Skip to content

အင်္ဂါဂြိုဟ်ပေါ်က ပင်လယ် ဘယ်လို ပျောက်ဆုံး သွားသလဲ

  • Space
အင်္ဂါဂြိုဟ်ရဲ့ မျက်နှာပြင် အောက်မှာ ရေအမြောက်အများ ရှိတယ်ဆိုတဲ့ အထောက်အထား ရှာတွေ့ထားပါတယ် (Photo: NASA)

ယနေ့ အချိန်မှာတော့ အင်္ဂါဂြိုဟ်ရဲ့ မျက်နှာပြင်ဟာ ခြောက်သယောင်း လို့ နေပါတယ်။ အင်္ဂါဂြိုဟ် ပေါ်မှာ ကျန်ရှိနေ သေးတဲ ရေ အနည်းငယ် ကလဲ​ ဝင်ရိုးစွန်း ဒေသက ရေခဲတွေနဲ့ မြေအောက်ရေခဲ အဖြစ်ပဲ ကျန်ရှိ နေပါတော့တယ်။ 

ဒါပေမယ့် အင်္ဂါဂြိုဟ်ရဲ့ မျက်နှာပြင်ကို သေသေချာချာ လေ့လာ ကြည့်မယ်ဆိုရင် ကမ်းခြေ တွေနဲ့ ဆင်ဆင်တူတဲ့ ဒေသတွေ၊ မြစ်တွေ ဖြတ်စီးပြီး ဖြစ်လာတဲ့ ချောက်ကြီးတွေ တွေ့ရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လ အနည်းငယ် ကလဲ​ အင်္ဂါဂြိုဟ် လေ့လာရေးယာဉ် Perseverance ကနေ ရိုက်ပို့လိုက်တဲ့ ဓါတ်ပုံ အထောက် အထား တွေအရ အင်္ဂါဂြိုဟ်ရဲ့ မျက်နှာပြင်မှာ အရင်တုန်းက ရေတိုက်စားပြီး ဖြစ်လာတဲ့ မြေမျက်နှာ သွင်ပြင်တွေကို တွေ့ထား ရပါတယ်။

လွန်ခဲ့တဲ့ နှစ် သန်းပေါင်း ထောင်ကျော် ကာလက အင်္ဂါဂြိုဟ်ရဲ့ လေထုဟာ အခုထက် အများကြီး ပိုပြီး သိပ်သည်း ခဲ့လိမ့်မယ်လို့ ပညာရှင် တွေက ခန့်မှန်း ကြပါတယ်။ နောက်ပြီးတော့ ရာသီ ဥတုကလဲ အခုထက် ပိုပြီး ပူနွေး လိမ့်မယ်လို့ ယူဆ ကြပါတယ်။

အင်္ဂါဂြိုဟ်ရဲ့ မျက်နှာပြင်မှာ ကမ္ဘာပေါ်က မြစ်ဝကျွန်းပေါ် ဒေသတွေမှာ တွေ့ရတတ်တဲ့ ယပ်တောင်ပုံ ဖြာထွက် နေတဲ့ မြေမျက်နှာ သွင်ပြင်တွေ တွေ့ရှိ ထားပါတယ်။

ဒီ အချက် တွေအရ အင်္ဂါဂြိုဟ်ရဲ့ အချို့ အပိုင်းတွေဟာ တချိန်က မြစ်ချောင်း တွေနဲ့ ပင်လယ်တွေ ဖုံးလွှမ်းခဲ့တယ် လို့ ပညာရှင် တွေက ယူဆ ကြပါတယ်။

နာဆာက ပညာရှင် တွေကလဲ မားစ် ဂြိုဟ်ရဲ့ လေထုရဲ့ လက်ရှိ ဓါတု ဖွဲ့စည်းပုံကို လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း ၄,၀၀၀ ကျော်က လေထုနဲ့ တိုက်ဆိုင် စစ်ဆေး ကြည့်ခဲ့ ကြပါတယ်။ ဒီ ရှေးဟောင်း လေထုကို မားစ်ဂြိုဟ်က ရရှိတဲ့ ဥက္ကာခဲ အတွင်းကနေ ရရှိ ထားတာ ဖြစ်ပါတယ်။

ဒီ လေ့လာချက် တွေအရ မာစ် ဂြိုဟ်ရဲ့ မြောက်ဖက်ခြမ်းဟာ လွန်ခဲ့တဲ့ နှစ်သန်း ၄၀၀၀ ကျော်က ပင်လယ်ကြီး တစ်ခုနဲ့ ဖုံးလွှမ်း ထားခဲ့တယ်လို့ ပညာရှင် တွေက ကောက်ချက် ချခဲ့ပါတယ်။

အင်္ဂါဂြိုဟ် ရဲ့ မြောက်ခြမ်းမှာ တချိန်က ကြီးမားတဲ့ ပင်လယ် သမုဒ္ဒရာကြီး တစ်ခု ဖုံးလွှမ်း ထားခဲ့တယ်လို့ ဆိုပါတယ် (Credits: NASA/GSFC)

အခု အချိန်မှာတော့ ဒီ ပင်လယ် ကြီးဟာ အတိတ်သမိုင်းမှာ ကျန်ရစ် ခဲ့ပါပြီ။ 

ဒါဆို ဒီ ရေတွေ ဘယ်ရောက် သွားလဲ။ ဘာ့ကြောင့် အင်္ဂါဂြိုဟ် ပေါ်က ပင်လယ်တွေ ခန်းခြောက်ပြီး ပျောက်ကွယ် ကုန်ကြတာလဲ။

သိပ်မကြာ မီက ဂျပန်နိုင်ငံ တိုကျို တက္ကသိုလ်က တင်သွင်းတဲ့ သုတေသန စာတမ်း တစ်စောင်မှာ ဘာ့ကြောင့် ဒီ ပင်လယ်ကြီး ပျောက်ဆုံး သွားရသလဲ ဆိုတာကို တင်ပြ ထားပါတယ်။

ဒီ စာတမ်းရဲ့ အဆိုအရ လွန်ခဲ့တဲ့ နှစ်သန်း ထောင်ကျော်က မားစ်ဂြိုဟ်ဟာ သူ့ရဲ့ သံလိုက် စက်ကွင်း ကွယ်ပျောက် သွားခဲ့ ရတယ်လို့ ဆိုပါတယ်။ (လက်ရှိ မားစ် ဂြိုဟ်မှာ ကမ္ဘာမှာလို သံလိုက် စက်ကွင်း မရှိပါဘူး)။

ဒီလို သံလိုက် စက်ကွင်း မရှိတဲ့ အတွက် မာစ်းရဲ့ လေထုကို အာကာသ ရောင်ခြည်တွေ (cosmic rays) နဲ့ ဆိုလာ လေ (solar wind) တို့ရဲ့ အန္တရာယ်က အကာအကွယ် ပေးနိုင်စွမ်း မရှိ တော့ပါဘူး။

ဒီအခါ ဒီ လှိုင်းတွေရဲ့ တိုက်စားမှုကြောင့် မာစ်ရဲ့ လေထုဟာ အာကာသ ထဲကို တဖြည်းဖြည်း လွင့်ပါပြီး ပျောက်ဆုံး သွားခဲ့ရပါတော့တယ်။

လေထု ပါးလွှာ လာတာနဲ့ အမျှ ပင်လယ်ထဲက ရေတွေလဲ အငွေ့ပျံပြီး အာကာသ ထဲ လွင့်ပါ ပျောက်ဆုံး ကုန်ကြပါတယ်။ နောက်ဆုံးတော့ မားစ်ရဲ့ ပင်လယ်ဟာ လုံးဝ ခမ်းခြောက်လို့ သွားရ ပါတော့တယ်။

သံလိုက် စက်ကွင်းနှင့် ပင်လယ်

နေအဖွဲ့အစည်း ဟာ တကယ်တမ်းကျတော့ အတော်လေး ကြမ်းတမ်း ခက်ထန်တဲ့ အရပ်ဒေသ တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ သက်ရှိတွေ အသက်ရှင် နိုင်အောင် စွမ်းအား ပေးတဲ့ နေ ဟာ ဒီ သက်ရှိ တွကိုပဲ ဖျက်ဆီး ပစ်နိုင်စွမ်း ရှိပါတယ်။

နေကနေ အလွန် များပြားတဲ့ ရေဒီယို သတ္တိကြွ ဓါတ်ရောင်ခြည်တွေ ထုတ်လွှင့် ပေးနေပါတယ်။ 

အကယ်လို့သာ ကျွန်တော်တို့ ကမ္ဘာကို အကာအကွယ် ပေးထားတဲ့ သံလိုက် စက်ကွင်းသာ မရှိရင် ဒီ ဓါတ်ရောင်ခြည် တွေဟာ ကမ္ဘာ မြေမျက်နှာ ပြင်ကို အဆီးအတား မရှိ ကျရောက်ပြီး ကျွန်တော်တို့ကို လောင်မြိုက် ပစ်လိုက်မှာ ဖြစ်ပါတယ်။

သံလိုက် စက်ကွင်းရဲ့ အကာအကွယ်သာ မရှိခဲ့ရင် နေက တိုက်ခတ်လာတဲ့ ဆိုလာလေ ဟာ ကမ္ဘာ့ လေထုကို တိုက်စားပြီး အာကာသထဲ လွင့်ထွက်သွား စေမှာ ဖြစ်ပါတယ်။ လေထု ပျောက်ဆုံး သွားတာနဲ့ အတူ ကမ္ဘာ့ သမုဒ္ဒရာ တွေလဲ ခမ်းခြောက် သွားကြမှာ ဖြစ်ပါတယ်။

တနည်းအား ဖြင့်တော့ ကမ္ဘာ့ဟာ မားစ်ဂြိုဟ်ရဲ့သွားရာလမ်း အတိုင်း လိုက်သွားမှာ ဖြစ်ပါတယ်။

ကမ္ဘာဟာ နေအဖွဲ့အစည်း အတွင်းက ကျောက်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ ဂြိုဟ်တွေ အနက် အားကောင်းတဲ့သံလိုက်စက်ကွင်း ရှိတဲ့ တစ်ခုတည်းသော ဂြိုဟ် ဖြစ်ပါတယ်။ ဒီ သံလိုက် စက်ကွင်းကြောင့်လဲ ကမ္ဘာနဲ့ မားစ်ဟာ ဒီလောက် ကွာခြား သွားရတာ ဖြစ်ပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်သန်း ထောင်ကျော် တုန်းက မားစ် ဂြိုဟ်မှာလဲ ကမ္ဘာမှာ လိုပဲ အားကောင်းတဲ့ သံလိုက် စက်ကွင်း ရှိခဲ့ပါတယ်။

ဒါဆို ဒီ သံလိုက် စက်ကွင်း ဘယ်ရောက် သွားတာလဲ။ ဘယ်လို ပျောက်ဆုံး သွားခဲ့တာလဲ။

အင်္ဂါဂြိုဟ်ရဲ့ သံလိုက်စက်ကွင်း ဘယ်လို ပျောက်ဆုံးသွားသလဲ

ဒီမေးခွန်းကို အဖြေရှာဖို့ တိုကျို တက္ကသိုလ်က သုတေသီ ရွှန်ပိုင် ယိုကိုး (Shunpei Yokoo) နဲ့ အဖွဲ့ဟာ မားစ် ရဲ့ အူတိုင်ကို ဓါတ်ခွဲခန်းမှာ အတု ပြုလုပ် ဖန်တီး စမ်းသပ်ခဲ့ ကြပါတယ်။

ဒီ အူတိုင် အတုကို သံ၊ ကန့် (sulphur) နဲ့ ဟိုက်ဒြိုဂျင် ဒြပ်စင်တွေ ပေါင်းစပ်ပြီး ဖန်တီးခဲ့ ကြတာပါ။ ဒီ ဒြပ်စင်တွေဟာ မားစ်ရဲ့ အူတိုင်ကို ဖွဲ့စည်းထားတဲ့ ဒြပ်စင်တွေ ဖြစ်တယ်လို့ သိပ္ပံ ပညာရှင် တွေက ယုံကြည် ထားကြပါတယ်။

မားစ်ကနေ လာတဲ့ ဥက္ကာခဲ တွေထဲမှာ ကန့်နဲ့ အတူတကွ တွေ့ရလေ့ ရှိတဲ့ အခြား ဒြပ်ပစ္စည်းတွေကို တွေ့ရလေ့ မရှိပါဘူး။ ဒါ့ကြောင့် ပညာရှင် တွေက မားစ်း ဂြိုဟ်ပေါ်က ကန့် တွေဟာ အူတိုင်ထဲကို နစ်မြုပ် သွားကြလို့ ဖြစ်မယ်လို့ ကောက်ချက်ချ ကြပါတယ်။

နောက်ပြီး မားစ် ဟာ နေအဖွဲ့အစည်းရဲ့ ရေခဲမျဉ်း (snow line) နဲ့ နီးကပ်စွာ တည်ရှိ နေပါတယ်။ ဒီ ရေခဲမျဉ်း နေရာဟာ နေ အဖွဲ့အစည်း ဖြစ်တည်စ က ရေခဲ အမြောက်အများ ရှိခဲ့တဲ့ ရပ်ဝန်း ဖြစ်ပါတယ်။ ဒါ့ကြောင့်လဲ မားစ်ဂြိုဟ် မွေးဖွားချိန်က ဒီ ရေခဲ တွေထဲက ဟိုက်ဒြိုဂျင်ဟာ ဂြိုဟ်ရဲ့ အူတိုင်ထဲမှာ ပိတ်မိ နေလိမ့်မယ်လို့ ယူဆ ကြတာပါ။

ဒါ့ကြောင့်လဲ​ ပညာရှင် တွေက အင်္ဂါဂြိုဟ်ရဲ့ အူတိုင်ဟာ အရည်ပျော် နေတဲ့ သံ-ကန့်-ဟိုက်ဒြိုဂျင် အရော ဖြစ်လိမ့်မယ်လို့ ယူဆကြတာ ဖြစ်ပါတယ်။

ဂျပန် သုတေသီ တွေဟာ သံ၊ ကန့် နဲ့ ဟိုက်ဒြိုဂျင် တွေကို ရောပြီး စိန်တုံး နှစ်တုံး ကြားထဲ ညှပ်ကာ လေဆာရောင်ခြည် ကို အသုံးပြုပြီး အပူ ပေးလိုက်ပါတယ်။ ဒီနည်းအားဖြင့် မားစ်ရဲ့ ဗဟိုချက်မှာ ရှိမယ့် အပူချိန်နဲ့ ဖိအားနဲ့ ဆင်ဆင် တူတဲ့ ပတ်ဝန်းကျင် တစ်ခုကို ဖန်တီးပေး နိုင်ခဲ့ ကြပါတယ်။

ဒီ လို အပူပေး လိုက်တဲ့ အခါ ရောထားတဲ့ ဒြပ်ရောတွေဟာ အရည် နှစ်မျိုး အဖြစ် ကွဲထွက် သွားပါတယ်။ 

ပထမ တစ်ခုကတော့ သံ နဲ့ ကန့် ရောနေတဲ့ အရော ဖြစ်ပြီး နောက်တစ်ခုက သံ နဲ့ ဟိုက်ဒြိုဂျင် အရော ဖြစ်ပါတယ်။

ဒီ အရည် နှစ်မျိုးအနက် ဟိုက်ဒြိုဂျင်နဲ့ ရောနေတဲ့ သံရည်ပူ တွေဟာ ပိုပေါ့တာမို့ အပေါ်ပိုင်းကို တက်လာပါတယ်။ ကန့်နဲ့ ရောနေတဲ့ သံရည်ပူ တွေကတော့ လေးတာမို့ အောက်ကို ဆင်းသွားပါတယ်။

ဒီလို အပူချိန် မတူညီတဲ့ အရည်နှစ်လွှာ အဖြစ် ကွဲထွက်သွား တာမို့ သံရည်ပူ တွေဟာ အပေါ်နဲ့ အောက် လည်ပတ် စီးဆင်းမှု ဖြစ်လာပါတယ်။ ဒီလို သံရည်ပူတွေ လည်ပတ် စီးဆင်း နေတာဟာ သံလိုက်စက်ကွင်း ဖြစ်ပေါ်စေတဲ့ အဓိက အကြောင်းရင်းပဲ ဖြစ်ပါတယ်။

 အခု အခြေအနေဟာ  လွန်ခဲ့တဲ့ နှစ်သန်း ၄ ထောင်ကျော်က မားစ် ရဲ့ အူတိုင် အတွင်းက အခြေအနေနဲ့ ခပ်ဆင်ဆင် တူမယ်လို့ ယူဆ ရပါတယ်။

ဒါပေမယ့် မားစ်ရဲ့ သက်တမ်း တစ်ချိန်ချိန်မှာ သံရည်ပူ တွေဟာ အလွှာ နှစ်လွှာအဖြစ် လုံးဝ ကွဲထွက် သွားပါတယ်။ ဒီ အခြေအနေမှာ အပေါ်လွှာမှာ ရှိတဲ့ သံရည်ပူ တွေဟာ ဟိုက်ဒြိုဂျင်နဲ့ ရောနေပြီး အောက်ခြေ အလွှာကတော့ ကန့်နဲ့ ရောနေပါတယ်။

ဒါပေမယ့် ဒီလို အလွှာ နှစ်ခု လုံးဝ ကွဲထွက်သွား ခြင်းရဲ့ နောက်ဆက်တွဲ ရလဒ် ကတော့ အပေါ်အောက် စီးဆင်းတဲ့ စီးဆင်းမှု ရပ်တန့် သွားတာပဲ ဖြစ်ပါတယ်။

သံရည်ပူတွေ လှည့်ပတ် စီးဆင်းမှု ရပ်တန့် သွားတာနဲ့ တပြိုင်နက် ဒီ စီးဆင်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ သံလိုက်စက်ကွင်း ဟာလဲ ပျောက်ဆုံး သွားပါတော့တယ်။

ဒီ့နောက်မှာတော့ အာကာသ ရောင်ခြည်တွေနဲ့ ဆိုလာလေ တွေရဲ့ တိုက်ခတ်မှုကြောင့် မားစ်ရဲ့ လေထုဟာ တဖြည်းဖြည်း အာကာသ ထဲကို လွင့်မျော သွားပါတယ်။ လေထု ဆုံးရှုံး မှုနဲ့ အတူပဲ မားစ်ရဲ့ ပင်လယ်တွ ဟာလဲ အငွေ့ပျံပြီး အာကာသထဲ လွင့်မျော ပျောက်ကွယ် သွားရ ပါတော့တယ်။

ကမ္ဘာ့ အူတိုင်မှာရော ဒီလိုဖြစ်လာမလား

ဒီလို အူတိုင်က သံရည်ပူတွေ နှစ်လွှာ အဖြစ် ကွဲပြီး စီးဆင်းတဲ့ ဖြစ်ရပ်ကို ကမ္ဘာ့ အူတိုင် ထဲမှာလဲ တွေ့မြင် ရပါတယ်။ ဒါပေမယ့် ကမ္ဘာ့ အူတိုင်နဲ့ မားစ်နဲ့ မတူတဲ့ အဓိက ကွာခြားချက် ရှိနေပါတယ်။ အဲ့တာကတော့ အပူချိန် ပါပဲ။

ကမ္ဘာ့ အူတိုင်ရဲ့ အပူချိန်ဟာ မားစ် ရဲ့ အူတိုင်ထက် အများကြီး ပိုပူပါတယ်။ ကမ္ဘာ့ အူတိုင်ဟာ ၆,၇၄၀ ဖာရင်ဟိုက်ခန့် (3,730 ဒီဂရီ စင်တီဂရိတ်ခန့်) ရှိတာမို့ မားရဲ့ အူတိုင်ထက် အများကြီး ပိုပူပါတယ်။ 

ဒီလို မြင့်မားတဲ့ အပူချိန်မှာ သံရည်ပူ အလွှာ နှစ်လွှာ ကွဲထွက်တဲ့ ဖြစ်ရပ်ကို အူတိုင်ရဲ့ အပူချိန် လျော့နည်းတဲ့ အပေါ်ယံ လွှာလေးမှာပဲ တွေ့ရပါတယ်။ အပူချိန် မြင့်မားတဲ့ အူတိုင် အတွင်းပိုင်း တွေမှာတော့ ဒီ သံရည်ပူ နှစ်လွှာဟာ ရောနေပါတယ်။

ကမ္ဘာ့ အူတိုင်ဟာ မားစ် လုံးဝ နှစ်လွှာ ဖြစ်သွားဖို့ ဆိုရင် နောက်ထပ် နှစ်သန်း ထောင်ကျော် ကြာမှ ဖြစ်လာလိမ့်မယ် လို့ ဆိုပါတယ်။

အခု သုတေသန ရလဒ်ဟာ သက်ရှိတွေ အသက်ရှင် နိုင်တဲ့ ပြင်ပဂြိုဟ် (exoplanets) တွေကို စူးစမ်းရာမှာ အများကြီး အထောက်အကူ ပြုနိုင်မှာ ဖြစ်ပါတယ်။ 

ဂြိုဟ်တွေ ပေါ်မှာ သက်ရှိတွေ အသက်ရှင် နိုင်ဖို့ဆိုတာက ရေရှိဖို့ လိုအပ်ပါတယ်။ ဂြိုဟ်ရဲ့ မျက်နှာပြင်မှာ ရေရှိဖို့ ဆိုရင် ဒီဂြိုဟ်မှာ သိပ်သည်းတဲ့ လေထု ရှိဖို့ လိုအပ်ပါတယ်။

ပြင်ပဂြိုဟ်တွေ ထဲမှာ အားကောင်းတဲ့ သံလိုက်စက်ကွင်း ရှိတဲ့ ဂြိုဟ်တွေကို ရွေးချယ်ပြီး သုတေသန ပြုခြင်းအားဖြင့် ပြင်ပကမ္ဘာက သက်ရှိတွေ ရှာဖွေမှု လုပ်ငန်းဟာ ပိုပြီး မြန်ဆန် လာမှာ ဖြစ်ပါတယ်။

Ref: How Mars lost its magnetic field — and then its oceans | Big Think

Advertisement