Skip to content

အောက်ဆီဂျင် ကုန်ခန်းသွားပြီး ကမ္ဘာပေါ်က သက်ရှိတွေ ကွယ်ပျောက်သွားမယ်လို့ သိပ္ပံပညာရှင်များက ဟောကိန်းထုတ်

  • Earth
အနာဂါတ်မှာ ကမ္ဘာ့လေထုထဲက အောက်ဆီဂျင်တွေ ကုန်ခန်းသွားပြီး သက်ရှိတွေ မျိုးတုန်းပျောက်ကွယ် သွားမယ်လို့ သိပ္ပံပညာရှင်တွေက ဟောကိန်းထုတ်လိုက်ပါတယ်

ယခုလက်ရှိ အချိန်မှာတော့ ကမ္ဘာ့လေထုထဲမှာ အောက်ဆီဂျင်တွေ ပေါပေါများများနဲ့မို့ သက်ရှိတွေ အမြောက်အများ ရှင်သန်ပွားများခွင့် ရနေကြပါတယ်။ ဒါပေမယ့် ကမ္ဘာလေထုထဲမှာ ဒီလို အောက်ဆီဂျင် ပေါပေါများများ ရှိနေတာက အမြဲတမ်းတော့ မဟုတ်ခဲ့ပါဘူး။

ယခုအခါ သိပ္ပံပညာရှင်များက အနာဂါတ်ကာလမှာ ကမ္ဘာ့လေထုထဲက အောက်ဆီဂျင်တွေ ခန်းခြောက်သွားပြီး ယခင် ကမ္ဘာဦး ကာလကလို မိသိန်း ဓါတ်ငွေ့တွေနဲ့ ပြည့်နေတဲ့ ကမ္ဘာကြီးအဖြစ် ပြန်ပြောင်းသွားမယ်လို့ ဆိုပါတယ်။

ဒီအဖြစ်အပျက်က ချက်ခြင်းတော့ ဖြစ်လာအုံးမှာ မဟုတ်ပါဘူး။ ပညာရှင်တွေရဲ့ တွက်ချက်မှု အရ ဒီလို အောက်ဆီဂျင်ခန်းခြောက်သွားဖို့ ဆိုတာ နောက်ထပ် နှစ်သန်းပေါင်း တစ်ထောင်လောက် ကြာအုံးမယ်လို့ ဆိုပါတယ်။

ဒီအချိန်ရောက်ရင် လေထုထဲမှာ ကျန်ရစ်ခဲ့မယ့် အောက်ဆီဂျင် ပမာဏဟာ ယခုလက်ရှိ ပမာဏရဲ့ အပုံ ၁၀၀ ပုံ တစ်ပုံလောက်ပဲ ရှိတော့မယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ် ဖြစ်လာတဲ့ အခါ လေထုထဲက အောက်ဆီဂျင် ပမာဏဟာ အလွန်လျှင်မြန်တဲ့ နှုန်းနဲ့ ကုန်ခန်းသွားမယ်လို့ ဆိုပါတယ်။ ဒီလို ဖြစ်လာရင် လွန်ခဲ့တဲ့ နှစ်သန်း ၂,၄၀၀ လောက်က ဖြစ်ခဲ့တဲ့ “မဟာ အောက်ဆီဂျင် ပေါက်ကွဲမှုကြီး (The Great Oxidation Event)” ကြောင့် လေထုထဲ အောက်ဆီဂျင်တွေ ရုတ်တရက် များလာတဲ့ အချိန် မတိုင်မီက အခြေအနေကို ပြန်ရောက်သွားမယ်လို့ ဆိုပါတယ်။ ဒီ့မတိုင်မီက ကမ္ဘာလေထုထဲမှာ အောက်ဆီဂျင် အနဲငယ်ပဲ ရှိခဲ့ပြီး မိသိန်းဓါတ်ငွေ့တွေနဲ့ ပြည့်နှက်လို့ နေခဲ့တယ်လို့ ဆိုပါတယ်။

နောက်ပြီး အခု သုတေသနက ကမ္ဘာ့လေထုထဲက အောက်ဆီဂျင်တွေ ဘယ်တော့လောက် ပျောက်ကွယ်သွားမလဲ ဆိုတာ တခုထဲကိုပဲ တွက်ချက်ပြီး ဟောကိန်းထုတ်ထားတာ မဟုတ်ပါဘူး။ သက်ရှိတွေ ရှိနေတိုင်တဲ့ ဂြိုလ်တွေပေါ်က အောက်ဆီဂျင်ဟာ အမြဲ ရှိမနေဘူး ဆိုတာကိုလဲ ဒီသုတေသန ရလဒ်တွေက ညွှန်ပြနေပါတယ်။ ဒီအချက်က ကျွန်တော်တို့ လူသားတွေရဲ့ အခြားကမ္ဘာက သက်ရှိတွေ ရှာဖွေတဲ့ ကြိုးပမ်းမှုကို ပိုမို ခက်ခဲစေမှာ ဖြစ်ပါတယ်။

အခု တွက်ချက်မှု အရ ကမ္ဘာ့လေထုထဲက အောက်ဆီဂျင် ခန်းခြောက်သွားမှုဟာ ကမ္ဘာ့ပင်လယ်ရေပြင် ခန်းခြောက်မှု မတိုင်မီ ကြိုပြီး ဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကမ္ဘာ့လေထုထဲမှာ တနေ့တခြား ပိုပိုများလာနေတဲ့ ဖန်လုံအိမ် ဖြစ်စေသော ဓါတ်ငွေ့တွေကြောင့် ကမ္ဘာကြီး ပူနွေးပြီး သက်ရှိတွေ သေဆုံး ပျောက်ကွယ်သွားမယ့် ဖြစ်ရပ်ထက်လဲ အရင်စောပြီး ကြိုဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။

ဒီ ဖန်လုံအိမ် ဓါတ်ငွေ့ (Green house gases) တွေထဲမှာ ကာဗွန်နဲ့ အခြား ရုပ်ကြွင်းလောင်စာတွေ လောင်ကြွမ်းလို့ ထွက်လာတဲ့ ဓါတ်ငွေ့တွေ ပါဝင်ပြီး ဒီဓါတ်ငွေ့တွေက အပူကို စု့ပ်ယူထားတဲ့အတွက် ကမ္ဘာ့လေထု တဖြည်းဖြည်း ပူပြင်းလာရတာ ဖြစ်ပါတယ်။

ဒီအချိန် ရောက်လာရင် လူသားတွေ အပါအဝင် အောက်ဆီဂျင်ကို မှီခိုနေရတဲ့ သက်ရှိတွေအတွက်တော့ ဆုံးခန်းတိုင်ပဲ ဖြစ်ပါတယ်။ အောက်ဆီဂျင် မရတော့တဲ့ အတွက် လူသားအပါအဝင် အဆင့်မြင့် သက်ရှိတွေအားလုံး မျိုးတုံး ပျောက်ကွယ်သွားကြမှာ ဖြစ်ပါတယ်။ အောက်ဆီဂျင် မလိုတဲ့ ပိုးမွှားတချို့ပဲ ဒီအချိန်မှာ အသက်ရှင် ကျန်ရှိကောင်း ကျန်ရှိနေကြမှာ ဖြစ်ပါတယ်။

ဒီ့အရင်က ပြုလုပ်ခဲ့တဲ့ သုတေသန ပြုချက်တွေအရ ကမ္ဘာ့သမုဒ္ဒရာ ရေပြင်ဟာ နောင်လာမယ့် နှစ်ပေါင်း သန်း ၂,၀၀၀ လောက်ကြရင် ရေတွေ ခန်းခြောက်သွားလိမ့်မယ်လို့ ဆိုထားပါတယ်။ အခု အဖြစ်အပျက်က နောက် နှစ်သန်း  ၉၄၀ ကနေ နှစ်သန်း ၁,၂၂၀ ကြားကာလမှာ ဖြစ်လာမှာမို့ သမုဒ္ဒရာရေ ခန်းခြောက်မသွားမီ နှစ်သန်း ၁,၀၀၀ လောက် စောပြီး လူသားနဲ့ သက်ရှိတွေ မျိုးတုန်းစေမယ့် အောက်ဆီဂျင်ခန်းခြောက်မှုကြီး ဖြစ်လာမှာပါ။

အခု ရလဒ်တွေ ရဖို့အတွက် သုတေသီတွေဟာ ကမ္ဘာ့ လေထုအလွှာ အဆင့်အဆင့်ရဲ့ ပုံစံတူကို ကွန်ပြူတာထဲမှာ အရင် တည်ဆောက်ယူကြပါတယ်။ နောက်ပြီး လေထုအပေါ် သက်ရောက်မှု ရှိတဲ့ အချက်တွေ ဖြစ်တဲ့ နေရောင်ရဲ့ ပြင်းအား၊ ကမ္ဘာကြီး ပူနွေးလာမှုနဲ့ အခြား အချက်အလက်တွေကို ထည့်သွင်းပါတယ်။ ဒီ အချက်အလက်တွေကြောင့် ကမ္ဘာ့လေထုအပေါ် ဘယ်လို သက်ရောက်မှုတွေ ဖြစ်လာမလဲ၊ ကမ္ဘာ့လေထုထဲမှာ မှာတွေ ပြောင်းလဲလာမလဲ ဆိုတာတွေကို ကွန်ပြူတာနဲ့ တွက်ချက်ကြည့် ကြပါတယ်။ ဒီတွက်ချက်မှုကို အချက်အလက်လေးတွေ နည်းနည်းစီ ပြောင်းပြီး ထပ်ခါထပ်ခါ ပြုလုပ်တွက်ချက်ကြရပါတယ်။

ဒီတွက်ချက်မှုတွေအရ ကမ္ဘာကြီး တဖြည်းဖြည်း ပူနွေးလာမှုက ကမ္ဘာ့လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ပြိုကွဲသွားစေမယ်လို့ ဆိုပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ် မရတော့တဲ့အတွက် အပင်တွေဟာ အစာချက်လုပ်နိုင်စွမ်း မရှိပဲ သေဆုံးသွားကြပါလိမ့်မယ်။ ဒါ့ကြောင့် အပင်တွေကနေ ထုတ်ပေးမယ့် အောက်ဆီဂျင် ထုတ်လုပ်မှုလဲ လျှော့ကျလာပါမယ်။ ဒီအခါ သက်ရှိတွေက အသုံးပြုလိုက်တဲ့ အောက်ဆီဂျင်ကို ပြန်မဖြည့်ပေးနိုင်တော့တဲ့ အတွက် ကမ္ဘာ့လေထုထဲက အောက်ဆီဂျင်လဲ အလျင်အမြန် ကျဆင်းသွားမယ်လို့ ဆိုပါတယ်။ (သက်ရှိတွေ ရှူထုတ်လိုက်တဲ့ ကာဗွန်ဒိုင် အောက်ဆိုဒ်က အပင်တွေဆီ မရောက်မီ အပူကြောင့် ပြိုကွဲကုန်ကျပါတယ်။)

အခု ရလဒ်တွေ ရဖို့ကို အားကောင်းတဲ့ ကွန်ပြူတာကြီးတွေ အသုံးပြုပြီး တွက်ချက်မှုကို အကြိမ်ရေ ၄၀၀,၀၀၀ နီးပါး ပြုလုပ်ခဲ့ ရတာ ဖြစ်ပါတယ်။ ဒီတွက်ချက်မှုတွေအရ အဆိုးဆုံး အခြေအနေမှာ ဆိုရင် လေထုထဲက အောင်ဆီဂျင်က ယခု လက်ရှိရဲ့ အပုံ တစ်သန်းပုံ တစ်ပုံလောက်ထိတောင် ကျဆင်းသွားနှိုင်ပါတယ်။

ယခုသုတေသနရဲ စိတ်ဝင်စားစရာ ကောင်းတဲ့အချက်ကတော့ ယခုအချိန်မှာ လူသားတွေဟာ နေအဖွဲ့အစည်းရဲ့ ပြင်ပ စကြာဝဠာထဲမှာ သက်ရှိတွေ မှီတင်းနေထိုင်နိုင်လောက်တဲ့ ဂြိုလ်တွေကို ရှာဖွေဖို့ ကြိုးပမ်းနေ ကြချိန်ပဲ ဖြစ်ပါတယ်။ 

အရင်ထက် အဆများစွာ ပိုပြီး ကြီးမားတဲ့ အာကာသ နက္ခတ်ကြည့် မှန်ပြောင်းကြီးတွေ တနေ့တခြား ပိုပိုပြိး များလာနေပြီ ဖြစ်ပါတယ်။ ဒီ မှန်ပြောင်းကြီးတွေနဲ့ ပြင်ပက သက်ရှိတွေ ရှာဖွေဖို့ ကြိုးစားနေကြတဲ့ သိပ္ပံ ပညာရှင်များ အနေနဲ့က သူတို့ အနေနဲ့ ဘာတွေကို ကြည့်ရမလဲ ဆိုတာ သိလိုကြပါတယ်။ 

ယခု သုတေသနက ဒီသိပ္ပံပညာရှင်တွေရဲ့ ပြင်ပက သက်ရှိတွေ ရှာဖွေမှုကို တနည်းနည်းနဲ့ အထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်။ ပြင်ပဂြိုလ်တွေက သက်ရှိတွေ ရှာဖွေတဲ့အခါ အရင်လို အောက်ဆီဂျင် တစ်မျိုးထဲကို ရှာတာ မဟုတ်တော့ပဲ သက်ရှိတွေက စွန့်ထုတ်လိုက်မယ့် အခြားဓါတု ဓါတ်ပေါင်းတွေကိုလဲ ရှာဖွေဖို့ လိုလာပါပြီ

အခု သုတေသနကို နာဆာက သုတေသီ ခရစ်စတိုဖာ ရိုင်းဟတ် (Christopher T. Reinhard) နဲ့ ဂျပန်တက္ကသိုလ်က သုတေသီ ကာဇူမီ အိုဇာကီ တို့က တင်ပြထားတာ ဖြစ်ပါတယ်။  သူတို့ရဲ့ တွက်ချက်မှုအရ ကမ္ဘာ့လေထုထဲမှာ အောက်ဆီဂျင် ပေါပေါများများ ရှိနေတဲ့ ကာလဟာ ကမ္ဘာ့သက်တမ်းရဲ့ ၁/၃ တောင် မပြည့်ပါဘူးလို့ ဆိုပါတယ်။

“ဒီလို အောက်ဆီဂျင် ခမ်းခြောက်မှုကြီး ဖြစ်သွားပြီးတဲ့နောက်မှာ ကမ္ဘာ့လေထုထဲမှာ အဓိက ကျန်နေခဲ့မယ့် ဓါတ်ငွေ့တွေကတော့ မိသိန်းဓါတ်ငွေ့တွေ အဓိကဖြစ်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် အနည်းအကျဉ်းနဲ့ အိုဇုန်းဓါတ်ငွေ့ အနည်းအကျဉ်းလောက်လဲ ကျန်နေမှာပါ။ ဒီအချိန်မှာ အသက်ရှင် ကျန်နေမယ့် သက်ရှိတွေကတော့ အောက်ဆီဂျင် မလိုတဲ့ (Anaerobic) ပိုးမွှားတွေပဲ ဖြစ်ပါတယ်” လို့ ဒီသုတေသနမှာ ပါဝင်တဲ့ အိုဇာကီက ပြောပါတယ်။

မူရင်း သုတေသန စာတမ်းဖတ်ရန် – Nature Geoscience 

Reference: Enjoy It While You Can: Dropping Oxygen Will Eventually Suffocate Most Life on Earth | Science Alert

Advertisement