Skip to content

Wormholes တွေကို ဖြတ်ပြီး ခရီးသွားဖို့ ဖြစ်နိုင်မလား

  • Space
Wormhole တွေကို ဖြတ်ပြီး ခရီးသွားဖို့ ဖြစ်နိုင်မလား

Wormholes တွေ ဆိုတာ စကြာ ဝဠာ ထဲက Black hole နှစ်ခု (သို့) black hole  ခေါ် တွင်းနက်နဲ့ White hole ခေါ် တွင်းဖြူ တွေကို ဆက်ပေးထားတဲ့ ဖြတ်လမ်းတွေ ဖြစ်ကြပါတယ်။ ဒီ ဖြတ်လမ်းတွေဟာ ဝေးကွာတဲ့ အရပ်မှာ ရှိကြတဲ့ တွင်းနက် နှစ်ခု (သို့) တွင်းနက် နဲ့ တွင်းဖြူ တွေကို ဆက်ပေးထားတယ် လို့ ယူဆကြပါတယ်။ ဒီ wormholes ဖြတ်လမ်း တွေကနေ ဖြတ်ပြီး စကြာဝဠာ ထဲမှာ ခရီးသွားဖို့ ဖြစ်နိုင် မဖြစ်နိုင် ဆိုတာကို ရူပဗေဒ ပညာရှင်တွေ ငြင်းခုန်နေ ခဲ့ကြတာ ကြာပါပြီ။

Wormholes  တွေကို ဖြတ်ပြီး ခရီးသွားဖို့ ဖြစ်နိုင် မဖြစ်နိုင် အဓိက ငြင်းခုန်ရတဲ့ အကြောင်းရင်း ကတော့ ဒီ ဖြတ်လမ်းတွေဟာ ပြင်ပက အရာဝတ္ထုတွေ ဖြတ်နိုင်လောက်အောင် တည်ငြိမ်မှု ရှိမှာ မဟုတ်ဘူးလို့ ယူဆကြ လို့ပဲ ဖြစ်ပါတယ်။ 

Wormhole တွေနဲ့ ပါတ်သက်လို့ အိုင်းစတိုင်းရဲ့ နှိုင်းယှဉ်ခြင်း နိယာမ (General Theory of Relativity) အရ ဟောကိန်း ထုတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီ wormhole တွေကို အိုင်စတိုင်း-ရိုစင်တံတား (Einstein-Rosen Bridge) လို့လဲ အမည် ပေးထားပါတယ်။

ရူပဗေဒ ပညာရှင် တွေရဲ့ တွက်ချက်မှု တွေအရတော့ ဒီ ဖြတ်လမ်း တွေဟာ ဖြစ်လာရင် သိပ်ကြာကြာ ခံမှာ မဟုတ်ဘူး။ ချက်ချင်း ပြိုကွဲသွားမယ် လို့ ဆိုပါတယ်။ အကယ်လို့ ချက်ချင်း မပြိုကွဲဘူး ဆိုရင်တောင် ဖြတ်လမ်းထဲကို တစ်ခုခု ဖြတ်တာနဲ့ ပြိုကွဲသွားမယ် လို့ ဆိုပါတယ်။ 

ဒါပေမယ့် အခု နောက်ဆုံး တွက်ချက်မှု အသစ် အရ ဆိုရင်တော့ ဒီ wormhole ဖြတ်လမ်း တွေဟာ အရင်က ထင်ခဲ့သလိုမျိုး လွယ်လွယ်ကူကူ ပြိုကွဲ သွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ 

အခု တွက်ချက်မှုဟာ အရင် တွက်ချက်မှုတွေမှာ အစဉ်အလာ သုံးစွဲခဲ့တဲ့ အခြေခံ အတိုင်းအတာ အချက်အလက် (Metrics)  တွေကို အသုံး မပြုပဲ အနည်းငယ် ကွဲပြားတဲ့ အတိုင်းအတာ တွေကို သုံးပြီး တွက်ချက်ထားတာ ဖြစ်ပါတယ်။ ဒီလို နည်းနည်းကွာတဲ့ အတိုင်းအတာ တွေပေါ် မူတည်ပြီး တွက်ချက်လိုက်တဲ့ အတွက် ဒီလို ကွဲပြားတဲ့ ရလဒ် ရရှိလာတာ ဖြစ်ပါတယ်။

Metrics (အတိုင်းအတာအညွှန်းများ)

ပထမဆုံး အိုင်းစတိုင်းရဲ့ နှိုင်းယှဉ်ခြင်း သီအိုရီရဲ့ သဘောတရားလေး ပြန်ကြည့် လိုက်ရအောင်ပါ။

General Relativity ခေါ်တဲ့ နှိုင်းယှဉ်ခြင်း သီအိုရီကို အလွယ်ကူဆုံး ဥပမာ ပြုရရင် ဂဏန်းတွက်စက် တစ်လုံး (သို့) ကွန်ပြူတာ တစ်လုံး နဲ့ တူပါတယ်။ ဒီ တွက်စက်ထဲကို ကျွန်တော်တို့က အရာ ဝတ္ထုတွေနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေ ထည့်ပေးလိုက်ရင် ဒီစက်ကနေပြီး ဒီ အရာဝတ္ထုတွေဟာ ဆွဲငင်အား သက်ရောက်မှု အောက်မှာ ဘယ်လို ဖြစ်လာမလဲ ဆိုတာကို တွက်ချက်ပြီး ပြောပြ ပေးပါတယ်။ (အချိန် နှေးသွားတယ်၊ အလျှား တိုလာတယ်၊ ဒြပ်ထု ကြီးလာတယ် အစရှိသဖြင့်ပေါ့။)

နှိုင်းယှဉ်ခြင်း သီအိုရီ မှာ ပါဝင်တဲ့ အရာ အားလုံးဟာ အာကာသ နဲ့ အချိန် (Space- and time) ထဲမှာ ဖြစ်ပေါ်တဲ့ လှုပ်ရှားမှု တွေ အပေါ် အခြေခံ ပါတယ်။ နှိုင်းယှဉ်ခြင်း သီအိုရီ အရ အရာဝတ္ထု အားလုံးဟာ မူလ အစ ရှိနေတဲ့ နေရာကနေ သူတို့အပေါ် သက်ရောက်တဲ့ ဆွဲငင်အား ပေါ် မူတည်ပြီး အာကာသ နဲ့ အချိန် ရပ်ဝန်း မှာ ရွှေ့လျှားသွားပြီး နောက်ဆုံး တစ်နေရာရာ မှာ အဆုံးသတ် သွားမှာ ဖြစ်ပါတယ်။ ဒီလို အရာ ဝတ္ထု တွေရဲ့ လှုပ်ရှားမှု နဲ့ ဘယ်နေရာမှာ အဆုံးသတ်မလဲ ဆိုတာတွေကို နှိုင်းယှဉ်ခြင်း သီအိုရီက အဖြေထုတ် ပေးပါတယ်။

နှိုင်းယှဉ်ခြင်း သီအိုရီ ရဲ့ စည်းမျဉ်း စည်းကမ်းတွေဟာ ပြောင်းလဲမှု မရှိတဲ့ စည်းမျဉ်း၊ စည်းကမ်းတွေ ဖြစ်ကြပါတယ်။ ဆွဲငင်အား သက်ရောက်မှု အောက်မှာ ရောက်နေတဲ့ အရာ ဝတ္တုတိုင်းဟာ ဒီ စည်းမျဉ်း စည်းကမ်း တွေကို လိုက်နာကြပါတယ်။ ဒီ လို စည်းမျဉ်းတွေ မပြောင်းပေမယ့် ဒီ စည်းမျဉ်းတွေကို သင်္ချာနည်းနဲ့ ဖေါ်ပြရာမှာ အသုံးပြုတဲ့ သင်္ချာ အတိုင်းအတာ အညွှန်း (metrics) တွေကတော့ အခြေအနေ အချိန်အခါ အလိုက် အပြောင်းအလဲ ရှိနိုင်ပါတယ်။ 

ဒီ သင်္ချာ အတိုင်းအတာ အညွှန်း တွေကို metrics လို့ ခေါ်ပါတယ်။ metrics ဆိုတာကို အလွယ် နားလည်အောင် ပြောရရင် သင့်အိမ်ကနေ သင့်သူငယ်ချင်းရဲ့ အိမ်အသစ်ကို သွားတဲ့လမ်းညွှန်လို ပါပဲ။ သွားမယ့် လမ်းညွှန်သည် စာရွက်ပေါ်မှာ အကြမ်း ခြစ်ထားတဲ့ မြေပုံကြမ်းလဲ ဖြစ်ချင် ဖြစ်မယ်။ ဒါမှ မဟုတ် ဘယ်ကားစီး ဘယ်ဂိတ်မှာ ဆင်း ဘယ်လမ်းထဲ ဝင် ဆိုပြီး စာနဲ့ ချရေး ထားတာလဲ ဖြစ်ချင်ဖြစ်မယ်။ သင့်ဖုန်းထဲက GPS မှာ မှတ်ပေးလိုက်တဲ့ အမှတ်အသားလဲ ဖြစ်ချင်ဖြစ်မယ်။ ရည်မှန်းချက် ကတော့ အတူတူပဲ။ ဒီ ရည်မှန်းချက်ကို ရောက်ဖို့ လမ်းညွှန်ကတော့ အနည်းငယ် ကွာဟချက် ရှိနေနိုင်ပါတယ်။

ဒီလိုပဲ ရူပဗေဒ ပညာရှင် တွေကလဲ ဖြစ်စဉ် ဖြစ်ရပ် တစ်ခု၊ သဘောသဘာဝ တစ်ခုကို ဖော်ပြရာမှာ အခြေခံ အညွှန်း အတိုင်းအတာ တွေကို အသုံးပြုပြီး ဖော်ပြကြပါတယ်။ General Theory of Relativity ရဲ့ စည်းမျဉ်းတွေကို အသုံးပြုပြီး တွက်ချက်တဲ့ အခါ ဘယ် အခြေခံ အညွှန်း တွေကို အသုံးပြု မလဲ ဆိုတာကို တွက်ချက်မယ့် သူက ဆုံးဖြတ်ရပါတယ်။ ရလာတဲ့ အဖြေဟာလဲ ဒီ ရွေးချယ်တဲ့ အခြေခံ အညွှန်း metrics ပေါ် မူတည်ပြီး အနည်းငယ် ကွာဟမှု ရှိနိင်ပါတယ်။

Black hole ကိုချဲ့ထွင်စဉ်းစားကြည့်ခြင်း

Black hole နဲ့ wormholes တွေနဲ့ ပါတ်သက် လာရင်လဲ တွက်ချက်တဲ့ သင်္ချာ အတိုင်းအတာ အညွှန်း မက်ထရစ် တွေ ရှိကြပါတယ်။ ဒီ အထဲမှာ အသုံး အများဆုံး ကတော့ ရွှားချိုင်း အညွှန်းကိန်း (Schwarzschild metric) တွေပဲ ဖြစ်ပါတယ်။ ရွှားချိုင်း ဆိုတာကတော့ ဒီ တွင်းနက် တွေကို ပထမဆုံး စတင် အဆိုပြုခဲ့တဲ့ သူပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ရွှားချိုင်း အညွှန်းကိန်း တွေက ပြဿနာ ရှိနေပါတယ်။ ဒီ အညွှန်းမှာ သုံးထားတဲ့ သင်္ချာ ဖော်မြူလာတွေက တွင်နက်ရဲ့ ဗဟိုကနေ အကွာအဝေး တစ်ခု အကျော်မှာပဲ အလုပ်လုပ်ပါတယ်။ ဒီ အကွားအဝေးထက် နီးသွားရင် တွက်မရ တော့ပါဘူး။ 

ရွှားချိုင်း အညွှန်း ပြိုကွဲသွားတဲ့ အကွားအဝေးကတော့ တွင်းနက်ရဲ့ Event Horizon လို့ခေါ်တဲ့ ပြန်လမ်းမဲ့ နယ်ခြားမျဉ်းပဲ ဖြစ်ပါတယ်။ ဘာလို့ ပြန်လမ်းမဲ့ နယ်ခြားလို့ ခေါ်သလဲ ဆိုတော့ ဒီ နယ်နိမိတ်ကို ကျော်လိုက်ရင် အလင်းက အစ ဘာမှ ပြန်ထွက် မလာနိုင် တော့လို့ပဲ ဖြစ်ပါတယ်။

ရွှားချိုင်း အညွှန်းတွေနဲ့ တွက်ချက်မှုတွေဟာ ဒီ ပြန်လမ်းမဲ့ နယ်ခြားမျဉ်း ကို ရောက်တာနဲ့ တွက်မရတော့ပါဘူး။ အာကာသ ထဲက အကွာအဝေးတွေ အချိန် ကွာခြားချက်တွေ အားလုံး ရောထွေးကုန်ပါတယ်။ တနည်းအားဖြင့် ရွှားချိုင်း အညွှန်းကို အသုံးပြုပြီး တွင်းနက်ရဲ့ ပြန်လမ်းမဲ့ နယ်ခြား အရောက်မှာ ဘာတွေ ဆက်ဖြစ်လဲ ဆိုတာကို ကျွန်တော်တို့ အဖြေ မထုတ် နိုင်ပါဘူး။

ဒါပေမယ့် Black hole နဲ့ ပါတ်သက်လို့ တွက်ချက်ဖို့ရန် နောက်ထပ် အညွှန်း တစ်ခု ရှိပါသေးတယ်။ အဲ့ဒါကတော့ အက်ဒင်တန်-ဖန်ကယ်စတိုင်း အညွှန်း(Eddington-Finkelstein metric) ပဲ ဖြစ်ပါတယ်။ ဒီအညွှန်းကို အသုံးပြုပြီး တွက်ချက်မယ် ဆိုရင်တော့ event horizon ပြန်လမ်းမဲ့ နယ်ခြား ရောက်သည့်တိုင် အာကာသနဲ့ အချိန်ဟာ ပြိုကွဲ မသွား သေးပါဘူး (ပြိုကွဲတယ် ဆိုတာ အပေါ်က ပြောခဲ့သလို သင်္ချာဖော်မြူလာနဲ့ တွက်ထုတ်လိုက်တဲ့ အဖြေတွေ ရောထွေး ရှုပ်ပွ ကုန်တာကို ဆိုလိုတာပါ)။

ဒီ အက်ဒင်တန်-ဖန်ကယ်စတိုင်း အညွှန်းနဲ့ တွက်ချက်မှု အရဆို ပြန်လမ်းမဲ့ နယ်ခြား ရောက်သွားတဲ့ အရာဝတ္ထု တွေဟာ ဒီနယ်ခြားကို ဖြတ်ပြီး အတွင်းထဲကို ဝင်သွားပါတယ်။ (အပေါ်က ရွှားချိုင်း အညွှန်းက အတွင်းထဲ ဝင်မဝင်တောင် တွက်မပေး နိုင်ပါဘူး)။ ဝင်သွားတဲ့ အရာ ဝတ္ထုတွေ ကိုတော့ ဘယ်တော့မှ ပြန်ပြီး တွေ့ရတော့မှာ မဟုတ်ပါဘူး။

ဒါပေမယ့် ဒါတွေက ကျွန်တော်တို့ ဆောင်းပါးရဲ့ ခေါင်းစဉ် ဖြစ်တဲ့ wormhole ဖြတ်လမ်း တွေနဲ့ ဘာဆိုင် လို့လဲဗျာ။

ဘယ်လို သက်ဆိုင်လဲ ဆိုတာ အောက်မှာ ရှင်းပြပါမယ်။

Wormhole ဖြတ်လမ်း တစ်ခုကို စိတ်ကူးနဲ့ ပုံဖေါ်ကြည့်ဖို့ အလွယ်ကူဆုံး နည်းလမ်းကတော့ ဘလက်ဟိုး တွင်းနက်ကို သူ့ရဲ့ ဆန့်ကျင်ဖက် ဖြစ်တဲ့ White hole တွင်းဖြူနဲ့ ဆက်ပေးလိုက်တဲ့ နည်းပဲ ဖြစ်ပါတယ်။ ဒီ အိုင်ဒီယာကို ပထမဆုံး စပြီး အကြံပြုခဲ့ သူတွေကနော့ အိုင်းစတိုင်းနဲ့ နာသန် ရိုစင် (Nathan Rosen) တို့ပဲ ဖြစ်ကြပါတယ်။ ဒါ့ကြောင့်မို့လဲ ဒီ wormhole တွေကို အိုင်းစတိုင်း-ရိုစင် တံတား (Einstein-Rosen bridges) လို့ ခေါ်ကြတာ ဖြစ်ပါတယ်။

တွင်းနက်တွေဟာ သူတို့ထဲ ဝင်သွားမိတဲ့ အရာမှန်သမျှကို ဘယ်တော့မှာ အပြင်ကို ပြန်ထွက်ခွင့် မပြုတော့ ပါဘူး။ တဖက်မှာလဲ White hole တွင်းဖြူတွေဟာ သူတို့ထဲကို ပြင်ပက ဘယ်အရာ မှ ဝင်ရောက်ဖွင့် မပြုပါဘူး။ သူတို့ နှစ်ခုလုံးမှာ တူညီနေတာ တစ်ခုကတော့ Singularity ခေါ်တဲ့ အမှတ်ထူး ရှိနေတာပဲ ဖြစ်ပါတယ်။ ဒီတော့ ဒီ အမှတ်ထူး နှစ်ခုကို ဆက်ပေးလိုက်ခြင်း အားဖြင့် wormhole ခေါ်တဲ့ အာကာသ နဲ့ အချိန် ဖြတ်လမ်း တစ်ခု ဖြစ်လာပါတယ်။

Wormhole တစ်ခုအားဖြတ်သန်းခြင်း

ဒါကတော့ wormhole ဖြတ်လမ်း တစ်ခု ဖြစ်တည်နေမှု သီအိုရီပါ။ ဒီတော့ ဒီ သီအိုရီကို ဆက်တွေးလိုက်မယ်ဆို ဒီ ဖြတ်လမ်းကို ဖြတ်ပြီး လူတစ်ယောက် ဖြတ်ဖို့ ကြိုးစား ခဲ့မယ်ဆိုရင် ဘာဖြစ်လာ မလဲ ဆိုတဲ့ မေးခွန်းပဲ ပေါ်လာပါတယ်။ ဒီနေရာမှာ အိုင်းစတိုင်းရဲ့ နှိုင်းရ သီအိုရီ ဆီ ပြန်ရောက်လာ ပြန်ပါတယ်။

ကောင်းပြီ၊ လူတစ်ယောက် ဖြတ်လျှောက်ဖို့ ဆိုတာက သိပ်မဖြစ်နိုင်ပါဘူး။ ပြီးတော့ လူတစ်ယောက် ဖြတ်လျှောက်တာကို တွက်ချက်ဖို့ ဆိုတာကလဲ မလွယ်လှ ပြန်ပါဘူး။ ဒီတော့ ဖြစ်နိုင်တဲ့ အရာ တစ်ခုခု စဉ်းစား ကြည့်ရအောင်ပါ။

အမှုန် တစ်ခု ဖြတ်မယ် ဆိုပါစို့ဗျာ (ဥပမာ အီလက်ထရွန် လိုမျိုး အခြေခံ အမှုန်လေး တစ်ခုပေါ့။) ဒါဆိုရင်တော့ ပိုဖြစ်နိုင်မယ်။ ဘာ့ကြောင့်ဆို ဒီ အမှုန်တွေက ပုံမှန်လဲ black hole ထဲကို ကျနေတာပဲ ဆိုတော့။

ဒီ့အတွက် အဖြေကတော့ wormhole တွေဟာ အကျင့်မကောင်းဘူး လို့ပဲ ဖြေရမှာ ဖြစ်ပါတယ်။ တွင်းဖြူတွေ ကလဲ တည်ငြိမ်မှု လုံးဝ မရှိတဲ့ အပြင် လက်တွေ့မှာ တကယ် ရှိမရှိ ဆိုတာတောင် သိပ် မသေချာ လှပါဘူး။ ပြီးတော့ wormhole ထဲမှာ သက်ရောက်နေတဲ့ ပြင်းထန်ပြီး ထိန်းမရတဲ့ အားတွေကြောင့်  wormhole ကြီးကို ဆွဲဆန့်သလို ဖြစ်ပြီး ရာဘာ သားရေကွင်း ပြတ်သလို ပြတ်ထွက်သွား နိုင်ပါတယ်။ ဒီလောက် တည်ငြိမ်မှု မရှိတဲ့ wormhole ထဲကို အရာ ဝတ္ထု တစ်ခုခု (အမှုန်လေးပဲ ဖြစ်ဖြစ်) ပစ်ချလိုက်မယ် ဆိုရင်တော့ ဘာတွေ ဆက်ဖြစ်လာ မလဲ ဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး။

ဒါပေမယ့် အိုင်းစတိုင်း နဲ့ ရိုစင် တို့ဟာ သူတို့ရဲ့ wormhole ကို ရွှားချိုင်း အညွှန်း (Schwarzschild metric) တွေကို အသုံးပြုပြီး တည်ဆောက် ခဲ့တာ ဖြစ်ပါတယ်။ wormhole နဲ့ ပါတ်သက်တဲ့ အခြား တွက်ချက်မှု အများစု ကလဲ ဒီ ရွှားချိုင်း အညွှန်း တွေ အသုံးပြု တွက်ချက် ထားကြတာပါ။ 

ပြင်သစ်နိုင်ငံ Ecole Normale Supérieure de Lyon တက္ကသိုလ်က ရူပဗေဒ ပညာရှင် ပါစကဲ ကွာရန် (Pascal Koiran) ဟာ wormhole တွေကို အခြား အညွှန်း တစ်ခု ဖြစ်တဲ့ အက်ဒင်တန်-ဖန်ကယ်စတိုင်း အညွှန်း (Eddington-Finkelstein metric) ကို အသုံးပြုပြီး ပြန်လည် တွက်ချက် ကြည့်ခဲ့ပါတယ်။ သူ့ရဲ့ တွေ့ရှိချက် တွေကို ပညာရပ် ဂျာနယ် တစ်စောင် ဖြစ်တဲ့ ခေတ်သစ် ရူပဗေဒ ဂျာနယ် (Journal of Modern Physics D) မှာ ဖော်ပြ ထားတာ ဖြစ်ပါတယ်။ 

သူ့ရဲ့ တွက်ချက်မှု အရ ဒီ အက်ဒင်တန်-ဖန်ကယ်စတိုင်း အညွှန်း ကို အသုံးပြုပြီး တွက်ချက်တဲ့ အခါ အမှုန်တွေရဲ့ wormhole ထဲ  ဝင်သွားရာ လမ်းကြောင်းတွေကို ပိုပြီး လွယ်လွယ် ကူကူ တွက်ချက် ရှာဖွေလို့ ရတာကို တွေ့ရှိခဲ့ရပါတယ်။

ဒီ အမှုန်တွေဟာ တွင်းနက်ရဲ့ ပြန်လမ်းမဲ့ နယ်ခြား (Event Horizon)  ကို ဖြတ်သွားပြီး wormhole ထဲကို ဝင်ရောင်  သွားတယ် ဆိုတာ တွက်ချက်မှုတွေအရ သိရပါတယ်။ ပြီးတော့ ဒီ ဖြတ်လမ်းရဲ့ အခြား တဖက်ကနေ ပြန်ထွက်လာတာ ကိုလဲ တွေ့ရှိ ရပါတယ်။ ဒီဖြစ်ရပ်တွေ အားလုံးဟာ တွက်ချက်မှု တွေအရ တိကျတဲ့ အချိန် အတိုင်းအတာ တစ်ခု အတွင်းမှာ ဖြစ်ပျက်လိမ့်မယ် လို့ ဆိုပါတယ်။

ဒါဆို အိုင်းစတိုင်း-ရိုစင် တံတား (wormhole) တွေဟာ တည်ငြိမ်မှု ရှိတယ်လို့ ယူဆရ မှာပေါ့။

ဒီလိုလဲ မဟုတ်သေးပါဘူးတဲ့။ နှိုင်းယှဉ်ခြင်း သီအိုရီဟာ အရာဝတ္ထုတွေ အပေါ်မှာ ဆွဲငင်အား Gravity ရဲ့ သက်ရောက်မှု ကိုပဲ ပြောပါတယ်။ ဒါပေမယ့် သဘာဝ မှာ ဆွဲငင်အား အပြင် အခြား အားတွေ ရှိနေပါ သေးတယ်။ 

အပူနဲ့ စွမ်းအင်တွေ အကြောင်း လေ့လာတဲ့ သာမိုဒိုင်းနမစ် သီအိုရီ တွေအရ ဆိုရင် ​wormhole ရဲ့ တဖက်မှာ ရှိတဲ့ တွင်းဖြူ တွေဟာ မတည်ငြိမ် နိုင်ပါဘူးတဲ့။ အကယ်လို့ ရူပဗေဒ ပညာရှင်တွေဟာ ဓါတ်ခွဲခန်းမှာ တွင်းနက် နဲ့ တွင်းဖြူတွေ ဖန်တီးပြီး ချိတ်ဆက်ဖို့ ကြိုးစားခဲ့မယ် ဆိုရင်လဲ ချက်ခြင်း ပြိုကွဲသွား လိမ့်မယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒီတွက်ချက်မှုကနေ စိတ်ဝင်စားစရာ အမြင်သစ်တွေကို တော့ တင်ပြပေးနိုင် ခဲ့ပါတယ်။ အရင်က ထင်ထားခဲ့ သလို wormhole တွေဟာ တည်ငြိမ်မှု မရှိတဲ့ ဖြတ်လမ်းတွေ မဟုတ်ပဲ ဒီ wormhole တွေကို ဖြတ်သန်းနေတဲ့ တည်ငြိမ်မှု ရှိတဲ့ ဖြတ်လမ်းတွေ ရှိကောင်း ရှိနေ နိုင်တယ် ဆိုတာကို မီးမောင်းထို့ ပြနေတာလဲ ဖြစ်ပါတယ်။

Reference: Wormholes may be viable shortcuts through space-time after all, new study suggests | Live Science

Advertisement