အဲလ်ဘတ် အိုင်းစတိုင်းကို ၁၈၇၉ ခုနှစ်မှာ မွေးဖွား ခဲ့ပါတယ်။ သူဟာ ၂၀ ရာစုရဲ့ အကျော်ကြားဆုံး သိပ္ပံ ပညာရှင်ကြီး တစ်ဦးလဲ ဖြစ်ပါတယ်။ အခြား သိပ္ပံ ပညာရှင်တွေကိုသာ မသိရင် နေမယ်။ သူ့နာမည် ကိုတော့ မကြားဖူး တဲ့သူ မသိသလောက် နာမည် ကျော်ကြား သူ ဖြစ်ပါတယ်။ နောက်ပြီး သူ့ရဲ့ နှိုင်းရ သီအိုရီနဲ့ ဒီ သီအိုရီကြောင့် ဖြစ်လာတဲ့ E = mc2 အီကွေးရှင်း ကလဲ အလွန် လူသိများတဲ့ အီကွေးရှင်းပါ။
ဒါပေမယ့် သူ့ရဲ့ အချစ် ဇာတ်လမ်းတွေကိုတော့ သိတဲ့သူ သိပ်မရှိပါဘူး။ အိုင်းစတိုင်းရဲ့ အချစ် ဇာတ်လမ်းတွေဟာ သူရဲ့ ဆံပင်လိုပဲ အတော်လေး ရှုပ်ထွေးပါတယ်။
ပျော်ရွှင်မှုကင်းမဲ့တဲ့ပထမအိမ်ထောင်
အိုင်းစတိုင်းရဲ့ ပထမ ဇနီး ဖြစ်လာမယ့် မီလီဗာ မရစ်က် (Mileva Marić) ဟာ သူနဲ့ ကျောင်းနေဖက် ဖြစ်ပါတယ်။ ဆွစ်ဇာလန်မှာ ဆရာဖြစ်သင် ကောလိပ် တက်ရောက်နေတုန်း တွေ့ခဲ့ကြတာပါ။ မီလီဗာ ဟာ အလွန်တော်တဲ့ ကျောင်းသူ တစ်ဦး ဖြစ်ပြီး အိုင်းစတိုင်းနဲ့ အပြိုင် သင်္ချာနဲ့ ရူပဗေဒ သဘောတရား တွေနဲ့ အီကွေးရှင်း တွေကို ဆွေးနွေးငြင်းခုန် နိုင်တဲ့ အရည်အချင်း ရှိသူ ဖြစ်ပါတယ်။
သူတို့ နှစ်ဦးဟာ ၁၉၀၃ ခုနှစ်မှာ လက်ထပ်ခဲ့ ကြပါတယ်။ ဒီအချိန်က အိုင်းစတိုင်း နာမည် မကြီး သေးပါဘူး။ သူတို့မှာ သမီးလေး တစ်ယောက်နဲ့ သား နှစ်ယောက် ထွန်းကား ခဲ့ပါတယ်။
အိုင်းစတိုင်းဟာ မီလီဗာ နဲ့ လက်ထပ် ထားခဲ့ပေမဲ့ သူ့ရဲ့ ပထမ ရီးစား ဖြစ်တဲ့ မာရီ ဝင်တဲလား (Marie Winteler) ကို မေ့မရ ခဲ့ပါဘူး။ အိုင်းစတိုင်းနဲ့ မာရီ တို့ဟာ သမီးရီးစား ဖြစ်ပြီး ၁၈၉၇ မှာ ပြတ်သွား ခဲ့တာပါ။ ၁၉၁၀ မှာ မီလီဗာ မှာ ဒုတိယ သားကို ကိုယ်ဝန် ဆောင်နေတုန်း အိုင်းစတိုင်းက သူ့ အချစ်ဟောင်းဆီ ရည်းစားစာ လှမ်းရေး ခဲ့ပါတယ်။
“I think of you in heartfelt love every spare minute and am so unhappy as only a man can be.”
— Albert Einsten to his former girlfriend Marie Winteler
တဖြည်းဖြည်းနဲ့ အိုင်းစတိုင်းနဲ့ မီလီဗာ တို့ဟာ စိတ်ချင်း ဝေးကွာ လာကြပါတယ်။ ၁၉၁၄ မှာတော့ သူတို့နှစ်ယောက် ကွာရှင်းဖို့ အိုင်းစတိုင်းက တောင်းဆိုခဲ့ပါတယ်။ မီလီဗာက ပထမတော့ လက်မခံ ခဲ့ပါဘူး။ ဒီအခါ အိုင်းစတိုင်းက သူနဲ့ ဆက်ပြီး လက်ထပ်နေမယ်ဆို မီလီဗာ အနေနဲ့ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းတွေ ချမှတ်ပါတော့တယ်။
“He lives only for [science]. We are unimportant to him and take second place.”
— Mileva Marić
လင်မယား မကွဲဖို့ မီလီဗာဟာ အိမ်ကို ပုံမှန် သန့်ရှင်းရေး လုပ်ဖို့ တာဝန်ယူ ရပါတယ်။ သူ့အခန်းထဲကို တစ်နေ့ ထမင်း ၃ နပ် အချိန်မှန် ပို့ပေးရပါမယ်။ ပြီးတော့ ဘာမှ ကိုယ်ကာယ နီးစပ် ထိတွေ့မှု ကိုလဲ မမျှော်လင့် ပါနဲ့တဲ့။ ပြီးတော့ သူ့ကိုလဲ စကား လာမပြော ပါနဲ့တဲံ။
အိုင်းစတိုင်းကို ချစ်တဲ့ မီလီဗာဟာ ဒီအချက်တွေ အကုန်လုံးကို လိုက်နာ ဖြည့်ဆည်း ပေးခဲ့ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အိမ်ထောင်က သက်တမ်း သိပ်မကျန် တော့ပါဘူး။ ၁၉၁၉ မှာတော့ လင်မယား ကွာရှင်း ခဲ့ကြပါတယ်။
ဝဋ်လည်ခြင်း
လင်မယား ကွာရှင်းချိန်က အိုင်းစတိုင်း နိုဘယ်ဆု မရ သေးပါဘူး။ ကွာရှင်းတဲ့အချိန်မှာ အိုင်းစတိုင်းက အကယ်လို့ သူသာ နိုဘယ်ဆု ရခဲ့မယ်ဆို ရသမျှ ဆုကြေး အားလုံးကို မီလီဗာကို ပေးပါ့မယ်လို့ ကတိကဝတ် ပြုခဲ့ပါတယ်။
၁၉၂၁ မှာ တကယ်ပဲ နိုဘယ်ဆု ရခဲ့ပါတယ်။ အဲ့သည် အချိန်က ဆုကြေး အမေရိကန် ဒေါ်လာ ၃၂,၀၀၀ ဆိုတာ မနည်းပါဘူး။ ဒါပေမယ့် အိုင်းစတိုင်းဟာ ကတိ မတည် ခဲ့ပါဘူး။ ရတဲ့ ဆုကြေးရဲ့ ၄ ပုံ ၁ ပုံကိုပဲ ဆွစ်ဘဏ်မှာ သူ့ဇနီးဟောင်းနဲ့ ကလေးတွေ အတွက် ဘဏ်စာရင်း ဖွင့်ပေးခဲ့ပြီး ကျန်တဲ့ငွေတွေနဲ့ အမေရိကန် စတော့ဈေးကွက်မှာ စတော့ရှယ်ယာတွေ ဝယ်ယူခဲ့ပါတယ်။
ဒီလို ကတိကဝတ် ပျက်ခဲ့လို့လား မသိဘူး။ သူ ရှယ်ယာ ဝယ်ခဲ့တဲ့ ကုမ္ပဏီတွေ အကုန် ဒေဝါလီ ခံရပြီး သူ့ထည့်ဝင်ငွေတွေ အားလုံး ဆုံးရှုံးကုန်ပါတယ်။
မြှာပွေတဲ့ရူပဗေဒဂုရုကြီး
အိုင်းစတိုင်းရဲ့ ဒုတိယ အိမ်ထောင်ကတော့ အယ်လ်ဆာ အိုင်းစတိုင်း (Elsa Einstein) ဖြစ်ပါတယ်။ အယ်လ်ဆာဟာ တကယ်တော့ အိုင်းစတိုင်းရဲ့ အမေဖက်က တော်တဲ့ တဝမ်းကွဲ အမပါ။ နောက်ပြီး အဖေဖက်ကလဲ နှစ်ဝမ်းကွဲ တော်ပါသေးတယ်။ ပြောရရင် အတော်လေး ဆွေမျိုးနီးစပ်တယ် ပြောရမှာပါ။
အိုင်းစတိုင်းနဲ့ အယ်လ်ဆာတို့ဟာ အိုင်းစတိုင်း ပထမ အိမ်ထောင်နဲ့ မကွာရှင်းမီ ၁၉၁၂ ခုနှစ်လောက် ကတဲက ညိနေ ကြတာပါ။ သူတို့ နှစ်ယောက်ဟာ အိုင်းစတိုင်း ပထမ ဇနီးနဲ့ ကွာရှင်းပြီး ၃ လ ခွဲ အကြာ ၁၉၁၉ မှာ လက်ထပ်လိုက် ကြပါတယ်။
တကယ်တော့ အိုင်းစတိုင်းဟာ အဲ့သည် အချိန်က အယ်လ်ဆာ့ကို လက်ထပ်ရမလား အယ်လ်ဆာ ရဲ့ သမီး (သူ့ရဲ့ မယားပါ သမီး ဖြစ်လာမယ့် သူ) ကို လက်ထပ်ရ မလား ဝေခွဲမရ ဖြစ်နေခဲ့တယ်လို့ ဆိုပါတယ်။
ဒီတကြိမ်တော့ အိုင်းစတိုင်းနဲ့ အယ်လ်ဆာ တို့ဟာ ၁၉၃၆ အယ်လ်ဆာ ကွယ်လွန်ချိန် အထိ အိမ်ထောင် တည်မြဲခဲ့ပါတယ်။ အယ်လ်ဆာဟာ သူ့ဘဝ တစ်လျှောက်လုံး အိုင်းစတိုင်းရဲ့ လက်ထောက် အနေနဲ့ တာဝန်ယူ ခဲ့ပါတယ်။ အိုင်းစတိုင်းရဲ့ အလုပ်အကိုင်တွေ၊ ငွေကြေး စီမံ ခန့်ခွဲမှု တွေနဲ့ နေ့စဉ် အချိန်ဇယား တွေကို အယ်လ်ဆာကပဲ အသေးစိတ် စီမံ ပေးခဲ့တာပါ။
ဒီလို သူ့အပေါ် ကောင်းပေမယ့် အိုင်းစတိုင်း ကတော့ သစ္စာ ရှိလှတာ မဟုတ်ပါဘူး။ အယ်လ်ဆာနဲ့ လက်ထပ်ထားတဲ့ကာလမှာလဲ အိုင်းစတိုင်းဟာ အခြား မိန်းမတွေနဲ့ ရှု့ပ်ခဲ့ပါ သေးတယ်။ ဒါကိုလဲ အယ်လ်ဆာ မသိအောင် ဖုံးကွယ် ထားတာမျိုး မလုပ်ခဲ့ပါဘူး။
၁၉၂၃ မှာ အိုင်းစတိုင်းဟာ သူ့ရဲ့ အတွင်းရေးမှူး မလေး ဖြစ်တဲ့ ဘက်တီ နျူမင်း (Betty Neumann) နဲ့ ချစ်ကြိုး သွယ်ခဲ့ပါတယ်။ ဒါ့အပြင်လဲ သူ့မှာ များပြားလှ စွာသော အငယ်အနှောင်းတွေ ရှိပါသေးတယ်။ အဲ့သည် ထဲက အချို့ကို ပြောရရင် ဩစတွီးယန်း အမျိုးသမီး ဆံပင် ရွှေဝါရောင်နဲ့ မာဂရက် လီဘက်၊ ချမ်းသာတဲ့ စီးပွားရေး လုပ်ငန်းရှင် အက်စတယ်လာ ကတ်ဇန်နယ်လန် ဘိုဂျန်၊ ချမ်းသာတဲံ မဆိုးမ တစ်ဦးဖြစ်သူ တိုနီ မင်ဒဲလ် နဲ့ ဘာလင်က နာမည်ကျော် အီသယ်လ် မီချိန်နောစကီး တို့ဟာ ထင်ရှားသူတွေ ဖြစ်ကြပါတယ်။
အိုင်းစတိုင်းဟာ တချိန်ထဲမှာတင် မယားငယ် ၂ ယောက် ၃ ယောက် ပြိုင်တူ ထားတတ်ပါတယ်။ ဒါကို လဲ သူ့မိသားစုနဲ့ သူ့မိတ်ဆွေ တွေက သိကြပါတယ်။ သူဟာ သူ့ရဲ့ အားလပ်ရက် တွေကို သူ့ မယားငယ် တွေနဲ့ အတူ အပန်းဖြေ ခရီး ထွက်လေ့ ရှိပြီး ဂီတ ပွဲလမ်း တွေကိုလဲ သူ့မယားငယ် လေးတွေနဲ့ အတူ သွားလေ့ ရှိပါတယ်။
သူ့ ဒုတိယ ဇနီးသည် ၁၉၃၆ မှာ ကွယ်လွန် ပြီး နောက်မှာတော့ အိုင်းစတိုင်းဟာ သူ့ထက် အသက် အများကြီး ငယ်တဲ့ မာဂရီတာ ကိုနင်ကိုဗာ နဲ့ ချစ်ကြိုး သွယ်ခဲ့ပါတယ်။ မာဂရီတာဟာ တကယ်ကတော့ ရုရှား သူလျှို ဖြစ်ပါတယ်။ သူမကို ဆိုဗီယက် အာဏာရှင် စတာလင် ကိုယ်တိုင်က အိုင်းစတိုင်းဆီ ချဉ်းကပ်ပြီး အမေရိကန် တွေရဲ့ အဏုမြူဗုံး သုတေသနနဲ့ ပါတ်သက်တဲ့ အချက်အလက်တွေ ရယူဖို့ တာဝန်ပေး ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် မာဂရီတာဟာ အဏုမြူဗုံး သုတေသနနဲ့ ပါတ်သက်တာ ဘာတစ်ခုမှ မရသွားခဲ့ပါဘူး။ ဘာ့ကြောင့်ဆို အိုင်းစတိုင်းဟာ အဏုမြူဗုံး သုတေသနမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ခြင်း မရှိလို့ပါပဲ။
အိုင်းစတိုင်းက မာဂရီတာဆီ ရေးတဲ့ စာတွေအရတော့ အိုင်းစတိုင်းဟာ သူမကို တကယ် ချစ်ခဲ့ပါတယ်။ သူက သူတို့စုံတွဲကို “Almar” လို့ ချစ်စနိုး အမည်ပေးခဲ့ပါတယ်။ သူ့နာမည် Albert နဲ့ Margarita နာမည်တွေရဲ့ ရှေ့စာလုံးတွေကို ပေါင်းခေါ်တာပါ။ အယ်လ်မာဟာ အိုင်းစတိုင်းရဲ့ နောက်ဆုံး အချစ် ဖြစ်ပါတယ်။
အိုင်းစတိုင်းကတော့ သူ့ရဲ့ အချစ်ဇာတ်လမ်း တွေကို အကျဉ်းခြုံးပြီး အောက်ပါအတိုင်း မှတ်ချက် ပေးခဲ့ပါတယ်။
“If everybody lived a life like mine, there would be no need for novels.”
— Albert Einstein
Reference: The Racy Love Life of Albert Einstein | Medium