Skip to content

လကမ္ဘာပေါ်တွင် 4G မိုဘိုင်းအင်တာနက် တပ်ဆင်တော့မည်

လကမ္ဘာပေါ်တွင် 4G မိုဘိုင်းအင်တာနက် တပ်ဆင်တော့မည် (Photo: NASA)

မိုဘိုင်းဖုန်းကုမ္ပဏီကြီးတွေဖြစ်တဲ့ Vodafone နဲ့ Nokia တို့ဟာ လပေါ်မှာ 4G မိုဘိုင်းအင်တာနက် တပ်ဆင်ဖို့ ပြင်ဆင်နေကြပါတယ်။ ဒီ 4G မိုင်ဘိုင်းအင်တာနက်ကို ၂၀၁၉ မှာ လပေါ်မှာ တပ်ဆင်သွားမှာဖြစ်တယ်လို့ အဆိုပါ ကုမ္ပဏီတွေက ပြောကြားလိုက်ပါတယ်။

ဒီမိုဘိုင်း အင်တာနက်စနစ်ကို ၁ ကီလိုဂရမ် (၂.၂ ပေါင်) လေးတဲ့ မိုဘိုင်းဖုန်း ထပ်ဆင့်လွှင့်စက်ကနေ တဆင့် ဆက်သွယ်ပေးမှာ ဖြစ်ပါတယ်။ ဒီစနစ်ကို Ultra Compact Network လို့ အမည်ပေးထားပြီး လပေါ်မှာ ပထမဆုံး တပ်ဆင်မယ့် မိုဘိုင်းဖုန်း စနစ်လဲ ဖြစ်ပါတယ်။ ဒီစနစ်ကနေပြီးတော့ HD ကွာလတီ ဗီဒီယိုတွေကို လနဲ့ ကမ္ဘာကြားမှာ ထုတ်လွှင့်ပေးသွားနိုင်ဖို့ ရည်ရွယ်ပါတယ်။ နောင်တချိန် ပုဂ္ဂလိက အာကာသ ခရီးသွားလာရေး ကုမ္ပဏီတွေက လပေါ်ကို ခရီးသည်တွေ ပို့ဆောင်တဲ့ အချိန်မှာ အင်တာနက် ရရှိဖို့ အကြိုစမ်းသပ်မှု အနေနဲ့ လုပ်ဆောင်တာလဲ ဖြစ်ပါတယ်။

“လူသားတွေ ကမ္ဘာပေါ်ကနေ အပြင်ကို ခရီးသွားနိုင်ဖို့ဆိုရင် အရင်ဆုံး ဒီလိုခရီးသွားဖို့ လိုအပ်တဲ့ အခြေခံ အဆောက်အဦတွေ အရင်တည်ဆောက်သွားဖို့ လိုပါတယ်” လို့ ဒီအစီအစဉ်မှာ ပါဝင်တဲ့ ကုမ္ပဏီ တစ်ခုဖြစ်တဲ့ PTScientists က ကုမ္ပဏီရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ PTScientists ကုမ္ပဏီဟာ ဂျာမနီနိုင်ငံ အခြေစိုက် ကုမ္ပဏီ တစ်ခုဖြစ်ပြီး Vodafone၊ Audi နဲ့ Nokia ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး ဒီ လကမ္ဘာအတွက် မိုဘိုင်းဖုန်း စနစ်ကို ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ဒီမိုဘိုင်းစနစ်ကို ပထမဆုံးအနေနဲ့ Audi က လွှတ်တင်မယ့် လကမ္ဘာသွား Audi Lunar Quattro စက်ရုပ်နှစ်ခုနဲ့ ကမ္ဘာနဲ့ ဆက်သွယ်တဲ့ နေရာမှာ အသုံးပြုမှာ ဖြစ်ပါတယ်။ ဒီလကမ္ဘာသွား စက်ရုပ်နှစ်ခုဟာ ၁၉၇၂ ခုနှစ်က လကမ္ဘာပေါ်မှာ နောက်ဆုံးခြေချခဲ့တဲ့ အပိုလို ၁၇ အာကသယာဉ်ရပ်နားစခန်းကို လေ့လာဖို့ လွှတ်တင်မှာ ဖြစ်ပါတယ်။

ဒီ 4G စနစ်ကိုတော့ ၂၀၁၉ မှာ Space X အာကသယာဉ်ကို သုံးပြီး လွှတ်တင်မှာ ဖြစ်ပါတယ်။ တီထွင်တဲ့ သိပ္ပံပညာရှင်တွေဟာ နောက်ဆုံးပေါ် 5G စနစ်ကို မသုံးပဲ 4G စနစ်ကို ရွေးချယ်အသုံးပြုရတဲ့ အကြောင်းရင်းကတော့ 5G စနစ်ဟာ အခုမှ စမ်းသပ်ဆဲ စနစ်ဖြစ်တဲ့အတွက် အာကသထဲက အခြေအနေတွေကို ခံနိုင်ရည်ရှိမရှိ မသေချာလို့ပဲ့ ဖြစ်ပါတယ်။

Source:
BBC | Moon to get 4G mobile network
Live Science | Moon set to get its own mobile phone network

Advertisement