စကြာဝဠာ အကြောင်း ပြောရင် black hole တွေအကြောင်းဟာ မပါမပြီးပါ။ လူစိတ်ဝင်စား ခံရမှု အများဆုံး အကြောင်းအရာ တစ်ခု ဖြစ်သလို သိပ္ပံ ဝတ္ထုတွေ၊ ရုပ်ရှင်တွေ မှာလဲ အမြဲလိုလို တွေ့နေရတဲ့ အရာဝတ္ထု တစ်ခု ဖြစ်ပါတယ်။
ဘလက်ဟိုး တွေနဲ့ ပါတ်သက်လို့ သိပ္ပံ ပညာရှင် တွေအနေနဲ့ သိသင့်သလောက် သိထားပြီး ဖြစ်ပေမယ့် မသိသေးတာတွေ အများကြီး ရှိပါသေးတယ်။
ဒီ ဘလက်ဟိုးတွေ ဘယ်လို ဖြစ်လာလဲ ဆိုတာ၊ သူတို့ရဲ့ သွင်ပြင် လက္ခဏာ တွေ နဲ့ သူတို့ နောက်ဆုံး ဘယ်လို အဆုံးသတ် ပျက်စီး သေဆုံး သွားကြမလဲ ဆိုတာတွေ ကိုတော့ သိပ္ပံ ပညာရှင်တွေ သိသင့်သလောက် သိထား ကြပါတယ်။
ဘလက်ဟိုး တွေကနေ သက်ရောက်တဲ့ ဆွဲငင်အား (Gravity) ဟာ အရမ်းကို အားကောင်းလွန်းလို့ အလင်းကိုတောင် လွတ်ထွက် မသွားအောင် ဆွဲထားနိုင်စွမ်း ရှိကြပါတယ်။ ဒါ့အပြင် ဘလက်ဟိုးထဲ ဝင်သွားရင် အချိန် ဆိုတာလဲ နှေးသွားမှာ ဖြစ်ပါတယ်။
ဘလက်ဟိုး တွေထဲက အလင်းရောင် ဟာ အပြင်ကို ထွက်မလာ နိုင်တာမို့ ဘလက်ဟိုး တွေကို တကယ်တမ်းမှာ မြင်တွေ့နိုင်ခြင်း မရှိပါဘူး။ ဒါပေမယ့် ဒီ ဘလက်ဟိုး တွေကနေပြီး ပတ်ဝန်းကျင်က ကြယ်တွေ၊ဓါတ်ငွေ့ တိမ်တိုက် တွေ အပေါ်ကို သက်ရောက်တဲ့ ဆွဲအား သက်ရောက်မှု ကိုတော့ မြင်တွေ့နိုင် တိုင်းတာနိုင် ကြပါတယ်။
ဘလက်ဟိုး တွေရဲ့ ပတ်ခြာလည်မှာ ဝဲဂယက် ထနေတဲ့ ဓါတ်ငွေ့ တိမ်တိုက်ကြီး ရှိပါတယ်။ ဒီ ဓါတ်ငွေ့ ဝဲကြီးဟာ ဘလက်ဟိုးကို ပတ်ခြာလည် စီးဆင်းရင်း ဘလက်ဟိုး ထဲကို စီးဝင် သွားကြပါတယ်။ ဒီလို စီးဝင် လှည်ပတ်နေတဲ့ ဓါတ်ငွေ့ ဝဲကြီးဟာ အလွန် ပူပြင်း လာပြီး အရောင် တောက်လာပါတယ်။
ဘလက်ဟိုးကို မျက်စေ့နဲ့ မမြင်နိုင် ပေမယ့် ဒီ ဘလက်ဟိုး ပတ်ခြာလည်က ပူပြင်း လင်းထိန် ပြီး အရောင် တောက်နေတဲ့ ဓါတ်ငွေ့ ဝဲကြီး ကိုတော့ မြင်နိုင် ကြပါတယ်။
ဘလက်ဟိုး တွေရဲ့ အရွယ်အစား ကလဲ အမျိုးစုံ ရှိနိုင်ပါတယ်။ အသေးဆုံး အက်တမ် အရွယ် ဘလက်ဟိုး ကနေ အရွယ်အစား အလွန် ကြီးမားပြီး နေ အစင်း သန်းချီရဲ့ ဒြပ်ထု ပမာဏ နဲ့ ညီမျှတဲ့ မဟာတွင်းနက်ကြီး (supermassive black hole) တွေအထိ အရွယ်အစား အမျိုးမျိုး ရှိနိုင်ပါတယ်။
ဘလက်ဟိုး တွေရဲ့ ဆွဲအားဟာ သူ့ရဲ့ဒြပ်ထု သိပ်သည်းဆ (density) ကနေ ဖြစ်လာတာ ဖြစ်ပါတယ်။ ဥပမာ အက်တမ် အရွယ် ဘလက်ဟိုးရဲ့ ဒြပ်ထုဟာ တောင်ကြီး တစ်လုံးစာ ဒြပ်ထုနဲ့ တူညီပါတယ်။ သူ့ရဲ့ ဆွဲငင်အားကလဲ တောင်ကြီး တစ်လုံးစာ ဒြပ်ထု ပမာဏ ရဲ့ ဆွဲငင်အားနဲ့ အတူတူပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ မှီတင်း နေထိုင်ရာ မစ်ကီးဝေး ဂလက်ဆီ ရဲ့ ဗဟိုမှာလဲ မဟာ တွင်းနက်ကြီး တစ်ခု ရှိပါတယ်။ Sagittarius A* (ဆက်ဂျစ်တေးရီယပ်စ် အေ စတား) လို့ အမည် ပေးထားတဲ့ ဒီ တွင်းနက်ကြီးရဲ့ ဒြပ်ထုဟာ နေ အစင်းပေါင်း ၄ သန်းလောက်နဲ့ ညီမျှ ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အရွယ်အစား ကတော့ ကမ္ဘာထက် အနည်းငယ်ပဲ ပိုပြီး ကြီးပါတယ်။
ဘလက်ဟိုး တွေဟာ ကြယ်တွေ သေပြီး ဖြစ်လာကြတာ ဖြစ်ပါတယ်။ နေထက် အဆ များစွာ အရွယ် ပိုကြီးတဲ့ ကြယ်ကြီးတွေ သေမှသာ ဘလက်ဟိုး ဖြစ်လာပါတယ်။ နေအရွယ် ကြယ်တစင်း သေသွားရင်တော့ ဘလက်ဟိုး ဖြစ်မလာပဲ ကြယ်ဖြူပု (White dwarf) တစ်စင်းပဲ ဖြစ်လာ ပါ လိမ့်မယ်။
ကြယ်ကြီးတွေ မှာတော့ လောင်ကြွမ်းစရာ လောင်စာ ကုန်သွားတဲ့ အခါ ဆူပါနိုဗာ ကြယ်ပေါက်ကွဲ မှု အဖြစ် ပေါက်ကွဲ ထွက်သွားပါတယ်။ ဒီလို ပေါက်ကွဲတဲ့ အခါ အပြင် အခွံက ဒြပ်ပစ္စည်း တွေဟာ အာကာသ ထဲကို လွင့်ထွက်သွား ကြပြီး အူတိုင်က ဒြပ်ပစ္စည်း တွေကတော့ အတွင်းကို ပြိုဆင်း လာပါတယ်။
ဒီလို ပြိုဆင်း လာတဲ့ ဒြပ်ပစ္စည်းတွေ အချင်းချင်း ဆွဲငင်အားကြောင့် ဒီ အူတိုင်က ဒြပ်ထုဟာ တဖြည်းဖြည်း ကြုံ့ဝင် သွားပါတယ်။ ဒီလို ကြုံ့ဝင် တာနဲ့ အမျှ သိပ်သည်းဆကလဲ ပိုပိုပြီး များလာပါတယ်။ နောက်ဆုံး အူတိုင် တစ်ခုလုံးဟာ အရမ်းကို သေးသွားပြီး ထုထည် (volume) မရှိတော့တဲ့ အထိ ပျောက်ဆုံး သွားပါတယ်။
ဒီလို ထုထည် ပျောက်ဆုံး သွားပေမယ့် ဒြပ်ထု (mass) ကတော့ အရင်အတိုင်း မပြောင်းမလဲ ကျန်နေပါ သေးတယ်။ ဒီ လို ထုထည် မရှိသလောက် သေးငယ်သွားပြီး ဒြပ်ထု အဆမတန် ကြီးမားတဲ့ အရာဝတ္ထု အနား ဝန်းကျင်မှာ ဆွဲငင်အားဟာ အလွန် ပြင်းထန် တာမို့ သူ့နားက ဖြတ်သွားတဲ့ အရာ မှန်သမျှ မလွတ်တမ်း ဖမ်းဆွဲ ထားလိုက်ပါတယ်။
ဘယ်လောက်ထိ ဆွဲအား ပြင်းထန် သလဲ ဆိုရင် အနားက ဖြတ်သွားတဲ့ အလင်း ကိုတောင် လွတ်မထွက်အောင် ဆွဲဖမ်း ထားနိုင်စွမ်း ရှိပါတယ်။
ဒီလိုနည်းနဲ့ ဘလက်ဟိုး တွေ မွေးဖွားလာ ကြတာ ဖြစ်ပါတယ်။
နက္ခတ် ပညာရှင် တွေရဲ့ အဆိုအရ စကြာဝဠာ ထဲမှာ ဘလက်ဟိုး ဘယ်နှစ်လုံး ရှိလဲ ဆိုတာကို ရေတွက်ဖို့ မဖြစ်နိုင်ဘူး လို့ ဆိုပါတယ်။ ဒါပေမယ့် သူတို့ရဲ့ တွက်ချက် မှုအရ ကြယ် အလုံး ၁၀၀၀ မှာ ၁ လုံး လောက်ပဲ ဘလက်ဟိုး အဖြစ် ပြောင်းလဲ သွားမှာ ဖြစ်ပါတယ်။
အခု ကမ္ဘာကနေ လက်လှမ်းမှီတဲ့ စကြာဝဠာ အဝန်းအဝိုင်း (observable universe) အတွင်းထဲ မှာတင် တစ်စက္ကန့်ကို ဘလက်ဟိုး တစ်လုံးနှုန်း မွေးဖွား နေကြတယ်လို့ ဆိုပါတယ်။ ဒါဟာ ကျွန်တော်တို့ ကမ္ဘာကနေ လေ့လာလို့ လက်လှမ်းမှီတဲ့ အကွားအဝေး အတွင်းပဲ ရှိပါသေးတယ်။
စကြာဝဠာ ထဲက ဂလက်ဆီ အားလုံး နီးပါးရဲ့ အလယ် ဗဟိုမှာ အရွယ်အစား နဲ့ ဒြပ်ထု အလွန် ကြီးမားတဲ့ ဧရာမ ဘလက်ဟိုး ကြီးတွေ ရှိကြပါတယ်။ ဒီ ဘလက်ဟိုး ကြီးတွေဟာ နေ အစင်းပေါင်း သန်းနဲ့ချီတဲ့ ဒြပ်ထုနဲ့ ညီမျှပါတယ်။ ဥပမာ မစ်ကီးဝေးရဲ့ ဗဟိုက ဆက်ဂျီတေးရီးယပ် အေစတား (Sagittarius A*) ဘလက်ဟိုး ကြီးဟာ နေအစင်း ၄ သန်းလောက်ရဲ့ ဒြပ်ထုနဲ့ ညီမျှတဲ့ ဒြပ်ထု ရှိပါတယ်။
လက်လှမ်းမီတဲ့ စကြာဝဠာ အဝန်းအဝိုင်း အတွင်းမှာတင် ဂလက်ဆီ ပေါင်းဟာ ဘီလီယံ ၁၀၀ ခန့် ရှိမယ်လို့ ခန့်မှန်း ထားကြပါတယ်။ (၁ ဘီလီယံ ဟာ သန်း ၁၀၀၀ နဲ့ ညီပါတယ်) ဒီ ဂလက်ဆီ အားလုံး နီးပါးရဲ့ ဗဟိုမှာ ဧရာမ ဘလက်ဟိုး ကြီးတွေ ရှိကြပါတယ်။
ဒါဆို ဘလက်ဟိုးတွေမှာ အိုမင်း ရင့်ရော်ခြင်း၊ သေဆုံးခြင်း ဆိုတာ ရှိသလား။
ဘလက်ဟိုး တွေဟာလဲ တဖြည်းဖြည်း အိုမင်း ရင့်ရော် လာနေပါတယ်။ ဒီ အိုမင်း ရင့်ရော် တာကို ဟော့ကင်း ရေဒီရေးရှင်း (Hawking radiation) အရ သိနိုင်ပါတယ်။
ဟော့ကင်း ရေဒီရေးရှင်း ဆိုတာ ဘာလဲ၊ ဘယ်လို ဖြစ်လာတာလဲ။
ကွမ်တမ် ရူပဗေဒ အရ ဟင်းလင်းပြင် (space) ဟာ အများ ထင်မှတ် ထားကြ သလိုမျိုး ဘာမှ မရှိတာ မဟုတ်ပါဘူး။
မိုက်ကရို စကုပ် အဏုကြည့်မှန်ပြောင်းနဲ့ ကြည့်ရင်တောင် မမြင်နိုင် လောက်အောင် သေးငယ်တဲ့ အတိုင်းအတာ မှာ ကွမ်တမ် အမှုန် လေးတွေဟာ ဟင်းလင်းပြင် ထဲမှာ ပေါ်လာလိုက် ပျောက်သွားလိုက် တစ်ချိန်လုံး ဖြစ်နေ ကြပါတယ်။ ဒီ ကွမ်တမ် အမှုန် လေးတွေဟာ ဒြပ်-ဆန့်ကျင်ဒြပ်မှုန် အတွဲ (matter-anti-matter pair) တွေ အနေနဲ့ ဖြစ်ပေါ် လာကြတာ ဖြစ်ပါတယ်။ ဒီ အတွဲ တွေဟာ ဖြစ်ပေါ်ပြီး သိပ်မကြာ ခင်မှာပဲ အချင်းချင်း တိုက်ပြီး ပြန်လည် ပျောက်ကွယ် သွားကြပါတယ်။
ဒါပေမယ့် ဒီ အမှုန်တွဲ တွေဟာ အကယ်လို့များ ဘလက်ဟိုး ရဲ့ event horizon ခေါ်တဲ့ နယ်ခြားစည်း မှာ ကပ်ပြီး ပေါ်ရင် ဘယ်လို ဖြစ်လာ မလဲလို့ စတီဖင် ဟော့ကင်း က မေးခွန်း ထုတ်ခဲ့ ပါတယ်။
အကယ်လို့သာ ဒီ ဒြပ်မှုန်-ဆန့်ကျင်ဒြပ်မှုန် အတွဲဟာ ဘလက်ဟိုး ရဲ့ နယ်စည်းမှာ ကပ်ပေါ်ရင် ဘလက်ဟိုးရဲ့ ပြင်းထန်တဲ့ ဆွဲအားက ဒီ အမှုန် နှစ်ခု မတိုက်မိ ခင်မှာ တစ်နေရာစီ ကွဲသွားအောင် လုပ်နိုင်မယ်လို့ စတီဖင် ဟော့ကင်းက အဆို ပြုပါတယ်။ ဒီ အခါ မှုန် နှစ်ခုထဲက တစ်ခုဟာ ဘလက်ဟိုး ထဲကို ဝင်သွားပြီး ကျန်တစ်ခု ကတော့ ဟင်းလင်းပြင် ထဲကို လွင့်ထွက်သွား မယ်လို့ သုံးသပ်ပါတယ်။
အကယ်လို့သာ ဘလက်ဟိုးထဲ ဝင်သွားတဲ့ အမှုန်ဟာ ဆန့်ကျင်ဒြပ်မှုန် (anti-matter) သာ ဖြစ်ခဲ့ရင် ဒီ ဆန့်ကျင်မှုန်ဟာ ဘလက်ဟိုး ရဲ့ စုစုပေါင်း ဒြပ်ထု ပမာဏကို အနည်းငယ် လျော့နည်း သွားစေမှာ ဖြစ်ပါတယ်။ (ဆန့်ကျင် ဒြပ်မှုန်ကို အနှုန်ဒြပ် အနေနဲ့ စဉ်းစား ကြည့်နိုင်ပါတယ်)
ဒီလို အထဲ ဝင်သွားတဲ့ အမှုန်ကို မတိုင်းတာ နိုင်ပေမယ့် အပြင် ထွက်သွားတဲ့ သူ့ရဲ့ အတွဲ မှုန်ကိုတော့ တိုင်းတာ နိုင်ပါတယ်။ ဒီလို အပြင် ထွက်သွားတဲ့ အမှုန်တွေကို ဟော့ကင်း ရေဒီရေးရှင်း (Hawking radiation) လို့ အမည် ပေးထားပါတယ်။
ဒီလို နည်းနဲ့ ဒြပ်ထု ဆုံးရှုံးရတဲ့ ဘလက်ဟိုးဟာ တဖြည်းဖြည်း စုစုပေါင်း ဒြပ်ထု ပမာဏ လျော့နည်း လာမှာ ဖြစ်ပါတယ်။ ဒီလို လျော့နည်းလာ တာနဲ့ အမျှ ဘလက်ဟိုး ရဲ့ အကျယ်အဝန်း ကလဲ တဖြည်းဖြည်း သေးငယ်လို့ လာမှာ ဖြစ်ပါတယ်။ (ဘလက်ဟိုး တစ်ခုရဲ့ အကျယ် အဝန်းကို သူ့ရဲ့ event horizon ခေါ် နယ်ခြားမျဉ်း ရဲ့ အကျယ်အဝန်း နဲ့ တိုင်းပါတယ်။)
ဒါကလဲ ဘလက်ဟိုးက ဆုံးရှုံရတဲ့ ဒြပ် ပမာဏ ဟာ ဘလက်ဟိုးက စုပ်ယူ စားသုံးလို့ တိုးလာနေတဲ့ ပမာဏ ထက် ပိုများမှ ဖြစ်လာမှာပါ။ တနည်း အားဖြင့် လှုပ်ရှားမှု သိပ်မရှိ တော့ပဲ ငြိမ်နေတဲ့ တွင်းနက်တွေမှာ ဒြပ်ထု ဆုံးရှုံးမှု ဖြစ်စဉ်ကို အဓိက မြင်တွေ့ကြ ရမှာ ဖြစ်ပါတယ်။
ဒီတော့ ဘလက်ဟိုး တစ်ခုရဲ့ သက်တမ်းဟာ သူ့ရဲ့ အရွယ်အစားနဲ့ အချိုးကျ နေမှာ ဖြစ်ပါတယ်။ ဘလက်ဟိုး ကြီးတွေမှာ ဒြပ်ထု ပမာဏ ပိုများတာမို့ သူတို့ ဒြပ်ထု အကုန် ဆုံးရှုံးဖို့ကလဲ အချိန် ပိုကြာမှာ ဖြစ်ပါတယ်။ ဘလက်ဟိုး အသေးလေး တွေကတော့ ဒြပ်ထု ပမာဏ နည်းနည်း ပဲ ရှိတာမို့ သိပ်ကြာကြာ ခံမှာ မဟုတ်ပါဘူး။
ဒီလို အငွေ့ပျံ နေတဲ့ ဘလက်ဟိုး တစ်ခုဟာ လုံးဝ ပျောက်ဆုံး သွားသည် အထိတော့ တိတ်တိတ် ဆိတ်ဆိတ် အငွေ့ပျံ သွားမှာ မဟုတ်ပါဘူး။ အရွယ်အစား တစ်ခုအထိ သေးငယ်သွား ပြီးတဲ့ နောက်မှာ သူ့ လက်ကျန် ဒြပ်ထုကို ဆက်ပြီး ထိန်းထားနိုင်ဖို့ လုံလောက်တဲ့ ဆွဲငင်အား ရှိတော့မှာ မဟုတ်ပါဘူး။
ဒီအချိန် ရောက်လာရင် ဘလက်ဟိုးဟာ အလွန် ပြင်းထန်တဲ့ ပေါက်ကွဲမှု ကြီးနဲ့ အတူ ပေါက်ကွဲ ထွက်သွားမှာ ဖြစ်ပါတယ်။ ဒီ ဖြစ်စဉ်က ဘာနဲ့ တူသလဲ ဆိုတော့ နျူကလိယ အဏုမြူဗုံး အလုံး သန်းချီပြီး ပေါက်ကွဲတဲ့ ဖြစ်စဉ်နဲ့ ခပ်ဆင်ဆင် တူပါလိမ့်မယ်။
ဒီလို ပေါက်ကွဲအား ပြင်းထန်စွာနဲ့ ပေါက်ကွဲ သွားမှာ ဖြစ်ပေမယ့် ကျွန်တော်တို့ အတွက်တော့ ဘာမှ စိတ်ပူစရာ မရှိ ပါဘူးတဲ့။ ဘာ့ကြောင့်ဆို ဒီ ဘလက်ဟိုး ပေါက်ကွဲမှု ကြောင့် ထွက်လာတဲ့ စွမ်းအင် ပမာဏ ဟာ သာမန် ဆူပါနိုဗာ ကြယ်ပေါက်ကွဲ မှုကနေ ထွက်ပေါ်လာတဲ့ စွမ်းအင် ပမာဏ နဲ့ယှဉ်ရင် အများကြီး သေးငယ်လို့ပဲ ဖြစ်ပါတယ်။
ဒီလို ဘလက်ဟိုး သေဆုံးမှု ဖြစ်စဉ်ကို အခုထိတော့ သိပ္ပံ ပညာရှင်တွေ လက်တွေ့ ထောက်လှမ်း ရှာဖွေ တွေ့ရှိရခြင်း မရှိ သေးပါဘူး။ ဒါပေမယ့် ဟော့ကင်း ရေဒီယေးရှင်း သီအိုရီသာ မှန်ခဲ့မယ် ဆိုရင်တော့ ဒီ ဖြစ်စဉ် တွေဟာ စကြာဝဠာရဲ့ ခေတ်နှောင်းပိုင်း ကာလတွေမှာ ဖြစ်ပေါ်လာလိမ့်မယ်လို့ သိပ္ပံ ပညာရှင် တွေက ယုံကြည် ကြပါတယ်။