွေကို ပျက်စီးသွား စေမှာ ဖြစ်လို့ပါ။ ဒါ့ကြောင့် ဒီ အာရုံခံ ကိရိယာ တွေကို အနှုန် ၂၂၀ ဒီဂရီ စင်တီဂရိတ်မှာ ထိန်းထားဖို့ လိုအပ်ပါတယ်။ ဒီလို အေးနေအောင် နည်းလမ်း နှစ်ခုကို ပေါင်းစပ် အသုံး ပြုထားပါတယ်။

ပထမ နည်းလမ်းကတော့ ဧရာမ နေရောင်ကာ ပြားကြီးတွေ ဖြစ်ကြပါတယ်။ ဒီနေရောင်ကာ ပြားတစ်ချပ်ရဲ့ အရွယ်ဟာ တင်းနစ် ကစားကွင်း တစ်ကွင်းစာလောက် အရွယ် ရှိပါတယ်။ ဒီလို နေရောင်ကာ ပြား စုစုပေါင်း ၅ ချပ်တောင် အသုံးပြု ကာကွယ်ထားမှာ ဖြစ်ပါတယ်။ 

နောက်နည်းလမ်း တစ်ခုကတော့ သူ့ရဲ့ ပတ်လမ်းပဲ ဖြစ်ပါတယ်။ ဒီ တယ်လီစကုပ်ဟာ အခြား အရင်က လွှတ်တင်ခဲ့ ဖူးတဲ့ တယ်လီစကုပ်တွေနဲ့ မတူတာ ကတော့ ကမ္ဘာပတ် လမ်းကြောင်းကနေ ကမ္ဘာကို ပတ်နေမှာ မဟုတ်တာပါပဲ။ ဒီ့အစား ဒီ တယ်လီစကုပ် ကြီးကို ကမ္ဘာကနေ မိုင်ပေါင်း ၉၃၀,၀၀၀ (ကီလိုမီတာ တစ်သန်းခွဲ) အကွာမှာ ရှိတဲ့ လာဂရန်ပွိုင့် (Lagrange points L2) အမှတ် ၂ နေရာကို လွှတ်တင်မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဆွဲအား သက်ရောက်မှု တည်ငြိမ်တဲ့ နေရာ ဖြစ်တာကြောင့် ဒီအမှတ်မှာ လွှတ်တင်ထားတဲ့ ဂြိုဟ်တုတွေဟာ နေကို တည်ငြိမ်စွာ ပတ်နေနိုင်ပါတယ်။ 

James Webb တယ်လီစကုတ်ကြီးကို လွှတ်တင်မယ့် လာဂရန် L2 အမှတ် တည်နေရာ (Image credit: NASA / WMAP Science Team)

ဂျိမ်းစ်ဝက်ဘ် တယ်လီစကုပ် ကြီးဟာလဲ ဒီ အမှတ်ကနေ ကမ္ဘာနဲ့ အတူ ကမ္ဘာပတ်တဲ့ နှုန်းအတိုင်း အတူတကွ လိုက်ပြီး ပတ်နေမှာ ဖြစ်ပါတယ်။ ဒီနည်းအားဖြင့် ကမ္ဘာရဲ့ အရိပ်ကို ကွယ်ပြီး နေခြင်းအားဖြင့် နေရဲ့ အပူဒါဏ် ကိုလဲ ရှော့ချ ပေးနိုင်မှာ ဖြစ်ပါတယ်။

ဒီ တယ်လီစကုပ်ကြီး တစ်ခုလုံကို ဖြန့်လျက် ပုံစံအတိုင်း ဒုံးပျံရဲ့ ထိပ်ဖူးမှာ သယ်ဆောင်ဖို့ မဆန့်ပါဘူး။ ဒါ့ကြောင့် အာကာသထဲ လွှတ်တင်ချိန်မှာ ခေါက်ပြီး သဆောင်သွားမှာ ဖြစ်ပါတယ်။ အာကာသထဲ ရောက်မှ ဖြန့်ပြီး ခရီးဆက်မှာ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံ

ဒီ တယ်လီစကုပ်ဟာ အလင်းပြန် တယ်လီစကုပ် (Reflective telescope) အမျိုးအစား ဖြစ်ပါတယ်။ သူ့မှာ ၆ မြှောင့်ပုံ အလင်းပြန်ပြား ၁၈ ခု တပ်ဆင်ထားပါတယ်။ ဒီ အလင်းပြန် ပြားတွေကို ဘယ်ရီလီယမ် (Beryllium) ဒြပ်စင်နဲ့ ပြုလုပ်ထားပြီး အပေါ်က ရွှေနဲ့ ပါးပါးလေး အုပ်ထားပါတယ်။ ဒီ အလင်းပြန်ပြား ၁၈ ချပ်ရဲ့ အလေးချိန်ဟာ ၆၂၅ ကီလိုဂရမ် (၁,၃၇၅ ပေါင်) အလေးချိန် ရှိပါတယ်။ ဒါဟာ လက်ရှိ ဟတ်ဘယ် တယ်လီစကုပ်ရဲ့ မှန်ထက် ပေါင် ၈၀၀ ပိုပေါ့ပါတယ်။ ဒါပေမယ့် ဟတ်ဘယ်ထက် အလင်း စုအား ၆ ဆ ပိုသာမယ်လို့ သိရပါတယ်။

ဂျိမ်းစ်ဝက်ဘ် တယ်လီစကုပ်ကြီး တစ်ခုလုံးရဲ့ အလေးချိန်ကတော့ ၆,၅၀၀ ကီလိုဂရမ် (၁၄,၃၀၀ ပေါင်) အလေးချိန် ရှိပါတယ်။ ဒီအလေးချိန်ဟာ ဟတ်ဘယ်ရဲ့ အလေးချိန်ရဲ့ တဝက်လောက်ပဲ လေးတာပါ။

James Webb တယ်လီစကုပ်ကြီးကို အာကာသတွင်း လွှင့်တင်ပုံကို ပန်းချီဆရာက သရုပ်ဖေါ်ထားပုံ Credit: ESA – D. Ducros

ဒီ တယ်လီစကုပ်ကြီးကနေ ဖမ်းယူ ရရှိတဲ့ ဖိုတွန် အလင်းမှုန် တွေကို ကိရိယာ ၄ မျိုးနဲ့ ခွဲခြမ်းစိတ်ဖြာ စမ်းသပ်မှာ ဖြစ်ပါတယ်။ ဒီကိရိယာ တွေကတော့ အနီး အနီအောက် ရောင်ခြည် ကင်မရာ (Near-Infrared Camera)၊ အနီးအနီအောက်ရောင်ခြည် ရောင်စဉ်ခွဲခြမ်း ကိရိယာ (Near-Infrared Spectrograph)၊ အလယ်ပိုင်း အနီအောက် ရောင်ခြည် တိုင်းတာရေး ကိရိယာ (Mid-Infrared Instrument) နဲ့ အဏုစိတ် အတိုင်းထွာရေး ကိရိယာ Fine Guidance Sensor/Near Infrared Imager and Slitless Spectrograph (FGS/NIRISS) တွေပဲ ဖြစ်ကြပါတယ်။

(မှတ်ချက်။ အနီအောက် ရောင်ခြည်ကို အနီး၊ အလယ် နဲ့ အဝေး ဆိုပြီး လှိုင်းအလျား အလိုက် ၃ ပိုင်း ထပ်ခွဲ ထားတာမို့ ဒီအထဲက အနီးနဲ့ အလယ် ပိုင်း လှိုင်းခွင်က အနီအောက် ရောင်ခြည် လှိုင်းတွေကို သီးသန့် တိုင်းဖို့ ကိရိယာ အမျိုးမျိုး တပ်ဆင်ထားတာ ဖြစ်ပါတယ်။)

ဒီကိရိယာ ၄ မျိုးပေါင်း အကူအညီနဲ့ ဂျိမ်းစ်ဝက်ဘ် တယ်လီစကုပ် ကြီးဟာ စကြာဝဠာ ကြီးထဲမှာ ဝေးကွာတဲ့ ဟင်းလင်းပြင် နဲ့ အချိန် ရပ်ဝန်းတွေကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။ 

အကယ်လို့ အစစ အဆင်ပြေ ခဲ့မယ်ဆိုရင် အခု တယ်လီစကုပ် ကြီးဟာ ကောင်းကင်မှာ အခု လက်ရှိ သာမန်မျက်စေ့နဲ့ မြင်ရတဲ့ အမှိန်ဆုံး ကြယ်ထက် အဆပေါင်း သန်း ၁၀,၀၀၀ (10 billion times) ပိုမှိန်တဲ့ အရာဝတ္ထု တွေကို ရှာဖွေ နိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ ဟပ်ဘယ်က ရှာဖွေနိုင်တာထက် ၁၀ ဆက နေ အဆ ၁၀၀ လောက်ထိ ပိုပါတယ်။ နောက်ပြီး ဒီ တယ်လီစကုပ်ကြီးက ရတဲ့ ပုံရိပ်တွေဟာ ဘယ်လောက်တောင် ကြည်လင်လဲဆို ၂၄ မိုင်အကွာမှာ ချထားတဲ့ ပြားစေ့လေး တစ်စေ့ပေါ်က စာတွေကိုတောင် ဖတ်နိုင်အောင် ကြည်လင်တယ်လို့ ဆိုပါတယ်။

ဒုံးပျံ ထိပ်ဖူး အတွင်း တယ်လီစကုပ်ကြီးကို ခေါက်ပြီး သယ်ဆောင် ရပါတယ်

ဒီလောက် အဏုစိတ်တဲ့ ကိရိယာကြီး တစ်ခုကို အာကာသထဲ လွှတ်တင်ရတာ မလွယ်ပါဘူး။ အာကာသထဲ မလွှတ်တင်မီ လွှတ်တင်စင် ဖြစ်ပေါ်လာမယ့် တုန်ခါမှု တွေကို ခံနိုင်ရည် ရှိမရှိ အရင် မြေပြင်မှာ စမ်းသပ်ရပါတယ်။ နောက်တခါ တယ်လီစကုပ်ကြီးက အာရုံခံ ကိရိယာတွေ လေဟာနယ်မှာ အလုပ် သေချာ လုပ်မလုပ် သေချာအောင်လဲ​ လေမဲ့ အခန်းထဲ ထည့်ပြီး စမ်းသပ်ရ ပြန်ပါတယ်။ နောက်ပြီး အာကာသထဲ ရှိမယ့် အပူချိန် ကိုလဲ တုပပြီး စမ်းသပ်ပါတယ်။

ဒီလို စမ်းသပ်မှု တွေ အကြိမ်ကြိမ် အထပ်ထပ် ပြုလုပ်ပြီး ချွတ်ယွင်းချက် တွေ့ရင် ပြန်ပြင်ရပါတယ်။ နောက်ဆုံး ချွတ်ယွင်းချက် တစုံတရာ မရှိတော့တဲ့ အထိ အထပ်ထပ် စမ်းသပ်ရတာပါ။

ဤခရီး မနီးပါ

ဒီ ဂျိမ်းစ်ဝက်ဘ် တယ်လီစကုပ်ကြီးကို ကမ္ဘာပတ် လမ်းကြောင်းထဲ အောင်မြင်စွာ လွှတ်တင်နိုင်ရုံနဲ့ ခရီးက မဆုံးသွား သေးပါဘူး။ ဒီ ကမ္ဘာပတ် လမ်းကြောင်းက နေတဆင့် အပေါ်က ပြောခဲ့တဲ့ လာဂရန်ပွိုင့် အမှတ် ၂ နေရာကို ရောက်အောင် သွားရအုံးမှာ ဖြစ်ပါတယ်။ တစ်လလောက် ကြာမယ့် ဒီခရီးစဉ်ဟာ သဲထိရင်ဖို စရာ အတိပြီးတဲ့ ခရီးစဉ် တစ်ခု ဖြစ်လာမှာပါ။

သဲထိတ် ရင်ဖိုစရာ အဖြစ်ဆုံး ကာလကတော့ ပထမပါတ် အတွင်းမှာ ပြုလုပ်မယ့် နေကာပြားတွေ ဖြန့်ချတဲ့ လုပ်ငန်းစဉ်ပဲ ဖြစ်ပါတယ်။ ဒီ နေကာပြား ၅ ချပ်မှာ ချုပ်ထားတဲ့ ချိတ်ပေါင်း ၁၄၀၊ အဆက်ပေါင်း ၇၀၊ ပူလီပေါင်း ၄၀၀၊ ကြိုးပေါင်း အချောင်း ၉၀ နဲ့ လျှပ်စစ် မော်တာ ၈ ခု ပါဝင်ပါတယ်။ ဒါတွေအားလုံးဟာ သူ့နေရာနဲ့သူ အချိန်ကိုက် တိုင်ပင်ကိုက် လှုပ်ရှားရမှာ ဖြစ်ပါတယ်။ ဒီ အထဲက တစ်ခုခု ချိန်သား မကျတာနဲ့ ဒီနေကာပြားတွေ ပျက်စီးသွားတာ၊ ဖွင့်မရတာ ဖြစ်လာနိုင် ပါတယ်။

အာကသထဲ လွတ်တင်အပြီး မြင်ရစဉ် (Photo: NASA)

နောက်ထပ် သဲထိတ်ရင်ဖို တစ်ခုကတော့ အလင်းပြန် မှန်ပြား ၁၈ ချပ်ကို နေရာချတာပဲ ဖြစ်ပါတယ်။​ ဒီ မှန်ချပ်တွေကို ၁၅၀ နာနိုမီိတာ ထက် ပိုမလွဲအောင် အတိအကျ နေရာချပေးဖို့ လိုအပ်ပါတယ်။ (၁ နာနိုမီတာဟာ တစ်မီတာရဲ့ သန်း ၁၀၀၀ ပုံ တစ်ပုံ ရှိပါတယ်)။ ဒီလို ဖြစ်အောင် ဒီမှန်ပြားတွေကို ရွှေ့တဲ့နှုန်းဟာ မြက်ပင်လေးတွေ ရှည်ထွက်တဲ့ နှုန်းထက်တောင် နှေးပါတယ်လို့ နာဆာက သိပ္ပံ ပညာရှင်တွေက ရှင်းပြပါတယ်။

“ဒီ တယ်လီစကုပ်ကြီး လွှတ်တင်ပြီးနောက် အမှားအယွင်း ဖြစ်နိုင်တဲ့ လုပ်ငန်းဆောင်တာ ၃၀၀ လောက် ရှိပါတယ်။ အဲ့သည် အထဲက တစ်ခုလောက် မှားသွားရင်တောင် ဒီတယ်လီစကုပ်ကြီး သုံးမရ ဖြစ်သွားနိုင်ပါတယ်” လို့ နာဆာ အင်ဂျင်နီယာတွေက ပြောပါတယ်။

အားလုံး အဆင်ပြေရင် တောင်မှ ဒီ တယ်လီစကုပ်ကြီး စတင်အလုပ်လုပ်ဖို့ အချိန် ၆ လ လောက် ကြာမယ်လို့ သိရပါတယ်။ သိပ္ပံ ပညာရှင် တွေကနော့ လာမယ့် ၂၀၂၂ နွေရာသီမှာ စတင် အလုပ်လုပ်နိုင်မယ်လို့ မျှော်လင့်ကြပါတယ်။ 

ဒီ တယ်လီစကုပ်ကြီး အတွက် လုပ်ဆောင်ရမယ့် အချိန်စာရင်းကို နောက် ၅ နှစ်စာ ဆွဲထားပြီးပါပြီ။ ဒီအထဲမှာ စကြာဝဠာရဲ့ ပထမဆုံး မွေးဖွားခဲ့တဲ့ ဂလက်ဆီတွေ ရှာဖွေတာ၊ စကြာဝဠာရဲ့ ဆင့်ကဲ ဖြစ်စဉ်ကို လေ့လာတာ၊ ကြယ်တွေ ဂြိုဟ်တွေ မွေးဖွားမှုကို လေ့လာတာ နဲ့ နေအဖွဲ့အစည်းပြင်ပက သက်ရှိတွေ ရှိနေနိုင်တဲ့ ပြင်ပဂြိုဟ်တွေ လေ့လာရေးတွေ ပါဝင်ပါတယ်။

လက်ရှိမှာတော့ ကမ္ဘာတဝန်းက နက္ခတ် ပညာရှင်တွေဟာ အာကာသ စူးစမ်းလေ့လာရေး တစ်ခေတ်ဆန်းပြီး ဆိုပြီး စိတ်လှုပ်ရှားလျှက် ရှိကြကြောင်း တင်ပြလိုက်ရပါတယ်။

Reference: NASA’s $10 billion James Webb Space Telescope launches on epic mission to study early universe | Space 

Advertisement