Skip to content

အပြည်ပြည်ဆိုင်ရာ အာကာသစခန်းကြီးကို လမ်းချော်သွားစေတဲ့ ရုရှားအာကာသယာဉ်

  • Space
အပြည်ပြည်ဆိုင်ရာ အာကာသစခန်းကြီးကို လမ်းချော်သွားစေတဲ့ ရုရှားဓါတ်ခွဲခန်း

ပြီခဲ့တဲ့ ကြာသပတေးနေ့က အပြည်ပြည်ဆိုင်ရာ အာကာသစခန်း (International Space Station, ISS) ကြီးဟာ မူလလမ်းကြောင်းကနေ အချိန် ၄၇ မိနစ်တာလောက် ကြာအောင် လမ်းချော်သွားပါတယ်။ ဒီဖြစ်ရပ်ကို ဖြစ်စေခဲ့တာကတော့ လောလောလတ်လတ်  ISS နဲ့ လာချိတ်ဆက်ခဲ့တဲ့ ရုရှ သိပ္ပံ ဓါတ်ခွဲ စမ်းသပ်ခန်း အာကာသယာဉ်ပဲ ဖြစ်ပါတယ်။

ပြီခဲ့တဲ့ ကြာသပတေးနေ့က ISS နဲ့ နောက်ဆုံး လာချိတ်ခဲ့တဲ့ နော်ကာ သိပ္ပံ ဓါတ်ခဲခန်း (Nauka Science Lab) ယာဉ်ကနေပြီး ဒုံးစက်တွေကို နှိုးခဲ့တာကြောင့်မို့ အပြည်ပြည်ဆိုင်ရာ အာကာသစခန်းယာဉ်ဟာ မူလလမ်းကြောင်းကနေ သွေဖည်သွားရတာပဲ ဖြစ်ပါတယ်။ ဒီလို ဒုံးစက်နှိုးခဲ့တဲ့ ဖြစ်စဉ်ဟာ ဒီ ဓါတ်ခွဲခန်းယာဉ် လာရောက်ချိတ်ဆက်ပြီး နာရီအနည်းငယ် အကြာမှာ ဖြစ်ပျက်ခဲ့တာပဲ ဖြစ်ပါတယ်။

အပြည်ပြည် ဆိုင်ရာ အာကာသ စခန်းယာဉ်ရဲ့ တည်နေရာဟာ ယာဉ်ရဲ့ နေရောင်ချည် စွမ်းအင်သုံး လျှပ်စစ်ဓါတ်အား ထုတ်စက်တွေ အလုပ်လုပ်ဖို့ အရေးကြီး သလိုမြေပြင်နဲ့ ဆက်သွယ်ရေးမှာလဲ အရေးပါပါတယ်။ အခုလို လမ်းလွဲသွားတာကြောင့် နေရောင်ချည် စွမ်းအင်ထုတ်စက်တွေ ကောင်းကောင်း အလုပ်မလုပ်တော့ သလို မြေပြင်နဲ့ အာကာသစခန်းအကြား ဆက်သွယ်ရေးတွေလဲ ခနတာ ပြတ်တောက်သွားပါတယ်။ 

အပြည်ပြည်ဆိုင်ရာ အာကာသစခန်းပေါ်က ရုရှားအဖွဲ့ခေါင်းဆောင် ဗလာဒီမီယာ ဆိုလိုယောဗ်ကတော့ အခုဖြစ်စဉ်ကို ကွန်ပြူတာ ပရိုဂရမ်ရဲ့ ချို့ယွင်းမှုကြောင့်လို့ အပစ်ပုံချ ခဲ့ပါတယ်။ ဒီလို ကွန်ပျူတာ ပရိုဂရမ်ရဲ့ ချို့ယွင်းမှုကြောင့် ဒီ ဓါတ်ခွဲခန်းယာဉ်ရဲ့ ဒုံးစက်တွေကို မတော်တဆ နှိုးမိတာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ရုရှား အာကာသအေဂျင်စီရဲ့ ဒါရိုက်တာ ဖြစ်သူ ဒီမီထရီ ရိုဂိုဇင်ကတော့ ဒီကိစ္စမှာ လူ့အမှားလဲ ပါဝင်နိုင်တယ်လို့ ဝန်ခံပြောကြား ခဲ့ပါတယ်။

“နော်ကာ ဓါတ်ခွဲခန်း အောင်မြင်စွာ ချိတ်ဆက်မှု အပြီးမှာ လူတွေက အတော်ပျော်ရွှင်သွားကြပြီး နည်းနည်း ပေါ့သွားပုံ ပေါ်ပါတယ်။ အဲ့သည်တော့ ကြည့်ရတာ ဓါတ်ခွဲခန်း ယာဉ်ရဲ့ ထိန်းချုပ်ရေး ကွန်ပျူတာကို ပိတ်ဖို့ မေ့သွားပုံ ပေါ်ပါတယ်။ အဲ့တော့ ဒီထိန်းချုပ်ရေး ကွန်ပျူတာက ဆက်အလုပ်လုပ် နေပြီး ဒုံးစက်ကို အော်တိုမက်တစ် နှိုးလိုက်မိပုံ ရပါတယ်။” လို့ သူက အင်တာဗျုးမှာ ပြောကြားပါတယ်။

1 / 9

အမေရိကန် အာကာသ အေဂျင်စီ နာဆာကတော့ ဒီဖြစ်စဉ်ကြောင့် အာကာသ စခန်းယာဉ်ဟာ မူလလမ်းကြောင်းကနေ ၄၅ ဒီဂရီလောက် လမ်းချော်သွားတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့်လဲ အာကာသ စခန်းယာဉ်ဟာ ထိန်းမရအောင် လည်ထွက်သွားတာမျိုးတော့ မဖြစ်ခဲ့ဘူးလို့ သတင်းထုတ်ပြန်ချက်မှာ ဆက်လက် ဖေါ်ပြထားခဲ့ပါတယ်။ ဒါ့ကြောင့် အာကာသ စခန်းယာဉ်နဲ့ ယာဉ်မှူးတွေအပေါ်မှာတော့ ချက်ချင်းလက်ငင်း အန္တရာယ် ကျရောက်နိင်တဲ့ အနေအထား မရှိဘူးလို့ ဒီကြေငြာချက်မှာ ဆက်လက် ဖေါ်ပြထားပါတယ်။

ဒါပေမယ့်လဲ ဒီလို လမ်းချော်သွားမှုကြောင့် မူလက နာဆာကနေ စေလွှတ်ဖို့ ရည်မှန်းထားတဲ့ ဘိုးအင်း ကုမ္ပဏီရဲ့ ယာဉ်ကို လွှင့်တင်မဲ့ အစီအစဉ်ကိုတော့ ခန ဆိုင်းငံ့ထားခဲ့ ရပါတယ်။ 

ရုရှရဲ့ အခုနောက်ဆုံး ချိတ်ဆက်ခဲ့တဲ့ နော်ကာ သိပ္ပံ ဓါတ်ခွဲခန်းဟာ စုစုပေါင်း ၂၂ တန် အလေးချိန် ရှိပြီး ကာဇက်စတန် အာကာသ အခြေစိုက်စခန်းကနေ ပစ်လွှတ်လိုက်ပြီး ၈ ရက်အကြာမှာ အပြည်ပြည်ဆိုင်ရာ အာကာသ စခန်းယာဉ်နဲ့ အောင်မြင်စွာ ချိတ်ဆက်နိုင် ခဲ့တာ ဖြစ်ပါတယ်။ ဒီဓါတ်ခွဲခန်းဟာ အရှည် ၄၃ ပေ ရှည်လျားပြီး အာကာသစခန်းယာဉ်အတွက် ကြီးများကျယ်ပြန့်တဲ့ ဓါတ်ခွဲစမ်းသပ်ခန်း တစ်ခုကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ တကယ်က ၂၀၀၇ ခုနှစ်ကတဲက လွှတ်တင်ဖို့ ရည်မှန်းထားတာပါ။ ဒါပေမယ့် ချို့ယွင်းချက်တွေ များလွန်းလို့ ပြင်ရင်ပြင်ရင်း ၂၀၂၁ ကျမှပဲ လွှတ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အခုလို ချိတ်ဆက်ပြီးပေမယ့်လဲ နော်ကာ ဓါတ်ခွဲခန်းဟာ ချက်ချင်းတော့ အသုံးချလို့ မရနိုင်သေးပါဘူး။ သူ့ကို အသုံးချနိုင်ဖို့ ပြင်ဆင်မှုတွေ ပြုလုပ်ရဦးမှာ ဖြစ်ပါတယ်။ ဒီအထဲမှာ အာကာသ ထဲ လမ်းလျှောက်ထွက်ပြီး ဓါတ်ခွဲခန်းရဲ့ အပြင်ဖက်မှာ တပ်ဆင်လို့ လိုအပ်တာတွေကို တပ်ဆင်ရမယ့် ပြင်ဆင်မှုတွေလဲ ပါဝင်ပါတယ်။

ဒီတပ်ဆင်မှုတွေကို လာမယ့် စက်တင်ဘာလထဲမှာ စတင်ပြုလုပ်မှာ ဖြစ်ပါတယ်။ ပြီးစီးမယ့် အချိန်ကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး ခင်ဗျာ။

Reference: Russia blames space station lab incident on software failure | PhysOrg

Advertisement