Skip to content

မိုးကြိုးသွား အတွင်း မြုပ်နေတဲ့ တွင်းထွက်ပုံဆောင်ခဲသစ် ရှာတွေ့

fulgurite

ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်တဲ့ မိုးကြိုးသွား တစ်ခုရဲ့ အတွင်းမှာ အရင်က တခါမှ မတွေ့ခဲ့ဖူးတဲ့ သတ္တုတွင်းထွက် အသစ် တစ်မျိုးကို ပညာရှင်တွေ ရှာဖွေ တွေ့ရှိ ထားပါတယ်။ ဒီ တွင်းထွက်ကို အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ်မှာ ရှာတွေ့တဲ့ မိုးကြိုးသွား ကျောက်ဖြစ်ရုပ်ကြွင်း (fossilized lightning) တစ်ခု အတွင်းကနေ ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။

“ဒီ သတ္တုတွင်းထွက်ကို ကမ္ဘာပေါ်မှာ သဘာဝ အလျှောက် ဖြစ်ပေါ်နေတာ တခါမှ မတွေ့ခဲ့ ဖူးပါဘူး” လို့ ဖလော်ရီဒါတောင်ပိုင်း တက္ကသိုလ် က ဘူမိသိပ္ပံ ပညာရှင် (geoscientist) တစ်ဦးဖြစ်သူ မက်သယူး ပါဆက် (Mathew Masek) က ရှင်းပြပါတယ်။ 

“ဒီ တွင်းထွက်နဲ့ အလားတူတဲ့ တွင်းထွက်တွေကို ဥက္ကာခဲ တွေနဲ့ အာကာသ ထဲမှာ တွေ့ခဲ့ရ ဖူးပါတယ်။ ဒါပေမယ့် ဒါနဲ့ ထပ်တူထပ်မျှ တူညီတဲ တွင်းထွက်ကိုတော့ တခါမှ မတွေ့ဖူးသေးပါဘူး” လို့ ဆက်လက် ရှင်းပြပါတယ်။

ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်သွားတဲ့ မိုးကြိုးသွားကို ဘူမိဗေဒ အခေါ်အဝေါ်နဲ့ fulgurite လို့ ခေါ်ပါတယ်။ ဒီ မိုးကြိုးသွား တွေဟာ အင်အား ပြင်းထန်တဲ့ လျှပ်စစ် မိုးကြိုး မြေပြင်ကို ထိမှန်တဲ့ အခါ ဖြစ်ပေါ်လာ တတ်ကြတာ ဖြစ်ပါတယ်။ 

မိုးကြိုးရဲ့ ပြင်းထန်တဲ့ စွမ်းအင်ကြောင့် မိုးကြိုး စီးဝင်ရာ မြေပြင်မှာ ရှိတဲ့ မြေသား၊ သဲ၊ ကျောက်သား၊​သတ္တု တွေနဲ့ သက်ရှိ အော်ဂဲနစ် ပစ္စည်းတွေဟာ အရည်ပျော်ပြီး သတ္တုချောင်းနဲ့ တူတဲ့ ဝတ္ထုပစ္စည်း အဖြစ် ပြောင်းလဲ သွားပါတယ်။ ဒါကိုပဲ မိုးကြိုးသွားလို့ ခေါ်ကြတာ ဖြစ်ပါတယ်။

အခု မိုးကြိုးသွားဟာ ဖလော်ရီဒါ ပြည်နယ်က New Port Richey ဒေသက သစ်ပင် တစ်ပင်ကို မိုးကြိုးထိမှန်ရာက ဖြစ်ပေါ်လာ ခဲ့တာ ဖြစ်ပါတယ်။ 

ဒီ မိုးကြိုးသွားကို မက်သယူး ပါဆက် က လက်ခံရရှိ ခဲ့ပါတယ်။ သူဟာ မိုးကြိုးပစ်ခတ်ရာက ဖြစ်ပေါ်လာတဲ့ စွမ်းအင်မြင့် ဓါတုဓါတ်ပြုမှု (high energy chemical reactions) တွေကို လေ့လာနေတာ ဖြစ်ပါတယ်။

သူလက်ခံ ရရှိခဲ့တဲ့ မိုးကြိုးသွားဟာ အလျှား ၇ စင်တီမီတာ (၂.၈ လက်မ) နဲ့ အကျယ် ၂ စင်တီမီတာ (၀.၈ လက္မ) အရွယ်အစား ရှိပါတယ်။ ဒီ မိုးကြိုးသွား ထဲမှာ မြုပ်နေတဲ့ အရောင်စုံ ပုံဆောင်ခဲ (crystal) နဲ့ တူတဲ့ ဒြပ်ပစ္စည်းကို သုတေသီတွေ ရှာဖွေ တွေ့ရှိခဲ့ ကြတာ ဖြစ်ပါတယ်။

မိုးကြိုးသွား (fulgurite) အတွင်းမှ ပုံဆောင်ခဲ ကို အီလက်ထရွန် မိုက်ကရို စကုပ်အောက်တွင် တွေ့ရစဉ် (Image credit: Bindi et al. 2023)

ဒီ ပုံဆောင်ခဲကို အသေးစိတ် ဓါတ်ခွဲ စစ်ဆေး ကြည့်တဲ့အခါ ဒီ ဒြပ်ဝတ္ထုဟာ အရင်က တခါဘူးမှ မတွေ့ခဲ့ ဖူးတဲ့ ဒြပ်ဝတ္ထု အသစ် ဖြစ်နေတာကို တွေ့ခဲ့ ကြရပါတယ်။ 

ဒီ ဒြပ်ဝတ္ထုမှာ အဓိက ပါဝင်ဖွဲ့စည်းထားတဲ့ ဒြပ်ပေါင်းဟာ ကယ်လ်ဆီယံ ဖော့စဖိတ် ဒြပ်ပေါင်း (calcium phosphate (CaHPO3)) ဖြစ်ပါတယ်။ သူနဲ့အတူ အခြား ဒြပ်ပေါင်းတွေလဲ ပါဝင် ဖွဲ့စည်း ထားကြပါတယ်။

ဒီ သုတေသန အတွင်းမှာ သိပ္ပံ ပညာရှင် တွေဟာ သူနဲ့ အလားတူ ဒြပ်ဝတ္ထုကို ဓါတ်ခွဲခန်းထဲမှာ ဖန်တီးနိုင်ဖို့ ကြိုးစား ကြပါသေးတယ်။ ဒါပေမယ့် ဒီ ကြိုးပမ်းမှုက အောင်မြင်မှု မရ ခဲ့ပါဘူး။ အောင်မြင်ခါနီး တိုင်းမှာ ရလာတဲ့ ဒြပ်ပေါင်းဟာ သူ့ဟာသူ အလိုအလျှောက် ပြိုကွဲ သွားတာကို တွေ့ခဲ့ ကြရပါတယ်။

သုတေသီ တွေက အခု ရှာတွေ့ခဲ့ ကယ်လ်ဆီယံ ဖော့စဖိတ် ရဲ့ ပုံဆောင်ခဲ ပုံသဏ္ဍာန် သစ်ဟာ ဒြပ်ဝတ္ထု အသစ်ဖြစ်တယ်လို့ ယူဆကြပါတယ်။ ဒါပေမယ့် ဒီ ယူဆချက်ကို သက်သေပြနိုင်ဖို့လဲ နီးစပ်ပြီလို့ ယုံကြည် ကြပါတယ်။ ဒီလို သက်သေ ပြနိုင်တဲ့ အခါမှာတော့ ဒီ ဒြပ်ဝတ္ထုကို အမည်သစ် ပေးနိုင်မှာ ဖြစ်ပါတယ်။

အခု တွေ့ရတဲ့ ဒြပ်ဝတ္ထု အသစ်လိုပဲ အခြား ဒြပ်ဝတ္ထု သစ်တွေဟာလဲ မိုးကြိုးသွား တွေအတွင်းမှာ ရှိနေလိမ့်မယ်လို့ ယူဆကြပါတယ်။ ဒါ့ကြောင့် သူတို့ရဲ့ သီအိုရီကို သက်သေ ပြနိုင်ဖို့ နောက်ထပ် မိုးကြိုးသွားတွေကို ထပ်မံ သုတေသန ပြုနိုင်ဖို့ ကြိုးစား နေပါတယ်။

အခုလို ဒြပ်ဝတ္ထု အသစ်တစ်မျိုးကို မိုးကြိုးသွား အတွင်းကနေ ရှာတွေ့ ခဲ့တာဟာ အခုအကြိမ်ဟာ ပထမဆုံး အကြိမ်တော့ မဟုတ်ပါဘူး။ ၂၀၂၂ ဒီဇင်ဘာ လတုန်းကလဲ သုတေသီ တွေဟာ ရှားပါးတဲ့ ပုံဆောင်ခဲ တစ်မျိုးကို အမေရိကန် ပြည်ထောင်စာ နီဘရာစကာ ပြည်နယ်က ရတဲ့ မိုးကြိုးသွား တခု အတွင်းမှာ ရှာတွေ့ ခဲ့ပါသေးတယ်။

Ref: Never-before-seen ‘crystal-like matter’ hidden in a chunk of fossilized lightning is probably a brand new mineral |  Live Science

Advertisement