Skip to content

နေဘယ်လို စတင်မွေးဖွား ခဲ့လဲ

  • Space
နေဟာ လွန်ခဲ့တဲ့ နှစ်သန်း ၄,၅၀၀ ခန့်က ဓါတ်ငွေ့တွေနဲ့ ဖုန်မှုံ့တွေ ကနေ စတင်ပေါက်ဖွားလာပါတယ်

ကျွန်တော်တို့ နေ့စဉ် မြင်နေရတဲ့ နေ ဟာ တကယ်တော့ ကြယ်တစင်းသာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ မစ်ကီးဝေး ဂလက်ဆီ ကြယ်စုကြီး ထဲမှာတင် ကျွန်တော်တို့ရဲ့ နေ နဲ့ အလားတူ ကြယ်ပေါင်း ဘီလီယံ ၁၀၀ (၁ ဘီလီယံ = သန်း ၁,၀၀၀) လောက် ရှိမယ်လို့ ခန့်မှန်း ကြပါတယ်။ ဒါဆို ကျွန်တော်တို့ နေက ဘယ်လို ဖြစ်လာတာလဲ။ ဘယ် အချိန်က စဖြစ်လာတာလဲ။ 

အလွန်ကျယ်ပြောတဲ့ အာကာသ ဟင်းလင်းပြင်ကြီး တစ်နေရာမှာ ဆွဲငင်အား (Gravity) က ဖုန်တွေနဲ့ ဓါတ်ငွေ့တွေကို ဆွဲယူ စုစည်း လိုက်ပါတယ်။ ဒီလို ဆွဲငင် စုစည်း လိုက်မှုကြောင့် နေ နဲ့ နေအဖွဲ့အစည်း ဖြစ်လာရပါတယ်။ ဒါပေမယ့် ဒီ ဓါတ်ငွေ့ နဲ့ ဖုန်မှုန့် တွေကနေပြီး ဘယ်လိုလုပ် တောက်ပ ပူပြင်းတဲ့ “နေ” ဖြစ်လာရတာ ပါလဲ။

အမေရိကန် ပြည်ထောင်စု နာဆာ အာကာသ အေဂျင်စီ မာရှယ် အာကာသ ပျံသန်းရေး ဗဟို ဌာန (NASA’s Marshall Space Flight Center in Huntsville, Alabama) က သိပ္ပံ ပညာရှင် ဆာဘရီနာ ဆက်ဗေ့ချ် (Sabrina Savage) ရဲ့ အဆိုအရတော့ နေဟာ ကျွန်တော်တို့ရဲ့ နေအဖွဲ့အစည်း ထဲမှာ အကောင်းဆုံးသော ရူပဗေဒ ဓါတ်ခွဲခန် တစ်ခု ဖြစ်တယ် လို့ ဆိုပါတယ်။

အာကာသ ကြီးက ကြည့်လိုက်ရင် ဟာလာဟင်းလင်း ဘာမှ မရှိ သလိုပဲ ထင်ရပါတယ်။ ဒါပေမယ့် တကယ်ကတော့ အာကာသ ဟင်းလင်းပြင် ထဲမှာ ဖုန်မှုန့်တွေ ဓါတ်ငွေ့တွေ ပျံ့နှံ့နေတာပါ။ ဒီ အာကာသ ထဲက ဓါတ်ငွေ့ အများစုက ဟိုက်ဒြိုဂျင် ဓါတ်ငွေ့နဲ့ ဟီလီယံ ဓါတ်ငွေ့တွေ ဖြစ်ကြပါတယ်။ ဒီ ဓါတ်ငွေ့ တွေအထဲမှာ အရင်က ကြယ်တွေ သေဆုံးပြီး ကျန်ရစ်ခဲ့တဲ့ အခြား ဒြပ်စင် အကြွင်းအကျန် တွေလဲ ပါဝင်ပါတယ်။

လွန်ခဲ့တဲ့ နှစ်သန်း ၄,၅၀၀ လောက် ပတ်ဝန်းကျင်က အာကာသထဲ ဖြတ်သန်းလာတဲ့ စွမ်းအင်လှိုင်း တွေဟာ ဒီ ဓါတ်ငွေ့တွေကို စုစည်း သိပ်သည်းသွားအောင် ဖိသိပ် လိုက်ပါတယ်။ ဒီ ဖိသိပ်မိတဲ့ ဓါတ်ငွေ့တွေရဲ့ အချင်းချင်း ဆွဲအားကြောင့် ဒီ ဓါတ်ငွေ့တွေဟာ အလယ်ဗဟိုကို စုပြုံပြီး ပြိုကျလာ ကြပါတယ်။ ဒီလို ဗဟိုကို ပြိုကျလာ ကြတဲ့ ဓါတ်ငွေ့ ဖုန်မှုန့် တွေဟာ ရေဝဲကြီးလိုပဲ ချာလပတ်လည် သွားကြပါတယ်။ 

ဒီလို ဝဲဂယက်ကြီး အဖြစ် အလယ်ဗဟိုကို ဗဟိုပြုပြီး လှည့်ပတ်နေတဲ့ ဓါတ်ငွေ့တွေဟာ တဖြည်းဖြည်း နံပြားချပ် ကြီးလို အပြားကြီး ဖြစ်သွားပါတယ်။ ဒီ ဓါတ်ငွေ့ ဝဲဂယက်ပြားကြီးရဲ့ အလယ် ဗဟိုမှာတော့ ဓါတ်ငွေ့တွေ နဲ့ ဖုန်မှုန့်တွေဟာ ပေါင်းစု တွယ်ကပ် မိကြပြီး အကြိုနေ (Protostar) ဖြစ်လာပါတယ်။ ဒီကမှ တဖြည်းဖြည်းနဲ့ “နေ” အဖြစ် ကူးပြောင်းရောက်ရှီ သွားပါတော့တယ်။

ဒီ အသစ် ဖြစ်လာတဲ့ ‘အကြိုနေ” ရဲ့ ပတ်ခြာလည်က ဓါတ်ငွေ့ ဝဲဂယက်ကြီးဟာ နောင်တချိန်မှာ နေကို လှည့်ပတ်နေတဲ့ ဂြိုဟ်တွေ ဖြစ်လာမယ့် အရာတွေ ဖြစ်ပါတယ်။ ဒီ ဝဲ ဂယက်ကြီး ရှိနေတာမို့ ဂြိုဟ်ဖြစ်လာမယ့် အရာဝတ္ထုတွေဟာ နေထဲကို ကျမသွားပဲ ဂြိုဟ်ဖြစ်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။

စဖြစ်ကာစ အကြိုနေ ဟာ ဟိုက်ဒရိုဂျင်နဲ့ ဟီလီယံ ဓါတ်ငွေ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ဓါတ်ငွေ့ ဘော်လုံးကြီး တစ်လုံးမျှသာ ဖြစ်ပါတယ်။ အခု မြင်နေရတဲ့ နေလို အဏုမြူ ဓါတ်ပြုလောင်ကြွမ်းမှု မရှိသေးပါဘူး။

နောက်နှစ် သန်းပေါင်း များစွာ ကြာတဲ့ ကာလအတွင်းမှာ ဒီ အကြိုနေရဲ့ ဗဟိုအူတိုင်ရဲ့ ဖိအားနဲ့ အပူချိန်ဟာ တဖြည်းဖြည်း ပိုများလာပါတယ်။

အကြိုနေ ဖြစ်ပြီး ခန့်မှန်းခြေ နှစ်သန်း ၅၀ လောက် အကြာမှာတော့ အခု နေကို အပူချိန် နဲ့ အလင်းရောင် ပေးတဲ့ ဖျူးရှင်း အဏုမြူ ဓါတ်ပေါင်းစပ်မှု (Nuclear Fusion) စတင်လာပါတော့တယ်။ ဒီ အဏုမြူ ဓါတ်ပေါင်းစပ်မှု ဖြစ်စဉ်မှာ ဟိုက်ဒြိုဂျင် အက်တမ် ၄ လုံး ပေါင်းပြီး ဟီလီယံ အက်တမ် တစ်လုံး ထွက်လာတာ ဖြစ်ပါတယ်။ ဒီလို စိုက်ဒြိုဂျင် ၄ လုံးပေါင်းပြီး ဟီလီယံ တစ်လုံး ပြောင်းသွားတဲ့ ဖြစ်စဉ်မှာ ပိုနေတဲ့ ဒြပ်ထုတွေဟာ စွမ်းအင်အဖြစ် ကူးပြောင်း သွားပါတယ်။

(မှတ်ချက်။ အလွယ် ပြောရရင် ဟိုက်ဒြိုဂျင် ၄ လုံးပေါင်းရဲ့ အလေးချိန်ထက် ဟီလီယံ တစ်လုံးရဲ့ အလေးချိန်က မဆိုစလောက် ကလေး ပေါ့ပါတယ်။ ဒါဆို ဟိုက်ဒြိုဂျင် ၄ လုံးက ဟီလီယံ တစ်လုံး ပြောင်းလိုက်တဲ့ အချိန်မှာ ပျောက်သွားတဲ့ ဒြပ်ထုတွေက ဘယ်ရောက်သွားတာလဲ။ ဘယ်ရောက် သွားလဲ ဆိုတော့ အဲ့သည် ဒြပ်ထုက စွမ်းအင် အဖြစ် ကူးပြောင်းသွားတာ ဖြစ်ပါတယ်။)

ဒီ ထွက်လာတဲ့ စွမ်းရည် တွေဟာ နေကနေပြီး အပူ၊ အလင်းရောင် နဲ့ အခြား လျှပ်စစ်သံလိုက် လှိုင်းတွေ အနေနဲ့ ထွက်လာ ကြပါတယ်။ 

ကျွန်တော်တို့ နေဟာ သက်တမ်း အနေနဲ့ စုစုပေါင်း နှစ် သန်းပေါင်း ၁၀,၀၀၀ လောက်တော့ အသက်ရှင်သန် နိုင်မယ်လို့ ယူဆ ကြပါတယ်။ 

ဒီလို နေဖြစ်တဲ့ ဖြစ်စဉ်မှာ နေဟာ သူ့ပါတ်ဝန်းကျင်က ဓါတ်ငွေ့တွေ အားလုံးကို အသုံးပြုခြင်း မရှိပါဘူး။ ကျန်ရစ်ခဲ့တဲ့ ဓါတ်ငွေ့တွေနဲ့ ဖုန်မှုန့်တွေဟာ နေကို ဗဟိုပြုပြီး ဝဲဂယက်ကြီး အနေနဲ့ ဆက်လက် လှည့်ပတ်ပတ် နေခဲ့ပါတယ်။ ဒီ ကျန်ရစ်ခဲ့တဲ့ ဓါတ်ငွေ့ နဲ့ ဖုန်မှုန့် တွေကနေ ပြီးတော့ စုစည်း သိပ်သည်း မိပြီး ဂြိုဟ်တွေ ဖြစ်လာကြတာ ဖြစ်ပါတယ်။

ကျွန်တော်တို့ နေဟာ အရွယ်အစား အားဖြင့်တော့ အလယ်အလတ်စား ကြယ်တစ်စင်းသာ ဖြစ်ပါတယ်။ သိပ်လဲ မကြီးလွန်း သလို သိပ်လဲ ငယ်မနေ ပါဘူး။ ဒီလို အနေတော် အရွယ်ရှိတာကြောင့်လဲ နေမှာ သင့်တင့် မျှတတဲ့ အလင်းရောင်နဲ့ အပူချိန်ကို ပေးစွမ်း နိုင်သလို အပြင်းအထန် လောင်ကြွမ်းပြီး ခနလေးနဲ့ သက်တမ်း ကုန်သွားတာ မျိုးလဲ မဖြစ်တော့ ပါဘူး။ (အရမ်းကြီးတဲ့ ကြယ်ကြီးတွေဟာ သူတို့ရဲ့ ဟိုက်ဒြိုဂျင် လောင်စာကို ခနလေးနဲ့ လောင်ကြွမ်းပြီး သက်တမ်း မြန်မြန် ကုန်သွား ကြပါတယ်။)

နေရဲ့ ၁၀ နှစ်တာ ကာလကို NASA က ရိုက်ကူး ထားတာပါ

နောက်နှစ် သန်း ၅,၀၀၀ လောက် အကြာမှာတော့ နေထဲက ဟိုက်ဒြိုဂျင်တွေ ကုန်သွားပါလိမ့်မယ်။ ဒီအခါ ကျွန်တော်တို့ရဲ့ နေကြီးဟာ ဖေါင်းကားလာပြီး ကြယ်နီကြီး တစ်ခု အဖြစ် ကူးပြောင်း သွားပါလိမ့်မယ်။ ဒီအချိန်မှာ ဒီ ကြယ်နီကြီး ရဲ့ အရွယ်ဟာ ကမ္ဘာ ပတ်လမ်း အလွန်အထိ ကြီးလာပြီး ကမ္ဘာကိုပါ  ဝါးမြိုသွားပါလိမ့်မယ်။ 

ဒါပေမယ့် ဒီ အခြေအနေ ကိုလဲ သိပ်ကြာကြာ ထိန်းမထား နိုင်တဲ့အတွက် နောက်ဆုံးမှာတော့ ပြန်လည် ကြုံ့ဝင်သွားပြီး ကြယ်ဖြူးပု လေး တစ်စင်း အဖြစ် ဘဝကို အဆုံးသတ်သွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ နေ စဖြစ်တဲ့ လွန်ခဲ့တဲ့ နှစ်သန်း ၄,၅၀၀ တုန်းက ဒီ ကြယ်ကြီး စဖြစ်တာကို စောင့်ကြည့် လေ့လာဖို့ လူသားတွေ မရှိကြ သေးပါဘူး။ ဒါဆို ဘယ်လို သိတာလဲ လို့ မေးစရာ ရှိပါတယ်။

သိပ္ပံ ပညာရှင် တွေဟာ နေဖြစ်တာကို စောင့်ကြည့်နိုင်စွမ်း မရှိခဲ့ ပေမယ့်လဲ လက်ရှိ မစ်ကီးဝေး ဂလက်ဆီ ထဲမှာ ဖြစ်ထွန်းနေတဲ့ သန်းပေါင်းများစွာသော ကြယ်သစ်တွေ ဖြစ်ပေါ်နေ တာကိုတော့ အသေးစိတ် လေ့လာနိုင်ခဲ့ ကြပါတယ်။ ဒီ လေ့လာတွေ့ရှိ ချက်တွေကို အခြေပြုပြီး နေရဲ့ ဘဝ အစ ဖြစ်စဉ်ကို ပြန်လည် ပြောပြနိုင် ကြတာပဲ ဖြစ်ပါတယ်။

— မောင်သူရ (မြန်မာ့သိပ္ပံ) —

Reference: How was the sun formed? | Space

Advertisement