ကြယ်တွေအကြား ခရီးသွားဖို့ ဆိုတဲ့ အိမက်ကို အကောင်အထည်ဖေါ်ဖို့ တဖြည်းဖြည်းတော့ နီးစပ်လို့ လာနေပါပြီ။ လက်ရှိမှာ ကြယ်တွေဆီ ခရီးသွား နိုင်ဖို့ နည်းလမ်းတွေကို သုတေသန ပြုနေတဲ့ အပြည်ပြည် ဆိုင်ရာက ပညာရှင်တွေ ပါဝင်တဲ့ Breakthrough Starshot စီမံကိန်းရဲ့ နောက်ဆုံး ထုတ်ပြန်ချက်အရ နေနဲ့ အနီးဆုံးက ကြယ်ကို နှစ် ၂၀ လောက်နဲ့ ရောက်နိုင်မယ်လို့ ဆိုပါတယ်၊။
ဒီ စီမံကိန်းဟာ နေနဲ့ အနီးဆုံး ဖြစ်တဲ့ အယ်လ်ဖာ စန်တော်ရီ (Alpha Centauri) ကြယ်ဆီကို လူမဲ့ လေ့လာရေး အာကာသယာဉ် လွှတ်တင်ဖို့ ကြိုးပမ်းနေတဲ့ စီမံကိန်း ဖြစ်ပါတယ်။ ဒီ အာကာသယာဉ် မောင်းနှင်ဖို့ အထူးအင်ဂျင် အမျိုးအစားကို ဩစတြေးလျ အမျိုးသား တက္ကသိုလ် (Australian National University, ANU) က သိပ္ပံ ပညာရှင်တွေက ဒီဇိုင်းရေးဆွဲ အဆိုပြု ထားတယ်လို့ ANU ရဲ့ သတင်း ထုတ်ပြန်ချက်မှာ ဖေါ်ပြ ထားပါတယ်။
ဒီ အထူးအင်ဂျင်ဟာ လောင်စာဆီကို အသုံးပြု မောင်းနှင်မှာ မဟုတ်ပဲ အလင်း ဖိုတွန်တွေကို ရွက်နဲ့ ဖမ်းယူပြီး ရွက်လှေတွေ ရွက်တိုက် သွားလာ သလိုမျိုး အာကာသ ထဲမှာ ရွက်တိုက် သွားလာမှာ ဖြစ်ပါတယ်။ ဒီ ရွက်အတွက် လိုအပ်တဲ့ အလင်းဖိုတွန် တွေကိုတော့ ကမ္ဘာကနေ လေဆာရောင်ခြည် တန်းတွေနဲ့ ထိုးပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
ခရီး ကီလိုမီိတာ ထရီလီယံ ၄၀
အခု ရည်မှန်းထားတဲ့ အယ်လ်ဖာ စန်တော်ရီ ကြယ်ဟာ ကမ္ဘာကနေဆို အလင်းနှစ် ၄ နှစ်ကျော် အကွာမှာ ရှိပါတယ်။ ဒါကို ကီလိုမီတာနဲ့ဆို ကီလိုမီတာပေါင်း ၄၀,၂၀၈,၀၀၀,၀၀၀,၀၀၀ ကွာတေးပါတယ်။ အယ်လဖာ စန်တော်ရီက အလင်း ကမ္ဘာကို ရောက်ဖို့ဆို အချိန် ၄ နှစ်ကျော် ကြာမြင့်မှာ ဖြစ်ပါတယ်။
လက်ရှိ အချိန်ထိတော့ ကမ္ဘာပေါ်မှာ အမြန်ဆုံး ခရီးရှည် သွားနိုင်တဲ့ အာကာသယာဉ် အင်ဂျင်ဟာ မကြာသေးမီကမှာ လွှတ်တင်ခဲ့တဲ့ DART အာကာသယာဉ် အင်ဂျင်ပဲ ဖြစ်ပါတယ်။ ဒီ အင်ဂျင်ဟာ အာကာသယာဉ်ကို တစ်နာရီ ကီလိုမီတာ ၂၄,၀၀၀ (မိုင် ၁၅,၀၀၀) နှုန်းအထိ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီ DART မှာ တပ်ဆင်ထားတဲ့ အင်ဂျင်နဲ့ဆို အယ်လ်ဖာ စန်တော်ရီ ကြယ်ကို ရောက်ဖို့ နှစ် ၁၈,၀၀၀ တောင် ကြာမှာ ဖြစ်ပါတယ်။ ဒါဟာ လူ့မျိုးဆက် နဲ့ဆို မျိုးဆက်ပေါင်း ၂,၇၀၀ တောင်မှ ကြာမှာ ဖြစ်ပါတယ်။
ဒါပေမယ့် Breakthrough Starshot စီမံကိန်းရဲ့သိပ္ပံ ပညာရှင်တွေကတော့ သူတို့ အဆိုပြုထားတဲ့ အာကာသယာဉ်ဟာ ကမ္ဘာပေါ်မှာ တပ်ဆင်ထားတဲ့ လေဆာရောင်ခြည် စက်တွေက ထိုးပေးတဲ့ လေဆာကို အသုံးချပြီး ဒီ ခရီးကို အနှစ် ၂၀ အတွင်း အရောက် သွားနိုင် လိမ့်မယ်လို့ ယုံကြည် ကြပါတယ်။
အကယ်၍သာ အယ်လ်ဖာ စန်တော်ရီ ကြယ်ကို ရောက်ရှိနိုင်ခဲ့မယ် ဆိုရင်တော့ ဒီ အာကာသယာဉ်ဟာ နေစကြာဝဠာ ပြင်ပက ကြယ်အဖွဲ့အစည်း တစ်ခုအတွင်းကနေ ရိုက်ကူးထားတဲ့ ပထမဆုံး ဓါတ်ပုံတွေကို ကမ္ဘာကို ပြန်လည် ပေးပို့နိုင်မှာ ဖြစ်ပါတယ်။ အယ်လ်ဖာ စန်တော်ရီ ကြယ်ကို ပတ်နေတဲ့ ဂြိုဟ်တွေရဲ့ ပုံသဏ္ဍန်နဲ့ အချက်အလက် တွေကိုလဲ အသေးစိတ် လေ့လာနိုင်မှာ ဖြစ်ပါတယ်။
ဒီ စီမံကိန်းမှာ ပါဝင်တဲ့ ပညာရှင်တွေ က သူတို့ရဲ့ အကြံပြုချက်ကို သုတေသန စာတမ်း တစ်စောင် အနေနဲ့ တင်ပြထားပါတယ်။ ဒီ အကြံပြုချက်မှာ အာကာသယာဉ် အသေးလေး တစ်စင်း ပါဝင်မှာ ဖြစ်ပြီး ဒီ အာကာသယာဉ်လေးကို မောင်းနှင်ဖို့ ကြီးမားတဲ့ “အလင်းရွက် (Light sail)” ကြီး တပ်ဆင်ထားမှာ ဖြစ်ပါတယ်။
ဒီရွက်အတွက် လုံလောက်တဲ့ ဖိုတွန်တွေ ရရှိဖို့ ကိုတော့ ကမ္ဘာပေါ်ကနေ အားကောင်းတဲ့ လေဆာတန်းတွေနဲ့ ထိုးပေးဖို့ လိုအပ်ပါတယ်။ ဒီ လေဆာကိရိယာကနေ လေဆာရောင်ခြည်တန်းပေါင်း သန်းပေါင်းများစွာ ထိုးပေးဖို့တော့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒီ လေဆာတန်းတွေက ထွက်လာတဲ့ ဖိုတွန်တွေရဲ့ တွန်းအားနဲ့ ဒီ အာကာသယာဉ်ဟာ အလွန် လျင်မြန်တဲ့ အရှိန်နှုန်းကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
“ကမ္ဘာနဲ့ အယ်လ်ဖာ စန်တော်ရီ ကြားက ကြီးမားလှတဲ့ အာကာသ ဟင်းလင်းပြင် ကြီးကို အချိန်တို အတွင်းမှာ ဖြတ်သန်းနိုင်ဖို့ဆိုရင် ကျွန်တော်တို့က ပုံမှန်ကနေ ခွဲထွက်ပြီး တွေးတောနိုင်ဖို့ လိုအပ်ပါတယ်” လို့ ဒီစီမံကိန်း ပါဝင်တဲ့ ဩစတြေးလျ အမျိုးသား တက္ကသိုလ်က သုတေသီ ဘန်ဒုတန်ဂါ (Dr. Bandutunga, from the Applied Metrology Laboratories at the ANU Centre for Gravitational Astrophysics) က ရှင်းပြပါတယ်။
“ဒီ အာကာသယာဉ် လေဆာရောင်ခြည် ထိုးပေးထားတဲ့ လမ်းကြောင်းပေါ် ရောက်သွားပြီဆို ဒီလမ်းကြောင်းအတိုင်း အာကာသ ဟင်းလင်းပြင် ထဲမှာ ရည်မှန်းချက်ကို မရောက်မချင်း နောက် နှစ် ၂၀ လောက် ဆက်သွားနေမှာ ဖြစ်ပါတယ်။ အာကာသယာဉ် အယ်လ်ဖာ စန်တော်ရီကို ဖြတ်ပြီး ပျံသန်းချိန်မှာ ဓါတ်ပုံတွေ ရိုက်ယူပြီး ကမ္ဘာကို ပြန်ပို့ပေးမှာ ဖြစ်ပါတယ်” လို့ သူက ဆက်ရှင်းပြပါတယ်။
လေဆာအလင်းတန်းပေါင်း သန်း၁၀၀အားနဲ့ ကြယ်တွေဆီ ခရီးသွားမယ်
ဒီ အာကာသယာဉ် အတွက် လိုအပ်တဲ့ နည်းပညာ အတော်များများက လက်ရှိ အချိန်မှာ ရှိပြီးသား ဖြစ်ပါတယ်။ ဥမပာ အလင်းရွက်တိုက်တာက အခုမှ အသစ်အဆန်း မဟုတ်ပါဘူး။ အလင်းရွက်တိုက်ခြင်း နည်းပညာကို အသုံးပြုပြီး ၂၀၁၉ ခုနှစ်က Light Sail 2 ဂြိုဟ်တုကို ကမ္ဘာပတ် လမ်းကြောင်းအမြင့် ၃.၂ ကီလိုမီတာ ပိုမြင့်အောင် ပြုလုပ် နိုင်ခဲ့ပါတယ်။
ဒီ အကြံပြုချက် အတွက် အဓိက အခက်အခဲကတော့ သန်းပေါင်းများစွာသော လေဆာတန်းတွေကို အလွန်ဝေးကွာတဲ့ နေရာက အာကာသယာဉ်ဆီကို အတိအကျ ထိုးနိုင်ဖို့ပဲ ဖြစ်ပါတယ်။
ပညာရှင် တွေရဲ့ တွက်ချက်မှု အရ ဒီ ခရီးစဉ် တစ်ခုလုံးအတွက် လိုအပ်တဲ့ လေဆာ စွမ်းအင်ဟာ 100 GW လောက် လိုမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီပမာဏ ရှိတဲ့ စွမ်းအင် ရရှိဖို့ဆို လေဆာတန်းပေါင်း သန်း ၁၀၀ လောက် လိုအပ်မယ်လို့ ဆိုပါတယ်။
ဒီလောက်ဝေးတဲ့ အရပ်က အရှိန်နဲ့ သွားနေတဲ့ အာကာသယာဉ်ဆီ လေဆာတန်းတွေ အတိအကျ ထိုးပေးနိုင်ဖို့ အတွက် ကမ္ဘာပတ် လမ်းကြောင်းထဲမှာ ကမ္ဘာက ထိုးလိုက်တဲ့ လေဆာတွေကို ထပ်ဆင့် လမ်းကြောင်း တည့်ပေးဖို့ ဂြိုဟ်တု တစ်လုံး လွှတ်တင်ထားဖို့ အဆိုပြု ထားပါတယ်။ ကမ္ဘာက လာတဲ့ လေဆာတန်းတွေ လေထုထဲ ဖြတ်လာတဲ့ အချိန် လမ်းကြောင်းလွဲသွဦး နိုင်တာတွေ အတွက်ကိုလဲ ဒီ ဂြိုဟ်တုကနေ ပြန်လည် တည့်မတ်ပေးနိုင်မှာ ဖြစ်ပါတယ်။
နောက် တဆင့်ကတော့ အခု အကြံပြုချက်ကို ဓါတ်ခွဲခန်း ပတ်ဝန်းကျင်မှာ အရင် စမ်းသပ်ဖို့ပဲ ဖြစ်ပါတယ်။ အရင်းဆုံးကတော့ လေဆာတန်း အသေးလေးတွေ စုပေါင်းပြီး လေဆာတန်းကြီးတွေ ဘယ်လို လုပ်မလဲ ဆိုတာနဲ့ လေထုကို ဖြတ်တဲ့အချိန် လမ်းကြောင်းလွဲတာကို ပြင်ဆင်မယ့် နည်းလမ်းတွေ စမ်းသပ်ဖို့ပဲ ဖြစ်ပါတယ်။
ဒီ အဆိုပြုချက်ကို တင်ပြခဲ့တဲ ANU သုတေသန အဖွဲ့ကတော့ အခု စီမံကိန်းဟာ ကမ္ဘာတဝန်းက ပညာရှင်တွေ အမြောက်အများ ပါဝင်တဲ့ စီမံကိန်း ဖြစ်ပြီး သူတို့ရဲ့ တင်ပြချက်ဟာ ဒီ စီမံကိန်းက ကျော်လွှားရမယ့် အခက်အခဲတွေ အများကြီး ထဲက အစိတ်အပိုင်းလေး တစ်ခုသာ ဖြစ်တယ်ဆိုတာကို ထောက်ပြခဲ့ပါတယ်။
အကယ်လို့သာ ဒီ အကြံအစည် တကယ် အလုပ်ဖြစ်ခဲ့မယ် ဆိုလို့ရှိရင်တော့ ကျွန်တော်တို့ရဲ့ သက်တမ်း အတွင်းမှာ ပထမဆုံး နေအဖွဲ့အစည်း ပြင်ပက ကြယ်နဲ့ ဂြိုဟ်အဖွဲ့အစည်း တစ်ခုဆီကို လူလုပ် အာကာသယာဉ် တစ်စီး ရောက်ရှိတာကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။
Reference: A Lightsail Powered By Millions of Lasers Could Reach Alpha Centauri in 20 Years | Interesting Engineering