တခါတလေ တကယ့် အဖြစ်အပျက် တွေဟာ ပုံပြင်တွေ ဝတ္ထုတွေထက် ပိုပြီး ဆန်းကျယ်ပါတယ်။ ဒီအထဲမှာ ကျောင်းနောက်ကျ မိတဲ့အတွက် PhD ဒေါက်တာဘွဲ့ ရသွားတဲ့ သင်္ချာ ပညာရှင်ကြီး တစ်ယောက်ရဲ့ အကြောင်းက နောင်တချိန် အမေရီးကားက ကျောင်းတွေမှာ ဒဏ္ဍာရီ တစ်ပုဒ် ဖြစ်လာတဲ့ အထိ ဆန်းကြယ်လှပါတယ်။
ဂျော့ဘားနတ် ဒန်းဇစ် (George Bernard Dantzig) ဆိုတဲ့ နာမည်ကို သင်္ချာနယ်ပယ် ပြင်ပက လူတွေ ကြားဖူးကြမှာ မဟုတ်ပါဘူး။ သင်္ချာ ပညာရှင် လောကမှာတော့ သူဟာ ထင်ရှားတဲ့ သင်္ချာ ပညာရှင်ကြီး တစ်ဦး ဖြစ်ပြီး ၁၉၇၅ ခုနှစ်မှာ သူဟာ အမေရိကန် သမတရဲ့ အမျိုးသား သိပ္ပံ ဘွဲ့တံဆိပ် (National Medal of Science) ကို ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။ သူ့ရဲ့ သင်္ချာ ဒေါက်တာဘွဲ့ ရခဲ့ပုံကလဲ အမေရိကန် ကောလိပ်တွေမှာ ပြောစမှတ် တွင်ကျန်ရစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်။
ဒီ အဖြစ်အပျက် ဖြစ်ခဲ့တဲ့ ၁၉၃၉ ခုနှစ်မှာ ဒန်းဇစ် ဟာ ဒေါက်တာဘွဲ့ကြို ကျောင်းသား တစ်ဦး ဖြစ်ပါတယ်။ သူဟာ အဲ့သည် အချိန်က ဘာကလေ ကာလီဖိုးနီးယား တက္ကသိုလ် (UC Berkeley) မှာ PhD ဘွဲ့လွန်အတွက် တက်ရောက်နေတာ ဖြစ်ပါတယ်။ တစ်နေ့တော့ သူဟာ ဘွဲ့လွန် ကျောင်းသားတွေ အတွက် စီစဉ်တဲ့ statistics အတန်း ကို နောက်ကျပြီး ရောက်သွားပါတယ်။ ရောက်သွားတဲ့ အချိန်မှာ အတန်းက ပြီးခါနီးနေပါပြီ။
သူရောက်သွားပြီး ကျောက်သင်ပုန်းပေါ် ကြည့်လိုက်တော့ သင်္ချာ ပုဒ်စာ နှစ်ပုဒ် ရေးထားတာ တွေ့မိပါတယ်။ ဒါနဲ့ သူကလဲ အရင်လိုပဲ ဒါ အိမ်စာ ဖြစ်မယ်ထင်ပြီး သူ့စာအုပ်ထဲ ကူးထည့်လာခဲ့ပါတယ်။ နောက် အိမ်ရောက်တော့ ဒီ ပုဒ်စာ နှစ်ပုဒ်ကို ထိုင်တွက်ပြီး သူ့ဆရာဆီကို သွားထပ်ခဲ့ပါတယ်။
ဒါပေမယ့် ဒန်းဇစ် မသိခဲ့တာကတော့ အဲ့သည် ပုဒ်စာ နှစ်ပုဒ်ဟာ အိမ်စာ မဟုတ်ပဲ သင်္ချာနယ်က သင်္ချာ ပညာရှင် အဆက်ဆက် ရှင်းမရခဲ့တဲ့ သင်္ချာ ပြဿနာတွေကို နမူနာ ပြောရင်း ဆရာက ရေးချ ပြခဲ့တဲ့ “သင်္ချာနယ်မှ ဖြေရှင်းမရသော ပြဿနာများ” ထဲက ပြဿနာ နှစ်ခု ဖြစ်နေတယ် ဆိုတာပါ။
ဒိအကြောင်းကို ဒန်းဇစ်က ၁၉၈၆ ခုနှစ်မှာ ပြုလုပ်တဲ့ အင်တာဗျူးမှာ အခုလို ပြန်ပြောင်း ပြောပြခဲ့ပါတယ်။
“ဒီအဖြစ်က ကျွန်တော် ဘာကလေမှာ ပီအိပ်ချ်ဒီ သင်တန်း ပထမနှစ် တက်နေတုန်းက ဖြစ်ခဲ့တာပါ။ တစ်နေ့တော့ ပရော်ဖက်ဆာ နေမန်း (Jerzy Neyman) သင်တဲ့ အတန်းကို နောက်ကျမှ ရောက်သွားခဲ့ပါတယ်။ အရှေ့က ကျောက်သင်ပုန်းပေါ်မှာ ပုဒ်စာ နှစ်ပုဒ် ရေးထားတာ တွေ့တယ်ဗျာ။ကျွန်တော်က ထုံးစံအတိုင်း ဒါ ဒီနေ့ အတန်းအတွက် အိမ်စာ ဖြစ်မယ်ပဲ ထင်ခဲ့တာပေါ့။ ဒါနဲ့ စာအုပ်ထဲ ကူးလာခဲ့ရော။
နောက် ရက်အနည်းငယ်ကြာတော့ ပရော်ဖက်ဆာ နေမန်းကို သူ့အိမ်စာ ထပ်တာ နောက်ကျတဲ့ အတွက် တောင်းပန်ရင်း အိမ်စာ ထပ်လို့ ရအုံးမလားလို့ မေးမိတယ်။ အိမ်စာက အရင် ပေးနေကျ အိမ်စာတွေထက် စာရင် နဲနဲ ပိုခက်နေတာမို့ နောက်ကျသွားရတာပါလို့ တောင်းပန်ရင်းပေါ့။ သူက သူ့စားပွဲပေါ် တင်ခဲ့ဆိုတာနဲ့ တင်ထားခဲ့ ပါတယ်။ တင်ခဲ့ရ တာတော့ ခပ်လန့်လန့်ဗျ။ ဘာလို့ဆို သူ့စာပွဲ ကလဲ စာရွက်စာတမ်း ပေါင်းစုံနဲ့ ရှုပ်ပွ နေတာပဲကိုး။ ကျွန်တော်က ကျွန်တော့် အိမ်စာလေး သူ့စာအုပ်ပုံကြီးထဲ ထာဝရ ပျောက်သွား မလားလို့ စိတ်တထင့်ထင့် နဲ့ပေါ့။
နောက် ၆ ပတ်လောက် အကြာ တနင်္ဂနွေ နေ့ မနက် ၈ နာရီလောက် အိပ်ကောင်းတုန်း အိမ်ရှေ့ တံခါးမကြီးကို လူတစ်ယောက်က တစ်ဒုန်းဒုန်း လာထုပါလေရောဗျာ။ တံခါးဖွင့်လိုက်တော့ ပရော်ဖက်ဆာ နေမန်းဗျ။ တံခါးလဲ ဖွင့်ပေးလိုက်ရော အထဲကို ဒရောသောပါး ပြေးဝင်လာပါရော။ လက်ထဲမှာလဲ စာရွက် တစ်ထပ်ကြီးနဲ့။ လူကလဲ အရမ်းကို စိတ်လှုပ်ရှား နေတဲ့ ပုံနဲ့။
သူက “ငါ မင့် သုတေသန စာတမ်း တစ်စောင်ရဲ့ နိဒါန်းကို ရေးထားပြီးပြီ။ ဖတ်ကြည့်ပါအုံး။ ပြီး မင်းသဘောတူရင် အခုပဲ သုတေသန ဂျာနယ်ထဲ ထည့်ဖို့ ငါပို့လိုက်မလို့” လို့ ပြောပါတယ်။ ကျွန်တော်လဲ သူဘာပြော နေမှန်း နားမလည်နိုင်အောင် ဖြစ်နေတာပေါ့။
သူရှင်းပြမှပဲ လိပ်ပါတ်လည် တော့တယ်။ တကယ်က ကျွန်တော် အိမ်စာမှတ်ပြီး ဖြေရှင်းခဲ့တဲ့ ကျောက်သင်ပုန်း ပေါ်က ပုဒ်စာ နှစ်ပုဒ်က အိမ်စာမှ မဟုတ်ပဲဗျ။ အဲ့တာက သင်္ချာနယ်က နာမည်ကျော် အဖြေရှာ မရတဲ့ ပုဒ်စာ နှစ်ပုဒ်ပဲကိုး။ အဲ့တော့မှ ဒီ ပုဒ်စာ နှစ်ပုဒ်က ရှယ် တွေပါလား ဆိုတာ သိတော့တာ။
နောက် နှစ်ကျတော့ ကျွန်တော့် ဒေါက်တာဘွဲယူ စာတမ်းအတွက် ဘယ်ခေါင်းစဉ်ကို သုတေသန ပြုရမလဲ စဉ်းစားမရ ဖြစ်နေရော။ ဒါကို သိတော့ ပရော်ဖက်ဆာ နေမန်းက ရီတာပေါ့။ သူက ဒါများ ဘာခက်လို့လဲကွာ၊ မင်းငါ့ဆီ တင်တဲ့ ဟို အဖြေရှာ မရတဲ့ ပုဒ်စာ နှစ်ပုဒ်ရဲ့ ဖြေရှင်းချက် အိမ်စာ မှတ်မိတယ် မဟုတ်လားကွ။ အဲ့သည် နှစ်ပုဒ်ကို တွဲပြီး တင်လိုက်ပေါ့ကွတဲ့။ ဒါနဲ့ ကျွန်တော်လဲ ဒေါက်တာဘွဲ့ ရလာတာပါပဲ” လို့ ပြန်ပြောင်း ပြောပြခဲ့ပါတယ်။
ဒေါက်တာ ဒန်းဇစ်ဟာ စစ်ပြီးနောက် အမေရိကန် လေတပ်အတွက် အလုပ်လုပ်ကိုင် ပေးခဲ့ပါတယ်။ ဒီ့နောက် ဘာကလေ တက္ကသိုလ်မှာ သင်္ချာ ပါမောက္ခ အဖြစ် ပြောင်းရွှေ့ တာဝန် ထမ်းဆောင်ခဲ့ပြီး နောက်ဆုံး ၁၉၆၆ မှာ စတန်းဖို့ တက္ကသိုလ်မှာ သူကွယ်လွန်ချိန် အထိ တာဝန် ထမ်းဆောင် ခဲ့ပါတယ်။
သူဟာ Linear Programming ဆိုတဲ့ သင်္ချာဘာသာရပ်မှာ ဆရာတဆူ အနေနဲ့ သတ်မှတ်ခံခဲ့ရပြီး သူ့ပြုစုတဲ့ Linear Programming and Extensions ဆိုတဲ့ စာအုပ်ဟာ ဒီ ဘာသာရပ်ရဲ့ ကျမ်းစာ အနေနဲ့ သင်္ချာ ပညာရှင်တွေ အကြားမှာ သဘောထားခြင်း ခံခဲ့ရပါတယ်။
၁၉၇၅ ခုနှစ်မှာ သူဟာ အမေရိကန် သမတရဲ့ အမျိုးသား သိပ္ပံ ဘွဲ့တံဆိပ် (National Medal of Science) ကို ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။ ဂျော့ချ် ဒန်းဇစ်ဟာ ၂၀၀၅ ခုနှစ် မေ ၁၃ မှာ စတန်းဖို့က သူ့အိမ်မှာပဲ ကွယ်လွန်ခဲ့ပါတယ်။