အခြားကမ္ဘာမှ သက်ရှိတွေကို ရှာဖွေတဲ့ SETI စီမံကိန်းကို လူသိများကြပါတယ်။ Search for Extraterrestrial Intelligence (SETI) လို့ အမည်ပေးထားတဲ့ ဒီ စီမံကိန်းကို ၁၉၆၀ ပြည့်နှစ်မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။
ဒီ SETI စီမံကိန်းမှာ ကမ္ဘာအနှံ့မှာ ရှိတဲ့ အားကောင်းတဲ့ ရေဒီယို လှိုင်းဖမ်းစက် စလောင်းကြီးတွေကို အသုံးပြုပြီး အာကသက ရောက်လာနိုင်မယ့် ရေဒီယို လှိုင်းတွေကို ဖမ်းယူနားထောင် ခဲ့တာ ဖြစ်ပါတယ်။ ဒီ SETI စီမံကိန်းမှာ အဓိက အားဖြင့် အာကသ ကြယ်တာရာ တွေဆီကနေ ရောက်လာနိုင်မယ့် ရေဒီယို အချက်ပြ လှိုင်းတွေနဲ့ လေဆာ အချက်ပြ လှိုင်းတွေ (radio and laser signals) ကို အဓီကထား ရှာဖွေခဲ့တာ ဖြစ်ပါတယ်။
ယခု ဂယ်လီလီယို စီမံကိန်း (Galileo Project) ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ နေ့မှာ တရားဝင် စတင်ခဲ့ပါတယ်။ ဒီစီမံကိန်းမှာ ကမ္ဘာ့ကောင်းကင်နဲ့ အာကာသ အတွင်းမှာ ကမ္ဘာ့အပြင်ပက ရောက်လာနိုင်မယ့် သဘာဝအတိုင်း ဖြစ်ပေါ်ခြင်း မရှိတဲ့ ဝတ္ထုပစ္စည်းတွေကို ရှာဖွေမှာ ဖြစ်ပါတယ်။
သဘာဝ အတိုင်း ဖြစ်ပေါ်လာခြင်း မရှိသော ပစ္စည်းဆိုတာက အသိဉာဏ် ရှိတဲ့ သက်ရှိတွေက တည်ဆောက် ဖန်တီး ထားတဲ့ အရာဝတ္ထုတွေ (artificial objects of extraterrestrial origin) ကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ဥပမာ ပေးရရင် အာကာသ ယဉ်ရဲ့ အပိုင်းအစတွေ၊ အင်တင်နာတိုင်တွေ၊ အစရှိတဲ့ ပစ္စည်းမျိုးတွေ ဖြစ်ပါတယ်။
ဒီ ဂယ်လီလီယို စီမံကိန်းကို စတင်သူကတော့ ဟားဗတ်တက္ကသိုလ် နက္ခတ်ဗေဒ (Astronomy) ဌာနက နက္ခတ်ပညာရှင် အဗီ လိုအက်ဘ် (Avi Loeb) ပဲ ဖြစ်ပါတယ်။ သူက Discover မဂ္ဂဇင်းကို ပြောကြားရာမှာ “ပြီးခဲ့တဲ့ ဇူလိုင်လဆန်းက သူ့ကို သူ့ဌာန အကြီးအကဲတွေက ခေါ်ပြီး သူတို့ဆီကို အလှူရှင် တစ်ဦးက အလှူငွေ ဒေါ်လာ နှစ်သိန်း လာလှူသွားတယ် လို့ ခေါ်ပြောပါတယ်။ ဒီငွေက အဗီ လိုအက်ဘ် လိုရာ သုံးဖို့ပါတဲ့။ ဒါနဲ့ သူအဲ့သည် အလှူရှင်နဲ့ သွားတွေ့ပါတယ်။
သူနဲ့ စကားပြောပြီးနောက်မှာ နောက်ထပ် အလှူငွေတွေ ထပ်ပြီး လှူပါတယ်။ ဒီအလှူရှင်ရဲ့ မိတ်ဆွေတွေနဲ့ ဒီသတင်းကို ကြားတဲ့ သူတွေက ထပ်မံလှူဒါန်ငွေတွေနဲ့ ပေါင်းလိုက်တော့ အလှူငွေ စုစုပေါင်း ဒေါ်လာ ၁.၇၅ သန်းတောင်မှ ရခဲ့ပါတယ်။ ပြီးတော့ ဒီအလှူငွေတွေက ဘာမှ နှောင်ကြိုးမပါပဲ ကျွန်တော် ကြိုက်ရာသုံး ဆိုပြီး ပေးတဲ့ အလှူငွေတွေပါ” လို့ သူက ပြောပါတယ်။ “ကျွန်တော့် သုတေသီ ဘဝ တစ်လျှောက်လုံး ဒီလိုမျိုး သုံးချင်ရာ သုံး ဆိုပြီး လှူတာမျိုးက တစ်ခါမှတောင် မကြားဖူးခဲ့ပါဘူး” လို့ အဗီက ဆက်ပြောပါတယ်။
လိုအက်ဘ်ဟာ ပြီးခဲ့တဲ့ ဇွန်နဝါရီလက သူရေးသား ထုတ်ဝေခဲ့တဲ့ “ပြင်ပကမ္ဘာ (Extraterrestrial)” ဆိုတဲ့ စာအုပ်နဲ့ နာမည်ကြီးလာ ခဲ့ပါတယ်။ အဲ့သည်စာအုပ်ကလဲ အရောင်းရဆုံး စာအုပ် စာရင်း ဝင်ခဲ့ပြီး ယခုထိ ဘာသာပေါင်း ၂၅ မျိုးထိ ပြန်ဆိုခဲ့ပြီး ဖြစ်ပါတယ်။
ဒါပေမယ့် သူရေးသားတဲ့ အချို့သော အယူအဆတွေကြောင့် သိပ္ပံပညာရှင်တွေ ကြားမှာတော့ ဝေဖန်မှုတွေ ထွက်ပေါ်လို့ လာခဲ့ပါတယ်။ အကြောင်းကတော့ နေအဖွဲ့အစည်းအတွင်းကို ပြင်ပ ကနေ ပထမဆုံး ရောက်လာခဲ့တဲ့ Oumuamua (အို-မူအာ-မူအာ လို့ အသံထွက်ရပါမယ်) ဆိုတဲ့ အရာဝတ္ထုကြီးဟာ အရင် တွေ့ဖူးနေကြ ဂြိုလ်သိမ်တွေ၊ ဥက္ကာခဲတွေ၊ ကြယ်တံခွန် တွေနဲ့ မတူပဲ ထူးခြားတဲ့ လက္ခဏာတွေ ရှိနေတယ်လို့ သူပြောတဲ့ အချက်ကြောင့်ပဲ ဖြစ်ပါတယ်။
“Oumuamua ဟာ အခုဆို နက်ပ်ကျွန်းဂြိုလ် (Neptune) ကို ဦးတည်ပြီး ထွက်ခွာသွားနေပါပြီ။ ပြီးရင် နေအဖွဲ့အစည်းရဲ့ အပြင်ဖက်ကို ပြန်ထွက်သွားပါတော့မယ်။ ကျွန်တော်တို့ဟာ ဒီအရာ ဝတ္ထုကြီး ဘယ်ကလာလို့ ဘာနဲ့ ဖွဲ့စည်းတည်ဆောက် ထားလဲ ဆိုတာကို ဘယ်လိုမှ သိနိုင်တော့မှာ မဟုတ်ပါဘူး။” လို့ သူ့စာအုပ်မှာ ရေးသား ဖော်ပြ ခဲ့ပါတယ်။
ဒါ့အပြင် ၂၀၁၈ ခုနှစ်ကလဲ Astrophysical Journal Letters ဆိုတဲ့ သုတေသန ဂျာနယ်မှာ “Oumuamua ဟာ တခြားကမ္ဘာက သက်ရှိတွေရဲ့ တည်ဆောက်ထားတဲ့ အရာဝတ္ထု တစ်ခု ဖြစ်နိုင်ပါတယ်။ ဒီဖြစ်နိုင်ချေကို လုံးဝ လျစ်လျှူရှုတာမျိုး မလုပ်သင့်ပါဘူး။” လို့ပြောခဲ့ပါတယ်။
ဒီ “ပြင်ပကမ္ဘာ (Extraterrestrial)” စာအုပ်ထုတ်ဝေပြီးနောက် လိုအက်ဘ်ဟာ နာမည်ကျော်ကြားလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၆ လလောက် အတွင်းမှာ သတင်းဌာနတွေနဲ့ချည်း အင်တာဗျူး ၁၀၀၀ ကျော် ဖြေကြားခဲ့ရပါတယ်။ ပျမ်းမျှ တစ်ရက်ကို အင်တာဗျူး ၆ ခုလောက် ရှိပါတယ်။ သူပြောချင်တဲ့ သတင်းစကားက လူအတော်များများဆီ ရောက်သွားပါပြီ။ အထူးသဖြင့် ငွေကြေးချမ်းသာပြီး သိပ္ပံစမ်းသပ်မှုတွေကို ရက်ရက်ရောရော လှူဒါန်းလေ့ ရှိတဲ့ အလှူရှင် အချို့ကပါ သူ့စကားကို အလေးထား နားထောင်လာကြပါတယ်။
လက်ရှိအချိန်မှာတော့ သူ့အတွက် အလှူတောင် လိုက်မခံရသေးဘူး၊ ဒီ ဂယ်လီလီယို စီမံကိန်း စတင်ဖို့ လိုအပ်တဲ့ အလှူငွေတွေ ရရှိနေပြီ ဖြစ်ပါတယ်။ နောက်ပြီး ကမ္ဘာ့ ထိပ်တန်း တက္ကသိုလ်တွေ ဖြစ်တဲ့ ကာလီဖိုးနီးယား နည်းပညာ တက္ကသိုလ် (Caltech)၊ ကိန်းဘရစ် တက္ကသိုလ် (Cambridge University)၊ ဟားဗတ် တက္ကသိုလ် (Harvard)၊ ပရင်စတန် တက္ကသိုလ် (Princeton)၊ စတော့ဟုမ်း တက္ကသိုလ်(Stockholm University)၊ တိုကျို တက္ကသိုလ် (The University of Tokyo) နဲ့ အခြား ထိပ်တန်း တက္ကသိုလ်တွေက ပညာရှင်တွေလဲ ပါဝင်ဖို့ သဘောတူညီချက် ရရှိထားပြီး ဖြစ်ပါတယ်။
ရှင်းပြလို့ မရတဲ့ ဖြစ်စဉ်များ
ဒီ ဂယ်လီလီယို စီမံကိန်းရဲ့ ရည်ရွယ်ချက် တစ်ခုကတေ့ ယူအက်ဖ်အို (UFO) လို့ ခေါ်တဲ့ အမျိုးအမည်မသိ ယာဉ်ပျံများ (Unidentified Flying Objects) တွေကို လေ့လာဖို့ပဲ ဖြစ်ပါတယ်။ ဒီ UFO တွေကို UAP (Unidentified Aerial Phenomena) အမျိုးအမည် ခွဲခြားနိုင်ခြင်း မရှိသော ပျံသန်းမှု ဖြစ်စဉ် လို့လဲ နောက်တစ်နည်း ခေါ်ဆိုပါသေးတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့က အမေရိကန် ပြည်ထောင်စု အမျိုးသား ထောက်လှမ်းရေးဌာန (National Intelligence) ရဲ့ အကြီးအကဲက တင်ပြခဲ့ရာမှာ “အချို့သော UAP တွေဟာ အဆင့်မြင့် နည်းပညာတွေ ပါရှိတာကို တွေ့ရှိရပါတယ်။ ဒါပေမယ့် ရရှိတဲ့ အချက်အလက်တွေက နည်းပါးလွန်းတော့ ဒီ UAP အများစုရဲ့ သဘာဝကို ရှင်းပြနိုင်စွမ်း မရှိပါဘူး” လို့ တင်ပြခဲ့ပါတယ်။
လိုအက်ဘ်ကတော့ ဒါဟာ အစိုးရ ဌာနကြီး တစ်ခုရဲ့ ဝန်ခံချက်ပဲ ဖြစ်တယ် လို ပြောကြားပါတယ်။ အစိုးရ ဌာနကြီး တစ်ခုရဲ့ တင်ပြချက်မှာ “ကောင်းကင်မှာ ဘာမှန်း သေချာ မသိတဲ့ ပျံသန်းနေတဲ့ အရာဝတ္ထုတွေ ရှိနေပါတယ်” ဆိုတာက အတော်ထူးခြားတဲ့ ဝန်ခံချက် တစ်ရပ်ပဲဗျာ။ အဲ့သည်တော့ ဒီကိစ္စကို သိပ္ပနည်းကျ လေ့လာကြရင် မကောင်းဘူးလားဗျာ။ ဒီတော့မှာ စံသတ်မှတ်ထားတဲ့ သုတေသန နည်းစနစ်တွေ အသုံးပြုပြီး လေ့လာလို့ ရတာပေါ့။ ဒီတော့မှလဲ အားလုံး ရှင်းရှင်းလင်းလင်း ဖြစ်သွားမယ်လေ လို့ သူက ပြောပါတယ်။
“ပိုက်ဆက်သမားကို ကိတ်မုန့် ဖုတ်ခိုင်းလို့ မရဘူးလေ။ အဲ့လိုပဲ စစ်တပ်ထဲက လူတွေ၊ နိုင်ငံရေး သမားတွေက သိပ္ပံပညာရှင်တွေလို တွေးခေါ်စဉ်းစား တတ်ဖို့ သင်ပေးထားတာ မဟုတ်ဘူး။ အဲ့တာကြောင့် ဒီလူတွေကို ကောင်းကင်မှာ မြင်ရတဲ့ အရာတွေဟာ ဘာတွေလဲ ဆိုတာ သူတို့ကို ကောက်ချက်ဆွဲခိုင်းတာက မသင့်တော် ပါဘူး” လို့ သူက ဆက်ပြောပါတယ်။
ဂယ်လီလီယို စီမံကိန်း အဖွဲ့ဝင်တွေဟာ ယခုအခါ မြပြင်အခြေချ မှန်ပြောင်း အသေးစားလေးတွေ အမြောက်များ ချထားဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။ ဒီမှန်ပြောင်းတွေဟာ အချင်း ၁၀ လက်မခန့် ရှိမှာဖြစ်ပြီး သူတို့ကို ကင်မရာနဲ့ ကွန်ပြူတာ တွေနဲ့ ချိတ်ဆက်ထားမှာ ဖြစ်ပါတယ်။ နောက်ပြီး ဒီကွန်ပြူတာတွေကိုလဲ ကွန်ယက် (Network) နဲ့ ချိတ်ဆက်ထားမှာ ဖြစ်ပါတယ်။
“ကျွန်တော်တို့ ဒီကရတဲ့ အချက်အလက်တွေကို နက္ခတ်တဗေဒ ပညာရှင်တွေ အာကာသ တယ်လီစကုပ်တွေကနေ ရရှိတဲ့ အချက်အလက်တွေကို သုတေသန ပြုသလို သဘောထားပြီး သုတေသန ပြုမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဝေးကြီးမှာ ရှိတဲ့ ကြယ်တွေ၊ ဂြိုလ်တွေကို ရှာဖွေမှာ မဟုတ်ပဲ အနီးအနားက အလွန်လျှင်မြန်တဲ့ အရှိန်နဲ့ ပျံသန်းနေတဲ့ အရာဝတ္ထုတွေကို ရှာဖွေလေ့လာမှာ ဖြစ်ပါတယ်။”
လာမယ့် တစ်နှစ် အတွင်းမှာ လုံလောက်တဲ့ အချက်အလက်တွေ စုဆောင်းရရှိပြီး အများပြည်သူနဲ့ သိပ္ပံပညာရှင် အသိုင်းအဝိုင်းက ဒီအချက်အလက်တွေကို လွတ်လပ်စွာ လေ့လာနိုင်ဖို့ သူက ရည်ရွယ်ပါတယ်။
ဟားဗတ်တက္ကသိုလ်ရဲ့ တာဝန်ရှိသူတွေက သူ့ကို ဒီ (UFO ရှာတဲ့) အလုပ်ဟာ သူ့ရဲ့ တက္ကသိုလ် အလုပ်တာဝန် (Job description) ထဲမှာ အကြုံးဝင်မှု ရှိမရှိ မေးမြန်းခဲ့ပါတယ်။ သူကတော့ “ကျွန်တော်က နေ့တိုင်း တယ်လီစကုပ်တွေက ရတဲ့ အချက်တွေကို သုတေသန လုပ်ရတာပဲလေ၊ အခုလဲ တယ်လီစကုပ်တွေပဲဟာ” လို့ ပြန်ပြောလိုက်ပါတယ်။
ဂယ်လီလီယို စီမံကိန်းရဲ့ နောက်ထပ် ရည်မှန်းချက် တစ်ခုကတော့ နေအဖွဲ့အစည်းရဲ့ ပြင်ပကနေ ရောက်ရှိလာမယ့် Oumuamua လိုမျိုး အရာဝတ္ထုတွေကို ရှာဖွေပေးနိုင်မယ့် ပရိုဂရမ်နဲ့ နည်းလမ်းတွေကို တီထွင်ဖို့ပဲ ဖြစ်ပါတယ်။ ဒီ ပရိုဂရမ်နဲ့ နည်းလမ်းက ပုံမှန် တယ်လီစကုပ်တွေကနေ ရရှိတဲ့ အချက်အလက်တွေ အပေါ်မှာ အလိုအလျှောက် စစ်ဆေးပြီး အခြားကြယ်တွေဆီက ရောက်လာတာ ဖြစ်နိုင်တဲ့ အရာဝတ္ထုတွေကို ရှာဖွေပေးဖို့ ဖြစ်ပါတယ်။
“အကယ်လို့ ဒီအရာဝတ္ထုတွေကို စောစောစီးစီး ရှာဖွေ ထောက်လှမ်းနိုင်မယ် ဆိုရင် အနည်းဆုံးတော့ သူတို့ကို ကွာလတီ ကောင်းကောင်းနဲ့ ဓါတ်ပုံရိုက်ဖို့ အာကာသယာဉ် စေလွှတ်တာမျိုး လုပ်နိုင်မှာပေါ့ဗျာ။ နာဆာက လူကြီးတွေကို ခက်ခက်ခဲခဲ သွားပြောစရာတောင် မလိုပါဘူး။ အီလွန်မတ် (Elon Musk) လို လူမျိုးကို သွားပြောလိုက်ရင်တောင် ရပါတယ်” လို့ သူက ဆက်ပြောပါတယ်။
တော်ရုံ သိပ္ပံ ပညာရှင်တွေ မလုပ်ရဲတဲ့ အလုပ်
သိပ္ပံပညာရှင်တွေ အကြားမှာ UFO လေ့လာတာနဲ့ ပါတ်သက်လို့ အမြင်စောင်းတာတွေ ရှိနေပါတယ်။ သိပ္ပံပညာရှင် အများစုက ဒီ UFO နဲ့ပါတ်သက်လို့ ယုံကြည်ချက် မရှိကြပါဘူး။ ဒါ့ကြောင့်လဲ အချိန်ကုန်ခံပြီး လေ့လာလိုသူ သိပ်မရှိပါဘူး။ လိုအက်ဘ် ကတော့ ဒီလိုအယူ မရှိပါဘူး။ သူက အခုကိစ္စကို ဂယ်လီလီယို ရဲ့ ဖြစ်စဉ်နဲ့ နှိုင်းယှဉ်ပြီး ပြောပါတယ်။ အဲ့သည်တုန်းကလဲ သူ့ခေတ်က ထင်ရှားတဲ့ ပညာရှင်တွေဟာ ဂယ်လီလီယိုက ကြာသပတေးဂြိုလ်မှာ ဂြိုလ်ရံလတွေ ရှိတယ်လို့ ပြောတော့ မယုံကြပါဘူး။ စနေဂြိုလ်မှာ ကွင်းတွေနဲ့ ဆိုတော့လဲ ဝိုင်းဟားခဲ့ ကြပါတယ်။ နောက်ဆုံး သူ့မှန်ပြောင်းထဲ ကြည့်ဖို့ကိုတောင် ငြင်းပယ်ခဲ့ ကြတဲ့အထိ ဖြစ်ခဲ့တာပါ။ သူ့ကိုလဲ ဝိုင်းပြီး ပျက်ရယ်ပြုကြ၊ ကဲ့ရဲ့ကြ၊ ရှုံ့ချခဲ့ ကြပါတယ်။
အခုလဲ ဒီလိုပါပဲ။ သိပ္ပံပညာရှင် အတော်များများက ကောင်းကင်မှာ မြင်ရတဲ့ အရာဝတ္ထု တစ်ခုဟာ လူသားတွေ မဟုတ်တဲ့ အခြားအသိဉာဏ် မြင့်မားတဲ့ သက်ရှိတွေက တည်ဆောက်ထားတာ ဖြစ်နိုင်ချေ ရှိတယ် လို့ ပြောမိရင်ကို ဝိုင်ပြီး ပျက်ရယ်ပြုကြ၊ ကဲ့ရဲ့ ရှုံ့ချ ကြပါတယ်။ ပညာရှင် အသိုင်းအဝန်းကနေလဲ ဖယ်ကျဉ်ကြပါတယ်။ အချို့ကဆို သိသာထင်ရှားတဲ့ သက်သေ အထောက်အထားတွေ မရှိဘူးဆို UFO တွေကို လေ့လာရေးလုပ်ဖို့ စဉ်းစားနေ စရာတောင် မလိုဘူး ဆိုတဲ့အထိ ဖြစ်လာကြပါတယ်။ လိုအက်ဘ်ကတော့ သူ့ရဲ့ ဂယ်လီလီယို စီမံကိန်းရဲ့ ဆောင်ပုဒ်ကို “လွန်ကျူးတဲ့ ရှေးရိုးစွဲ အတွေးအခေါ်တွေဟာ လွန်ကျူးတဲ့ မောဟ (မသိကျိုးကျွံပြုမှု) ကို ဖြစ်စေတယ်” လို့ ရဲရဲ ရင့်ရင့်ပဲ ကြွေးကျော်ခဲ့ပါတယ်။
Reference: Galileo Project to search for alien artifacts hiding in the solar system