Skip to content

ပိုးစားသောသွားများကို အသစ်ပြန်ပေါက်အောင် လုပ်နိုင်တော့မည်

  • Science
ပိုးစားသောသွားများကို အသစ်ကဲ့သို့ ကောင်းမွန်အောင် ပြန်ပေါက်အောင် လုပ်နိုင်တော့မည်

သွားဆရာဝန်ဆီမှာ သွားပိုးစားလို့ သွားပေါက်ဖါဖူးတယ် မဟုတ်လား။ ဘယ်လိုနေကြလဲ။ သွားပိုးစားလို့ ပေါက်နေတဲ့ သွားကို မဖာခင် သွားဆရာဝန်တွေဟာ သူတို့ရဲ့ လွန်သွား (drill) နဲ့ အရင် စားပစ်ပြီး သွားပေါက်ကို ချဲ့ရပါတယ်။ ပြီးမှာ သွားဖါဆေးထည့်ပြီး ဖါရပါတယ်။ ဒါပေမယ့် အခုနောက်ဆုံး ဆေးပညာဆိုင်ရာ ရှာဖွေတွေ့ရှိမှုတွေအရ နောက်ဆို ဒီလို သွားပေါက်ကို “ကျဉ်ကျဉ်နာနာ” ဖါစရာ မလိုတော့ဘူးလို့ ဆိုပါတယ်။ နောက်ဆို သွားပိုးစားလို့ မကောင်းတော့တဲ့ သွားတွေကို အသစ်ပြန်ပေါက်အောင် လုပ်လို့ရတော့မယ်လို့ ဆိုပါတယ်။

အင်္ဂလန်နိုင်ငံ လန်ဒန် ဘုရင့်ကောလိပ် (King College London) က သိပ္ပံပညာရှင် ပေါလ်ရှာပ်နဲ့ အဖွဲ့ဟာ ဒီနည်းကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ မနှစ်က ကြွက်တွေရဲ့ သွားတွေကို အောင်မြင်စွာ ပြန်ပေါက်အောင် လုပ်နိုင်ခဲ့ကြပြီး နောက်နှစ်မကြာမီ အတွင်း လူတွေမှာ စမ်းသပ်နိုင်တဲ့ အဆင့်ကိုရောက်လာတော့မယ်လို့ ဆိုပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ နှစ် ၅၀ အတွင်း သွားဖက်ဆိုင်ရာ ဆေးပညာရပ်နဲ့ ပတ်သက်ပြီး အကြီးမားဆုံး တိုးတက်မှုပဲလို့ ပညာရှင်တွေက ပြောပါတယ်။

ကျွန်တော်တို့ရဲ့ သွားတွေဟာ အမြဲပဲ ပျက်စီးယိုရွင်းနေ ကြပါတယ်။ သွားပေါ်မှာ ဘက်တီးရီးယားပိုးတွေ နေထိုင်ကြပါတယ်။ ဒီဘက်တီးရီးယားတွေဟာ သွားပေါ်မှာ ကျန်နေတဲ့ သကြားနဲ့ အစာဟောင်းတွေကို စားသောက်ပြီး အသက်ရှင် နေထိုင်ကြပါတယ်။ ဘက်တီးရီးယားတွေ ဒီလို အစာစားတဲ့ ဖြစ်စဉ်မှာ အက်စစ်တွေ ထွက်လာပါတယ်။ ဒီအက်ဆစ်ဟာ သွားရဲ့ အပြင်က ကာထားတဲ့ ကြွေလွှာကို ထိခိုက်ပျက်စီးစေပါတယ်။ ဒါကို သွားပိုးစားတယ်လို့ ခေါ်တာပါ။

လူ့အရေပြားလိုပဲ သွားဟာလဲ တော်ရုံထိခိုက်ပျက်စီးမှု အနည်းအကျဉ်းကို ပြန်ပြီး ပြုပြင်ဖါထေး နိုင်ပါတယ်။ ဒါပေမယ့် သွားကြွေလွှာ ပျက်စီးမှု အရမ်းများမယ် ဆိုရင်တော့ ပြန်မပြင်နိုင်တော့ပါဘူး။ အချိန်ကြာလာရင် အပြင်က ကြွေသွားလွှကို ကျော်ပြီး အောက်က သွာအရိုးပွ နေရာကို ရောက်သွားနိုင်ပါတယ်။ ဒီအခါ သွားအရိုးပွထဲက သွားဆဲလ်တွေကနေ သွားတစ်ရှူး အသစ်တွေပြန်ထုတ်ပြီး ပြင်ဖို့ကြိုးစားပါတယ်။ ဒါပေမယ့် သွားပိုးစားတာ အရမ်း မျာမယ်ဆိုရင် ဒီသွားတစ်ရှူး အသစ်တွေက ပြန်မပြင်နိုင်တော့ပါဘူး။ ကြာလာရင် သွားမှာအပေါက်ဖြစ်သွားပါတယ်။

ပေါလ်ရှာပ်နဲ့အဖွဲ့ဟာ ဒီသွားရဲ့ ပြန်ပြုပြင်နိုင်တဲ့ စွမ်းရည်ကို ဆေးဝါးတွေသုံးပြီး တိုးတက်အောင် လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ သူတို့ဟာ ဒီအိုင်ဒီယာကို စမ်းသပ်ဖို့ ကြွက်တွေရဲ့ သွားတွေကို လွန်သွားနဲ့ အပေါက်တွေ ဖောက်လိုက်ပါတယ်။ ပြီးရမြှုပ်လေးတွေကို အယ်ဇိုင်းမားနဲ့ အခြား အာရုံကြော ရောဂါကုရာမှာ သုံးတဲ့ ဆေးတွေနဲ့ စိမ်ပြီး ဒီအပေါက်တွေထဲ ကိုထိုးသိပ်ထည့်ထားလိုက်ပါတယ်။ လေးပါတ်ကတေည ခြောက်ပါတ်လောက် ကြာတဲ့အခါမှာတော့ သွားပေါက်တွေပြန်ပိတ်သွားတာကို တွေ့ကြရပါတယ်။ သွားအတော်များများဟာ အသစ်ကဲ့သို့ ကောင်းမွန်တာ တွေ့ရှိရပါတယ်။ ပညာရှင်တွေကတော့ ဒါဟာ အလွန်အရေးပါတဲ့ တွေ့ရှိချက်ပဲလို့ ဆိုကြပါတယ်။

ဒီလို ကိုယ်ခန္ဓာရဲ့ ဆဲလ်ပွားစွမ်းရည်ကို သုံးပြီး ကုသတာဟာ လုံးဝအန္တရာယ် ကင်းတာတော့ မဟုတ်ပါဘူး။ ဒီဆေးဝါးတွေဟာ အခမသင့်ရင် ပွားတာမထိန်းနိုင်ပဲ ကင်ဆာလို အကျိတ်မျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ပေါလ်ရှာပ်ကတော့ သုံးတဲ့ဆေး ပမာဏက အလွန်နဲတာမို့ မဖြစ်နိုင်လောက်ဘူးလို့ ယုံကြည်ပါတယ်။ သို့သော်လဲ လူမှာစိတ်ချလက်ချ သုံးစွဲဖို့ စမ်းသပ်မှုတွေ ဆက်လုပ်ဖို့လိုတယ် ဆိုတာတော့ ဝန်ခံပါတယ်။

ဒီအောင်မြင်မှုကို ကြေငြာပြီး နောက်ပိုင်း ပေါလ်နဲ့ အဖွဲ့ဟာ သွားထဲကို ဆေးထိုးထည့်နိုင်မယ့် နည်းလမ်းကိုလဲ စမ်းသပ်ခဲ့ပါတယ်။ စိတ်ချလက်ချ သုံးစွဲနိုင်မယ့် ဆေးဝါးတွေကိုလဲ သုတေသန ပြုခဲ့ကြပါတယ်။ ဆေးတော်တော်များများက အခြားရောဂါ တွေကို ကုဖို့ ခွင့်ပြုချက် ရပြီးသား ဆေးတွေပါ။ ဒါ့ကြောင့် သိပ်မကြာမီ အချိန်မှာ ဒီနည်းကို လူတွေမှာ စမ်းသပ်ခွင့်ရဖို့ သူက မျှော်လင့်ပါတယ်။ မကြာမီ နှစ်အနည်းငယ်မှာ ဒီနည်းကို တွင်တွင်ကျယ်ကျယ် သုံးစွဲနိုင်တော့မယ်လို့ သူက ယုံကြည်ပါတယ်။

Photo Credit: Engin_Akyurt | Pixabay

Source: Scientific American | Instead of Filling Cavities, Dentists May Soon Regenerate Teeth

Advertisement