Skip to content

အပင်များ၏ အော်ဟစ်ညီးတွားသံ သိပ္ပံ ပညာရှင်များ ရှာဖွေတွေ့ရှိ

pruning

အပင်တွေကို ဒါဏ်ရာ အနာတရ ဖြစ်အောင် ပြုလုပ်လျှင် အပင်တွေဟာလဲ သက်ရှိ သတ္တဝါ တွေလိုပဲ အော်ဟစ်ကြတယ် ဆိုတာကို သိပ္ပံ ပညာရှင်တွေ ရှာဖွေ တွေ့ရှိ ခဲ့ကြပါတယ်။

ဒါပေမယ့် ဒီလို အော်ဟစ်တာဟာ လူတွေ အော်ဟစ် သလိုမျိုး တော့ မဟုတ်ပါဘူး။ ဒီအစား သံလွန်လှိုင်း (ultrasound) ကြိမ်နှုန်းရှိတဲ့ ပေါက်ပေါက် ဖေါက်သံမျိုး၊ ကလစ်ကလစ် မည်သံမျိုးကို ပြုလုပ် ကြတယ်ဆိုတာကို သိပ္ပံ ပညာရှင်တွေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

သံလွန်လှိုင်း တွေဟာ လူတွေရဲ့ နားနဲ့ ကြားနိုင်တဲ့ ကြိမ်နှုန်း (frequency) ထက် မြင့်တာမို့ ကျွန်တော်တို့ မကြားနိုင် ပါဘူး။ ဒီ ထုတ်လွှင့်တဲ့ သံလွန်လှိုင်း တွေဟာ အကယ်လို့ အပင် အနာတရ ဖြစ်လာတဲ့ အခါမျိုးမှာ ပိုပြီး များလာတယ် ဆိုတာကိုလဲ ပညာရှင်တွေ တွေ့ရှိ ခဲ့ကြပါတယ်။ တနည်းအားဖြင့်တော့ အပင်တွေဟာ သူတို့လဲ နာကျင်တယ် ဆိုတာကို ပတ်ဝန်းကျင်ကို သိအောင် ကြေငြာတာပဲ ဖြစ်ပါတယ်။

“တိတ်ဆိတ်နေတဲ့ လယ်ကွင်းထဲ မှာတောင် ကျွန်တော်တို့ မကြားနိုင်တဲ့ အသံတွေ ရှိနေပါတယ်။ ဒီ အသံတွေက သတင်းအချက်အလက်တွေကို သယ်ဆောင်လာကြ တာပါ။ ဒီ အသံတွေကို ကြားနိုင်တဲ့ သက်ရှိ တိရစ္ဆာန်တွေ ရှိကြပါတယ်။ ဒီတော့ ဒီ တိရစ္ဆာန် တွေနဲ့ အပင်တွေ ကြားထဲမှာ ဆက်သွယ်မှု တခုခု ရှိနေနိုင်ပါတယ်” လို့  /အစ္စရေး နိုင်ငံ တဲလ်အဗစ် တက္ကသိုလ်က ဆင့်ကဲ ပြောင်းလဲမှု ဆိုင်ရာ ဇီဝဗေဒ ပညာရှင် (Evolutionary biologist လေလာခ် ဟာဒါနီ (Lilach Hadany) က ရှင်းပြပါတယ်။

“အပင်တွေဟာ အင်းဆက်မိုးမွှားတွေနဲ့ အခြား တိရစ္ဆာန်တွေနဲ့ ဆက်ဆံမှု အမြဲ ရှိနေပါတယ်။ ဒီ တိရစ္ဆာန် တွေဟာ အချင်းချင်း အသံကို အသုံးပြုပြီး ဆက်သွယ် ကြတာပါ။ ဒီတော့ အပင်တွေဟာလဲ အသံကို အသုံးပြု ဆက်သွယ်တာမျိုး မပြုလုပ်ဘူး ဆိုရင် အကောင်းဆုံး ဘယ်ဖြစ်တော့ မလဲ” လို့ သူက ဆက်ရှင်းပြပါတယ်။

ဒါဏ်ရာ အနာတရ ဖြစ်နေတဲ့ အပင်ဟာ ကျွန်တော်တို့ ထင်မှတ် ထားခဲ့သလိုမျိုး ဘာမှ မလုပ်ပဲ ငြိမ်ခံနေတာ မဟုတ်ပါဘူး။ ဒါဏ်ရာရတဲ့ အပင်ရဲ့ အတွင်းမှာ  ထူးထူးခြားခြား ပြောင်းလဲမှုတွေ ဖြစ်ပေါ် လာပါတယ်။ ဒီအထဲမှာ လူသားတွေ သတိထားမိတဲ့ အချက်တခု ကတော့ အပင်တွေကနေပြီး အနံ့တမျိုးမျိုး ထွက်လာတာပဲ ဖြစ်ပါတယ်။ အချို့ အပင်တွေ ကလဲ အရောင် ပြောင်းသွားတာမျိုး၊ ပုံသဏ္ဍာန် ပြောင်းလဲသွားတာမျိုးတွေ ကြုံရ တတ်ပါတယ်။

ဒီလို ပြောင်းလဲမှု တွေဟာ အပင်အပေါ် ကျရောက်တဲ့ အန္တရာယ်ကို ဖယ်ရှားဖို့ ကြိုးစားတဲ့ စနစ်ရဲ့ အစိတ်အပိုင်း တရပ်ပဲ ဖြစ်ပါတယ်။ ဥပမာ အပင်ရဲ့ ကိုယ်ခံစနစ်ကို ပိုအားကောင်းအောင် လုပ်ပေးတာမျိုး၊ ပိုးမွှားတွေကို စားသုံးတဲ့ တိရစ္ဆာန် တွေကို ဆွဲဆောင်တာမျိုး တွေပေါ့။

ဒါပေမယ့် အပင်တွေ ဆီကနေ အသံ ထွက်မထွက် ဆိုတာကိုတော့ ပညာရှင်တွေ သေခြာ လေ့လာခဲ့ရခြင်း မရှိခဲ့ပါဘူး။ 

လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက သုတေသီ အချို့ဟာ အပင်တွေဟာ အသံကို ကြားနိုင်တယ် ဆိုတာ ရှာဖွေ တွေ့ရှိခဲ့ ကြပါတယ်။ ဒီတော့ နောက်တဆင့် အနေနဲ့ အပင်တွေကရော အသံကို ထုတ်လွှင့်ပေးနိုင်မလား ဆိုတဲ့ မေးခွန်း ပေါ်လာပါတယ်။

ဒီ မေးခွန်းကို ဖြေနိုင်ဖို့ အတွက် ခရမ်းချဉ်သီး နဲ့ ဆေးရွက်ကြီး ပင်တွေရဲ့ အသံကို မှတ်တမ်းယူနိုင်ဖို့ အသံဖမ်းစက် အများအပြား တပ်ဆင်ပြီး အသံဖမ်းဖို့ ကြိုးစားခဲ့ ကြပါတယ်။ ဒီလို အသံဖမ်းယူရာမှာ ခရမ်းချဉ် နဲ့ ဆေးရွက်ကြီး ပင်တွေကို အခြေအနေ အမျိုးမျိုး အောက်မှာ ထားပြီး စမ်းသပ်ခဲ့ ကြပါတယ်။

ပထမ ရေဝဝလင်လင် ရတဲ့ အပင်ရဲ့ အသံကို ဖမ်းယူ ခဲ့ပါတယ်။ ဒီ့နောက် အပင်ကို ရေမလောင်းပဲ ထားပြီး အသံဖမ်းပါတယ်။​ နောက် အကိုင်းတွေကို ဖြတ်တောက်တဲ့ အချိန်မှာလဲ အသံဖမ်းယူ ခဲ့ကြပါတယ်။ ဒီလို အသံဖမ်းယူမှုကို ပထမ အသံလုံခန်းထဲမှာ ပြုလုပ်ခဲ့ပြီး နောက်တဆင့် အနေနဲ့ ဖန်လုံအိမ် (Green house) ထဲမှာ ထပ်မံ ဖမ်းယူ ခဲ့ကြပါတယ်။

ဒီကရတဲ့ အသံတွေကို ဉာဏ်ရည်တု ကွန်ပြူတာ ပရိုဂရမ် အသုံးချပြီး အမျိုးအစား ခွဲခြား ခဲ့ကြပါတယ်။ ပုံမှန် အပင်က ထွက်တဲ့ အသံ၊​ ရေငတ်နေတဲ့ အပင်က အသံ နဲ့ ကိုင်းဖြတ်ခံရလို့ နာကျင်တဲ့ အသံဆိုပြီး အမျိုး ခွဲခြား ခဲ့ကြပါတယ်။

အပင်တွေက ထုတ်ပေးတဲ့ အသံတွေဟာ လူတွေ ကြားနိုင်တဲ့ ကြိမ်နှုန်းထက် မြင့်မားပြီး ပေါက်ပေါက်ဖေါက် သလို အသံတွေ ဖြစ်တာကို တွေ့ရှိ ခဲ့ကြပါတယ်။ ဒီ အသံကို ၃ ပေ ပတ်လည်လောက်အတွင်း အထိ ဖမ်းယူနိုင်ပါတယ်။ 

ငြိမ်းချမ်းနေတဲ့ အပင်တွေ ကတော့ ဘာသံမှ သိပ်မပေး ပါဘူး။ အများအားဖြင့် အသံ တိတ်တိတ် ဆိတ်ဆိတ်နဲ့ နေကြတာ များပါတယ်။ 

ဒါပေမယ့် အခက်အခဲ ကြုံနေတဲ့ အပင်တွေ ဆီကတော့ အသံတွေ ဆူဆူညံညံ ထွက်ပေါ် လာကြပါတယ်။ သူတို့ ဆီက ကလစ် ကလစ် နဲ့ အသံဟာ တစ်နာရီကို အကြိမ် ၄၀ လောက်ထိ ထွက်ပေါ် လာတတ် ကြပါတယ်။

ရေငတ်နေတဲ့ အပင်တွေ ကျတော့ ပထမ အပင် မညှိုးခင် ကြိုပြီး အသံ ထွက်လာပါတယ်။ အပင်စညှိုးတဲ့ အချိန်မှာ အသံထွက်တဲ့ အကြိမ်ရေ များလာပါတယ်။ ဒါပေမယ့် အရမ်း ညှိုးခြောက် သွားချိန်မှာတော့ တဖြည်းဖြည်း အားပျော့ပြီး နောက်ဆုံး ရပ်တန့် သွားပါတော့တယ်။

လေ့ကျင့် သင်ကြားပေးထားတဲ့ ကွန်ပြူတာ ဉာဏ်ရည်တု ဟာ ဒီ အသံတွေကို ခွဲခြားနိုင်စွမ်း ရှိပါတယ်။ ဒါတင်မကသေးဘူး ဘယ်အပင် အမျိုးအစားက ထွက်တဲ့ အသံလဲ ဆိုတာကိုလဲ ခွဲခြား ပေးနိုင်ပါတယ်။ ပြီးတော့ ခရမ်းချဉ်သီး နဲ့ ဆေးရွက်ကြီးပင်မှ မဟုတ်ပါဘူး။ အခြားအပင်တွေနဲ့ စမ်းတော့လဲ ဒီလိုပဲ ဆင်ဆင်တူတဲ့ အသံတွေနဲ့ အော်ဟစ် ကြတာကို တွေ့ကြရပါတယ်။

ဒါပေမယ့် ဒီ အသံတွေကို အပင်တွေက ဘယ်လို ထုတ်လုပ်ပေးသလဲ ဆိုတာကိုတော့သိပ္ပံ ပညာရှင်တွေ ရှာဖွေနိုင်စွမ်း မရှိသေးပါဘူး။ အချို့ကတော့ လူတွေ လက်ချိုးတဲ့ အခါ ဖေါက်ဖေါက်သံ မည်တာနဲ့ ဆင်ဆင်တူတဲ့ နည်းစနစ် တခုခု ရှိမယ်လို့ ခန့်မှန်း ကြပါတယ်။

နောက်ပြီး အခြား အခြေအနေတွေ (ဥပမာ ပိုးကျတာ၊ အပင် ရောဂါဖြစ်တာ) တွေမှာရော ဒီလိုပဲ အသံတွေ ထုတ်ပေးပြီး အော်ဟစ် ညီးတွား ကြသလား ဆိုတာ မသိပါဘူး။ ပြီးတော့ ဒီ အသံကို အခြား အပင်တွေက ဘယ်လို တုန့်ပြန်မှု ပေးသလဲ​ဆိုတာလဲ မသိရ သေးပါဘူး။

အရင်က ပြုလုပ်ခဲ့တဲ့ သုတေသန တွေအရ အပင်တွေဟာ အနီးဝန်းကျင်မှာ ရေခမ်းတဲ့ အပင်ရှိရင် သူတို့ရဲ့ ရေခမ်းခြောက်မှု ခံနိုင်အားကို တက်လာအောင် ပြုလုပ်နိုင်တယ် ဆိုတာ တွေ့ရှိ ခဲ့ကြပါတယ်။ ဒီတော့ အခုလို အသံထွက် အော်ဟစ်တာကို အခြား အပင်တွေကလဲ ကြားပြီး တနည်းနည်း တုန့်ပြန်တာမျိုး ဖြစ်နိုင်တယ် လို့တော့ မှန်းဆ ကြပါတယ်။

Ref: Plants Really Do ‘Scream’ Out Loud. We Just Never Heard It Until Now. | Science Alert 

Advertisement