Skip to content

James Webb တယ်လီစကုပ်ရဲ့ ပထမဆုံး ဓါတ်ပုံများ

  • Space
James Webb တယ်လီစကုပ် ကြီးက ရိုက်ကူး ထားတဲ့ ပထမဆုံး ဓါတ်ပုံတွေကို နာဆာက ထုတ်ပြန် လိုက်ပါတယ် (Credits: NASA GSFC/CIL/Adriana Manrique Gutierrez)

အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံ တန်ဖိုးရှိတဲ့ ဂျိမ်းစ်ဝက်ဘ် တယ်လီစကုပ် ကြီးက ရိုက်ကူးထားတဲ့ ပထမဆုံး ဓါတ်ပုံ နှစ်ပုံကို နာဆာ အဖွဲ့ကြီးက ထုတ်ပြန် လိုက်ပါတယ်။

ဒီ ဓါတ်ပုံ နှစ်ပုံ အနက်က ပထမ ပုံကတော့ ဒီ တယ်လီစကုပ်ကြီးရဲ့ အလင်းပြန် ကြေးမုံမှန်ချပ်တွေကို  ချိန်ညှိရာမှာ အသုံးပြုမယ့် ကြယ်တစ်စင်းရဲ့ ဓါတ်ပုံ ဖြစ်ပါတယ်။ နောက်တစ်ပုံ ကတော့ တယ်လီစကုပ်ကြီးက သူ့ဟာသူ ပြန်ရိုက်ထားတဲ့ ဆယ်ဖီပဲ ဖြစ်ပါတယ်။

ဂျိမ်းစ်ဝက်ဘ် တယ်လီစကုပ်ကြီး လွှတ်တင်ခဲ့တာ အခုဆို သီတင်း ၇ ပတ် ကျော်လာခဲ့ပါပြီ။ ဒီ ကာလ အတွင်းမှာ တယ်လီစကုပ် ကြီးဟာ သူ့ရဲ့ နေရောင်ကာ ပြားတွေကို အောင်အောင် မြင်မြင် ဖြန့်ချ နိုင်ခဲ့သလို ပင်မ အလင်းပြန် ကြေးမုံမှန်ချပ် တွေကိုလဲ ဖြန့်ချ နိုင်ခဲ့ ပါတယ်။ 

တချိန်ထဲ မှာပဲ သူ့ရဲ့ တည်နေရာ ဖြစ်တဲ့ လာဂရန် ပွိုင့်  L2 ကိုလဲ ရောက်ရှိ အခြေချ နေနိုင်ပြီး ဖြစ်ပါတယ်။ ယခု အချိန်မှာ ဂျိမ်းစ်ဝက်ဘ် တယ်လီစကုပ် ကြီးဟာ ကမ္ဘာကနေ မိုင် ၁ သန်းခန့် အကွာမှာ ရောက်ရှိ နေပြီ ဖြစ်ပါတယ်။

အခု အရေးကြီးတဲ့ နောက်တဆင့် ကတော့ သူ့ရဲ့ ပင်မ အလင်းပြန် ကြေးမုံ မှန်ဘီလူးကို ဖွဲ့စည်းထားတဲ့ ကြေးမုံမှန်ချပ် ၁၈ ချပ်ကို နေရာ တကျ ဖြစ်အောင် ချိန်ညှိဖို့ပဲ ဖြစ်ပါတယ်။ အရပ်စကားနဲ့ ပြောရရင်တော့ အလိုင်းမင့် မှန်အောင် ညှိပေးဖို့ပါ။

အခု နာဆာက ထုတ်ပြန်လိုက်တဲ့ ကြယ်ဓါတ်ပုံ ကတော့ HD84406  လို့ ခေါ်တဲ့ ကြယ်ရဲ့ ဓါတ်ပုံပဲ ဇြစ်ပါတယ်။ ဒီ ကြယ်ဟာ Ursa Major လို့ခေါ်တဲ့ နက္ခတ်အတွင်းမှာ တည်ရှိပြီး ကမ္ဘာကနေ အလင်းနှစ် ၂၆၀ ကွာဝေးပါတယ်။

HD84406 ကြယ် တည်ရှိရာ Ursa Major နက္ခတ် (Photo: Sky Safari)
HD84406 ကြယ်ကို ပုံရိပ် ၁၈ ခု ကွဲပြီး တွေ့ရမှာ ဖြစ်ပါတယ် (Photo: NASA)

အခု ရိုက်ကူးထားတဲ့ HD84406 ကြယ်ရဲ့ ဓါတ်ပုံကို အပေါ်မှာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ တွေ့ရတဲ့ အဖြူစက် လေးတွေ အားလုံးဟာ HD84406 ကြယ်တစ်စင်း ထဲရဲ့ ပုံပါ။ ဒါပေမယ့် ပုံထဲမှာ အဖြူစက် ၁၈ စက် တိတ် တွေ့ကြရမှာပါ။

ဒီလို ကြယ်တစ်စင်း ထဲကို ပုံရိပ် ၁၈ ခု အဖြစ် မြင်ရတာက ဘာကြောင့်လဲ ဆိုတော့ ဂျိမ်းစ်ဝက်ဘ် ရဲ့ မှန်ချပ် ၁၈ ချပ်က အလိုင်းမင့် မညီသေးလို့ ဖြစ်ရတာပါ။ ဒီတော့ ဒီ မှန်ချပ် တစ်ချပ်ချင်း စီက ပြန်ပေးလိုက်တဲ့ ပုံရိပ်တွေက ပုံဖမ်း sensor ပေါ်ကို တစ်နေရာ ထဲမှာ စုပြီး မကျပဲ ပြန့်ကျဲပြီး ကျလာပါတယ်။ ဒါ့ကြောင့် ပုံရိပ် ၁၈ ခု အဖြစ် မြင်ကြရ တာပဲ ဖြစ်ပါတယ်။

ဒီ ပြန့်ကျဲ ကျလာတဲ့ ပုံရိပ် ၁၈ ခုမှာ ဘယ် ပုံရိပ်က ဘယ်အလင်းပြန် မှန်ကလဲ ဆိုတာကို အောက်ကပုံမှာ မှန်သား ပြထားပါတယ်။ ဒီလို အမှတ်အသား ပြုနိုင်ဖို့ အားကောင်းတဲ့ ကွန်ပြူတာတွေ အကူအညီနဲ့ နာဆာ ပညာရှင်များက အချိန်ယူ တွက်ချက်ခဲ့ရတာ ဖြစ်ပါတယ်။

ပုံရိပ် တွေကို ဘယ်မှန်က အလင်းပြန် လာတာလဲ ဆိုတာကို အမှတ်အသား ပြုထားတာ ဖြစ်ပါတယ် (Photo: NASA)

ဂျိမ်စ်ဝက်ဘ် ရဲ့ နောက်တဆင့် လုပ်ငန်းစဉ် ကတော့ အခု ပြန့်ကျဲနေတဲ့ ပုံရိပ်တွေ အားလုံး တစ်နေရာ ထဲမှာ သွားစုအောင် မှန်ချပ် တစ်ချပ်ချင်း စီကို အသေးစိတ် ချိန်ညှိပေးဖို့ပဲ ဖြစ်ပါတယ်။ 

ဒီလို ချိန်ညှိတဲ့ လုပ်ငန်းစဉ်ဟာ ရက်ပေါင်းများစွာ ကြည်မြင့်မယ်လို့ ဆိုပါတယ်။ ဒီ ချိန်ညှိမှု အောင်မြင်ပြီးဆုံး သွားရင်တော့ အခု ကြယ်ကို ကြည်လင် ပြတ်သားစွာ နဲ့ တောက်ပစွာ မြင်ကြရမယ်လို့ ဆိုပါတယ်။
နာဆာ ပညာရှင် များရဲ့ အဆိုအရတော့ သေချာ ချိန်ညှိထားတဲ့ ဂျိမ်းစ်ဝက်ဘ် တယ်လီစကုပ်နဲ့ ကြည့်ရင် အခုကြယ်ဟာ အရမ်းကို တောက်ပလွန်းနေလိမ့်မယ် လို့ ဆိုပါတယ်။

အခုလို မှန်ချပ်တွေ အသေးစိတ် ချိန်ညှိ နေချိန်မှာပဲ တပြိုင်နက်ထဲ နောက်ကွယ်က အခြား အရေးကြီးတဲ့ လုပ်ငန်းစဉ် တစ်ရပ်ဟာလဲ တဖြည်းဖြည်း အကောင်အထည် ပေါ်လာနေပါတယ်။ ဒါကတော့ ကမ္ဘာကနေ လွတ်တင်စဉ်က တယ်လီစကုပ်ကြီး စုဆောင်းမိ ခဲ့တဲ့ အပူချိန် တွေကို တဖြည်းဖြည်း အာကာသ ထဲကို စွန့်ထုတ်တဲ့ ဖြစ်စဉ်ပဲ ဖြစ်ပါတယ်။

ဂျိမ်းစ်ဝက်ဘ် တယ်လီစကုပ် ကြီးဟာ စကြာဝဠာရဲ့ အစောပိုင်း ကာလကို လေ့လာမှာ ဖြစ်လို့ အဓိက အားဖြင့် အင်ဖရာရက် (Infrared) ခေါ်တဲ့ အနီအောက် ရောင်ခြည် လှိုင်းတွေကို ဖမ်းယူ လေ့လာမှာ ဖြစ်ပါတယ်။ 

ဒီလို အနီအောက် ရောင်ခြည်ကို ဖမ်းယူနိုင် ဖို့အတွက် ဖမ်းယူမယ့် ကိရိယာ ပစ္စည်း တွေဟာ အရမ်းကို အေးစက် နေဖို့ လိုအပ်ပါတယ်။

သိပ်မကြာမီ ကာလမှာ အလင်းပြန် ကြေးမုံ မှန် တွေရဲ့ အပူချိန်ဟာ အနှုတ် ၂၂၃ ဒီဂရီ စင်တီဂရိတ် ကို ရောက်ရှိလာမယ်လို့ ခန့်မှန်းကြ ပါတယ်။ တယ်လီစကုပ်မှာ တပ်ဆင်ထားတဲ့ အာရုံခံ ကိရိယာ တွေရဲ့ အပူချိန် ကတော့ ဒီ့ထက်တောင် အေးစက် နေ အုံးမယ်လို့ ဆိုပါတယ်။

အခုလို HD84406 ကြယ်ရဲ့ ဓါတ်ပုံအပြင် နောက်ထပ် ထုတ်ပြန်လိုက်တဲ့ ဓါတ်ပုံကတော့ ဂျိမ်းစ်ဝက်ဘ် တယ်လီစကုပ်ကြီး ကိုယ့်ဟာကိုယ် ဆယ်လ်ဖီ ဆွဲထားတဲ့ ပုံပဲ ဖြစ်ပါတယ်။

James Webb ရဲ့ Selfie (Photo: NASA)

ဒီ ဆယ်ဖီ ကိုတော့ ပင်မ ကင်မရာနဲ့ ရိုက်တာ မဟုတ်ပဲ မှန်ချပ်တွေ ညီအောင် ချိန်ညှိရာမှာ အကူအညီ ပေးဖို့ တပ်ဆင်ထားတဲ့ ကင်မရာ လေးကနေ ရိုက်ကူးပြီး ပို့ပေးလိုက် တာလို့ သိရပါတယ်။ 

နက္ခတ် သိပ္ပံ အသိုင်းအဝိုင်း ကြားမှာတော့ ဒီ ဆယ်ဖီ ပုံ နဲ့ ပုံရိပ် ၁၆ ခုနဲ့ ကြယ်ပုံတို့ဟာ အရမ်းကို ရေပန်းစား hot ဖြစ်နေကြောင်း သိရပါတယ်။

Reference: Behold the 1st images from NASA’s James Webb Space Telescope! | Space

Advertisement