အာကာသထဲ လွှတ်တင်ထားတဲ့ နေရောင်ခြည် ဆိုလာပြား တွေကနေ လျှပ်စစ်ထုတ်ပြီး ကမ္ဘာကို ပြန်ပို့တာဟာ အခုအချိန်မှာ စိတ်ကူးယာဉ် ဆန်နေပေမယ့် တနေ့တချိန်မှာ လက်တွေ့ ဖြစ်လာလိမ့်မယ်လို့ သိပ္ပံ ပညာရှင် တွေက ဟောကိန်း ထုတ်လိုက်ပါတယ်။
၂၀၂၀ ခုနှစ်က အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန ကနေ သုတေသန ဂြိုဟ်တု သေးသေးလေး တစ်လုံးကို အာကာသထဲကို လွှတ်တင်ခဲ့ပါတယ်။ ဒီဂြိုဟ်တု လေးဟာ ဘယ်လောက်တောင် သေးလဲ ဆိုရင် ပီဆာ ဘူးခွံ သာသာ (၁ ပေခွဲ ပတ်လည်) လောက်ပဲ ရှိပါတယ်။ အဲ့သည် ဘူးခွံပေါ်မှာ နေရောင်ခြည် စွမ်းအင်ထုတ်ပေးတဲ့ ဆိုလာပြားတွေ တပ်ဆင် ထားပါတယ်။
ဒီ သုတေသန ရဲ့ ရည်ရွယ်ချက်ကတော့ အာကာသ ထဲမှာ နေရောင်ခြည် စွမ်းအင်ကနေ လျှပ်စစ်စွမ်းအင် ထုတ်ဖို့ ဘယ်လောက်အထိ ဖြစ်နိုင်ခြေ ရှိမလဲ ဆိုတာကို စမ်းသပ်ဖို့ပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ မေးစရာ ရှိတာက အခုလဲ ကမ္ဘာပတ် လမ်းကြောင်းထဲက ဂြိုဟ်တုတွေ နေရောင်ခြည်က လျှပ်စစ် စွမ်းအင် ထုတ်ပြီး အသုံးပြုနေ တာပဲ မဟုတ်လား ဆိုတာပါပဲ။
အခု သုတေသန ဂြိုဟ်တုက နေရောင်ခြည်က လျှပ်စစ်ထုတ်ရုံ သက်သက် မဟုတ်ပါဘူး။ ဒီ ထုတ်လို့ရတဲ့ လျှပ်စစ် စွမ်းအင်ကို မိုက်ကရိုဝေ့ (Microwave) လှိုင်း အနေနဲ့ ပြောင်းလဲမှာ ဖြစ်ပါတယ်။ သီအိုရီ အရတော့ ဒီ မိုက်ကရိုဝေ့ လှိုင်းတွေကို ကမ္ဘာကို ပြန်ပို့ပြီး ကမ္ဘာပေါ်မှာ လျှပ်စစ် စွမ်းအင်အဖြစ် ပြန်ပြောင်းလို့ ရပါတယ်။
ဒါပေမယ့် အခု သုတေသန မှာတော့ ဒီအဆင့်ထိ သွားမှာ မဟုတ်သေးပါဘူး။ ဒီအစား ထွက်လာတဲ့ မိုက်ကရိုဝေ့ လှိုင်းတွေကို ဒီဂြိုဟ်တု တွင်းက အခြား ကိရိယာ ကနေ ပြန်ဖမ်းယူပြီး ထွက်ရှိတဲ့ လျှပ်စစ်စွမ်းအား ပမာဏကို တွက်ချက် သုတေသန ပြုမှာ ဖြစ်ပါတယ်။ ဒီနည်းအားဖြင့် အာကာသ ထဲမှာ နေရောင်ခြည်က လျှပ်စစ်စွမ်းအင် ထုတ်ယူပြီး မိုက်ကရိုဝေ့ အဖြစ် ပြောင်း၊ အဲ့သည် လှိုင်းတွေကို ပြန်ဖမ်းပြီး လျှပ်စစ်စွမ်းအင် ပြန်ထုတ်တဲ့ အခါ ဘယ်လောက်ထိ လျှပ်စစ် ဓါတ်အား ပြန်ရမလဲ ဆိုတာကို သုတေသန ပြုကြမှာ ဖြစ်ပါတယ်။
ဒီ သုတေသန ရလဒ်တွေကို အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်က ထုတ်ပြန် လိုက်ပါပြီ။ မူလက သုတေသီ တွေက ဒီဖြစ်စဉ်မှာ ပြန်ရမယ့် လျှပ်စစ်စွမ်းအင်ဟာ သာမန် LED မီးသီး တစ်လုံး ထွန်းဖို့ လုံလောက်ရုံလောက် အနိုင်နိုင် ရှိမယ်လို့ အကောင်းဆုံး မျှော်လင့် ထားခဲ့ပါတယ်။ ဒါပေမယ့် တကယ် ထွက်လာတဲ့ လျှပ်စစ်စွမ်းအင်ဟာ လက်ပ်တော့ ကွန်ပြူတာ အသေး တစ်လုံးကို အချိန်ပြည့် အလုပ်လုပ်ဖို့ လုံလောက်တဲ့ လျှပ်စစ်စွမ်းအင်တွေ ထွက်လာတာကို အံ့ဩစွာ တွေ့ရှိခဲ့ ကြရပါတယ်။
(မြန်မာ့ သိပ္ပံ (Myanmar Scientist) မှ ဆောင်းပါးများကို ခွင့်ပြုချက် မရရှိပဲ ပြန်လည် ကူးယူ ဖေါ်ပြခြင်း မပြုပါရန် လေးစားစွာ ပန်ကြား အပ်ပါသည်။)
သုတေသီ တွေက အကယ်၍ သာ ဆိုလာ ပြားတွေ အမြောက်အများကို အာကာသ ထဲမှာ လွှတ်တင်နိုင်မယ် ဆိုရင် များပြားတဲ့ လျှပ်စစ် စွမ်းအင်တွေကို ကမ္ဘာပေါ်က မည်သည့် နေရာကို မဆို အရောက်ပို့ပေး နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အခုလို အာကာသထဲ နေရောင်ခြည်ကနေ ဆိုလာလျှပ်စစ် ထုတ်ဖို့ စဉ်းစားတာဟာ နောက်ထပ် အကြောင်းတချက်လဲ ရှိပါသေးတယ်။ ကမ္ဘာပေါ်မှာ လျှပ်စစ်ထုတ်တဲ့ အခါ နေရောင်ခြည် ရရှိချိန်၊ ရာသီဥတု၊ တိမ်ဖုံးလွှမ်းမှု အစရှိတာတွေကြောင့် ထွက်တဲ့ ပမာဏ ပြောင်းလဲနိုင်ပါတယ်။
အထူးသဖြင့် ကမ္ဘာ့ ဝင်ရိုးစွန်းနဲ့ နီးတဲ့ မြောက်ဖျား နဲ့ တောင်ဖက်စွန်း တွေမှာဆို ပျမ်းမျှအားဖြင့် နေရောင်ခြည်ရဲ့ ၃ ရာခိုင်နှုန်းလောက်ပဲ မြေပြင်ပေါ်ကို ရောက်ပါတယ်။ အာကာသ ထဲမှာဆို နေရောင်ခြည်ရဲ့ ၉၉ ရာခိုင်နှုန်း လောက်ကို အသုံးချ နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဘယ်လိုအလုပ်လုပ်မှာလဲ
အခု ပင်တဂွန် စစ်ဌာနချုပ်က စမ်းသပ် လွှတ်တင်တဲ့ ဆိုလာ စမ်းသပ် ဂြိုဟ်တုကို PRAM လို့ နာမည် ပေးထားပါတယ်။ ဒီ ဂြိုဟ်တု သေးသေးလေးဟာ မိနစ် ၉၀ ကိုတကြိမ် ကမ္ဘာကို ပတ်နေမှာ ဖြစ်ပါတယ်။ ဒီ ဂြိုဟ်တုကနေ အားကောင်းတဲ့ နေရောင်ခြည် တွေကို ရရှိပြီး လျှပ်စစ်စွမ်းအင် အဖြစ် ပြောင်းလဲ ပေးပါတယ်။ အထူးသဖြင့် စွမ်းအင်မြင့်တဲ့ အပြာရောင် လှိုင်းကနေ လျှပ်စစ် ထုတ်ပေး နိုင်တာမို့ ထွက်တဲ့ ပမာဏ ကလဲ ကမ္ဘာမြေပေါ်မှာထက် ပိုများပါတယ်။
ကမ္ဘာမြေပြင် ပေါ်ကို ရောက်လာတဲ့ နေရောင်ခြည်မှာ အနီရောင်နဲ့ အဝါရောင် များပြီး အပြာရောင်နဲ့ ခရမ်းရောင်တွေ အနည်းအကျဉ်းပဲ ပါဝင်ပါတယ်။ ဒီလို ဖြစ်ရတာက လှိုင်းအလျှား တိုတဲ့ အပြာနဲ့ ခရမ်းရောင်က ကမ္ဘာ့လေထဲထဲမှာ ပြန့်ကျဲ သွားလို့ပါ။ ဒါကြောင့်လဲ ကောင်းကင်က ပြာနေရတာ ဖြစ်ပါတယ်။
ဒီလို ပြန့်ကျဲသွားတဲ့ အပြာနဲ့ ခရမ်းရောင်က သယ်ဆောင်တဲ့ စွမ်းအင်က အနီနဲ့ အဝါထက် ပိုများပါတယ်။ အာကသထဲ မှာတော့ လေမရှိတော့ ဒီ အပြာနဲ့ ခရမ်းရောင် တွေကလဲ ပြန့်ကျဲစရာ မဖြစ်တော့ပါဘူး။ ဒီတော့ အာကာသထဲ လျှပ်စစ်ထုတ်တာက ဒီလို စွမ်းအင် ပိုမြင့်တဲ့ အရောင်တွေ ကနေလဲ လျှပ်စစ် ထုတ်လို့ ရတာမို့ ထွက်တဲ့ လျှပ်စစ် စွမ်းအင် ပမာဏက ပိုများတာ ဖြစ်ပါတယ်။
သီအိုရီ အရတော့ အခုလို ထွက်လာတဲ့ လျှပ်စစ်စွမ်းအင်ကို မိုက်ကရိုဝေ့ အဖြစ် ပြောင်းပြီး ကမ္ဘာကို ပြန်ပို့ လို့ ဖြစ်နိုင်ပါတယ်။ ကမ္ဘာပေါ်ကျမှ ဒီ မိုက်ကရိုဝေ့ လှိုင်းတွေကို ပြန်ဖမ်းယူပြီး လျှပ်စစ် ပြန်ထုတ်မှာ ဖြစ်ပါတယ်။ အခု ဒီအဆင့်ကို မစမ်းသပ် ပေမယ့်လဲ ဒီလို မိုက်ကရိုဝေ့ လှိုင်းတွေကို လျှပ်စစ်စွမ်းအင် အဖြစ် ပြန်ပြောင်းတဲ့ နည်းပညာဟာ လက်တွေ့မှာ အသုံးချ နိုင်တဲ့ အဆင့် ရှိနေပြီ ဖြစ်ပါတယ်။
တကယ် ဒီလိုနည်းနဲ့ လျှပ်စစ် ထုတ်ဖြစ်မယ် ဆိုရင်တော့ လျှပ်စစ်ထုတ်မယ့် ဂြိုဟ်တုတွေဟာ ပိုမြင့်တဲ့ ကမ္ဘာပတ် လမ်းကြောင့်ကနေ ပတ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒီလို ပတ်လမ်း မြင့်မြင့်က ပျံသန်းတဲ့ အတွက် နေရောင်ကို ရရှိတဲ့ အချိန်လဲ ပိုများမှာ ဖြစ်ပါတယ်။ ဒါပေမယ့် တဖက်ကလဲ ဒီလို ပတ်လမ်း မြင့်တဲ့အတွက် နေကလာတဲ့ ဓါတ်ရောင်ခြည်တွေကြောင့် စက်ပစ္စည်းတွေ ပျက်စီးမှုလဲ ပိုများနိုင်ပါတယ်။
အခု စမ်းသပ်ဂြိုဟ်တုမှာတော့ ဒီလို အမြင့်ပိုင်းမှာ ပျံသန်းမှုကြောင့် ထွက်လာမယ့် အပူကို တုပနိုင်ဖို့ အပူပေးစက်တွေ တပ်ဆင်ပေး ထားပါတယ်။ ဒီ အပူပေးစက်တွေကနေပြီး ဂြိုဟ်တုကို အပူပေးထားပြီး ဖြစ်ပေါ်လာနိုင်မယ့် ဆိုးကျိုးတွေကို လေ့လာမယ်လို့ ဆိုပါတယ်။
ဘယ်နေရာမှာသုံးမလဲ
ဂြိုလ်တုက နေရောင်ခြည် စွမ်းအင်ထုတ်ပြီး ကမ္ဘာမြေကို ပြန်ပို့တာကို အသုံးပြုနိုင်မယ့် နည်းလမ်း အများအပြား ရှိပါတယ်။ အဓိက အသုံးချလို့ ရမယ့် နေရာကတော့ အရမ်း ဝေးကွာတဲ့ နေရာဒေသတွေကို လျှပ်စစ်ဓါတ်အား ပေးနိုင်ဖို့ ဖြစ်ပါတယ်။ ဒီလို နေရာတွေကို လျှပ်စစ် ဓါတ်အားလိုင်းတွေ သွယ်တန်းရတဲ့ ကုန်ကျစားရိတ်က အရမ်းများတာမို့ ဂြိုဟ်တုက ပေးနိုင်ရင် ကုန်ကျစားရိတ် ပိုသက်သာမှာ ဖြစ်ပါတယ်။
နောက်တနေရာ ကတော့ သဘာဝ ဘေးအန္တရာယ် ကျရောက်ပြီး လျှပ်စစ်ဓါတ်အားလိုင်းတွေ ပြတ်တောက်သွားတဲ့ အခါမျိုးမှာ အရေးပေါ် အနေနဲ့ သုံးနိုင်ပါတယ်။ ဥပမာ လေမုန်တိုင်း တိုက်ခံရတဲ့ အရပ်တွေ၊ ငလျှင်ဒါဏ်သင့် ခံရတဲ့ အရအပ်တွေကို အရေးပေါ် လျှပ်စစ်ဓါတ်အား ပေးနိုင်ပါတယ်။
ပညာရှင်တွေရဲ့ အမြင်အရ လက်ရှိမှာ အာကာသထဲ လျှပ်စစ်ထုတ်ပြီး ကမ္ဘာကို ပြန်ပို့ဖို့အတွက် လိုအပ်တဲ့ နည်းပညာတွေ အားလုံး ရှိနေပြီလို့ ဆိုပါတယ်။ အဓိက ပြဿနာက တော့ အာကာသထဲ ဂြိုဟ်တုလွှတ်ဖို့ ကုန်ကျစားရိတ် ကြီးမားတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ ပုဂ္ဂလိက ဂြိုဟ်တုတွေ လွှတ်တင်စားရိတ် ကျဆင်းလာတာမို့ မဝေးတော့တဲ့ အချိန်ကာလ တခုအတွင်း ဒီလို အာကာသထဲ လျှပ်စစ်ထုတ်ပြီး ကမ္ဘာကို ပြန်ပို့ဖို့ဟာ စီးပွားရေး တွက်ခြေကိုက်လာ လိမ့်မယ် လို့ ပညာရှင် များက ခန့်မှန်းထားပါတယ်။
— ကိုကို (သိပ္ပံ) —
Reference: Solar panels in space could beam continuous energy back to earth | Free Think