Skip to content

အာကာသမှ ရေဒီယို အချက်ပြလှိုင်း ၁,၆၅၂ ခုဖမ်းမိ

  • Space
စကြာဝဠာထဲက အားကောင်းတဲ့ ရေဒီယို အချက်ပြ လှိုင်းတွေ ဖမ်းမိ ခဲ့ပါတယ်

အာကာသ ထဲကနေ ရံဖန် ရံခါ ရောက်ရှိလာတတ်တဲ့ တိုတောင်းပြီး အင်အား ကောင်းတဲ့ ရေဒီယို အချက်ပြ လှိုင်းတွေ ရှိပါတယ်။ သူတို့ကို Fast Radio Bursts (FRBs) တွေလို့ ခေါ်ပါတယ်။ မြန်မာလိုတော့ လျှင်မြန်တော့ ရေဒီယို အချက်ပြလှိုင်းများ လို့ ခေါ်လို့ ရမယ် ထင်ပါတယ်။

ဒီ လှိုင်းတွေကို ကမ္ဘာပေါ်ကနေ ရေဒီယို တယ်လီစကုပ် တွေနဲ့ ဖမ်းယူ ရရှိ နိုင်ပါတယ်။ ဒီ လှိုင်းတွေဟာ တစ်ခါ တစ်ခါ လာရင် မီလီ စက္ကန့် အနည်းငယ်ပဲ ကြာပါတယ်။ (၁ မီလီ စက္ကန့်ဟာ တစ် စက္ကန့်ရဲ့ အပုံ ၁၀၀၀ ပုံ တစ်ပုံပဲ ရှိပါတယ်။) လှိုင်းတွေ ရောက်လာပြီးရင်လဲ ပြန်ပြီး ပျောက်ကွယ် သွားကြပါတယ်။

ပထမဆုံး FRB ကို ၂၀၀၇ ခုနှစ်မှာ ပထမဆုံး စတင် ဖမ်းယူ ရရှိ ခဲ့တာ ဖြစ်ပါတယ်။ အဲ့သည် အချိန်က စလို့ သိပ္ပံ ပညာရှင် တွေဟာ ဒီလှိုင်းတွေကို ဖမ်းယူဖို့ ပိုပြီး အင်အးကောင်းတဲ့ ရေဒီယို တယ်လီ စကုပ် တွေနဲ့ ကြိုးပမ်းခဲ့ ကြပါတယ်။

၂၀၁၆ ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ လူမနီး သူမနီး တောထဲမှာ မီတာ ၅၀၀ အကျယ်အဝန်း ရှိတဲ့ ရေဒီယို တယ်လီ စကုပ်ကြီးကို တည်ဆောက် ပြီးစီး ခဲ့ပါတယ်။ လူသူဝေးတဲ့ အရပ်မှာ တည်ဆောက် ရတာကတော့ ဘေးပတ်ဝန်းကျင်က ရေဒီယို လှိုင်းတွေရဲ့ နှောက်ယှက်မှု နည်းအောင်လို့ ဖြစ်ပါတယ်။

“ကောင်းကင်ဘုံ၏ မျက်လုံး” (Eye of Heaven, “Tianyan”) လို့ အမည်ပေးထားတဲ့ ဒီ ရေဒီယို တယ်လို စကုပ်ကြီး ဟာ ကမ္ဘာပေါ်မှာ တည်ဆောက်ခဲ့ ဖူးသမျှ ရေဒီယို တယ်လီစကုပ် တွေထဲမှာ အကြီးဆုံး ဖြစ်ပါတယ်။ ဒီ တယ်လိီစကုပ်ကြီး တည်ဆောက်ပြီး ကတဲက အာကာသ ထဲက ရောက်လာတဲ့ FRB ရေဒီယို အချက်ပြ လှိုင်း အများအပြားကို ရှာဖွေ တွေ့ရှိ နိင်ခဲ့ပါတယ်။ 

၂၀၁၉ ခုနှစ် ဩဂုတ်လနဲ့ စက်တင်ဘာလ အတွင်း စုစုပေါင်း ၄၇ ရက်တာ ကာလ အတွင်းမှာ ဒီ ရေဒီယို တယ်လီ စကုပ် ကြီးကနေပြီး အာကာသ ထဲက ရပ်ဝန်း တနေရာ ကနေ လာတဲ့ FRB ရေဒီယို အချက်ပြ လှိုင်းပေါင်း ၁,၆၅၂ ခုကို ဖမ်းယူ ရရှိခဲ့တယ်လို့ ယခုလ တင်သွင်းတဲ့ သုတေသန စာတမ်း တစ်စောင်အရ သိရပါတယ်။

ယခု သုတေသနကို တရုတ်၊ ဩစတြေးလျား နဲ့ အမေရိကန် ပြည်ထောင်စုက ထိပ်တန်း တက္ကသိုလ် တွေက နက္ခတ် ပညာရှင်တွေက ပူးပေါင်း ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အခု ရေဒီယို အချက် ပြ လှိုင်းတွေ အကြောင်း ဆက် မပြောခင် ဒီလို ဖမ်းယူ ရရှိခဲ့တဲ့ FRB ရေဒီယို လှိုင်း ဆိုတာ ဘာလဲ ဘယ်လို မျိုးလဲ ဆိုတာကို တချက် ကြည့်လိုက် ရအောင်ပါ။

Fast Radio Bursts (FRBs) ဆိုတာဘာလဲ

ဒီ FRB ရေဒီယို လှိုင်းတွေဟာ အလွန် အင်အား ပြင်းထန်တဲ့ ရေဒီယို အချက်ပြ လှိုင်းတွေ ဖြစ်ကြပါတယ်။ ဘယ်လောက် ထိတောင် ပြင်းထန်လဲ ဆိုတော့ ဒီလှိုင်း တစ်ခုချင်းစီမှာ ပါဝင်တဲ့ စွမ်းအင် ပမာဏဟာ နေ ကနေ တစ်နှစ်ပါတ်လုံး ထုတ်လွှတ်ပေးတဲ့ စွမ်းအင် ပမာဏ လောက် ရှိပါတယ်။ ဒါပေမယ့် ဒီလောက် များတဲ့ စွမ်းအင် ပမာဏကို တစ်စက္ကန့်တောင် မရှိတဲ့ အချိန် ကာလလေး အတွင်းမှာ ထုတ်လွှတ်လိုက်တာ ဖြစ်ပါတယ်။

အများအား ဖြင့်တော့ ဒီ FRB ရေဒီယို အချက်ပြ လှိုင်းတွေဟာ ပေါ်လာပြီး ပျောက်သွားကြတာ များပါတယ်။ ဒါပေမယ့် တခါ တလေတော့ ဒီ လှိုင်းတွေဟာ ပြန်ပြီး ထပ်ခါ ထပ်ခါ ပြန်ပေါ်လာ တတ်တာမျိုးလဲ ရှိပါတယ်။ ဒီလို အခါမျိုး ဆိုရင်တော့ သိပ္ပံ ပညာရှင်တွေ အနေနဲ့ ဒီ FRB လှိုင်းတွေကို စောင့်ကြည့် ဖမ်းယူပြီး အသေးစိတ် ခွဲခြမ်း စိတ်ဖြာ သုတေသန ပြုဖို့ အခွင့်အရေး ရရှိကြပါတယ်။ (ဒါကလဲ အလွန် ရှားပါတယ်)။

ဒီ FRB လှိုင်းတွေ ထွက်လာရတဲ့ အကြောင်းရင်းကို အခုထိ ဘယ်သူမှ မသိကြ သေးပါဘူး။ ဒါပေမယ့် ဒီ လှိုင်းတွေရဲ့ မူရင်းနဲ့ ပါတ်သက်လို့တော့ အမျိုးမျိုး မှန်းဆ ပြောဆိုမှုတွေ ရှိနေ ကြပါတယ်။ ဖြစ်နိုင်ချေ ရှိတဲ့ ခန့်မှန်း ချက်တွေကတော့ 

  • နျူထရွန် ကြယ် (သို့) Black hole တွေထဲက အချို့ နျူထရွန် ကြယ်တွေ နဲ့ Black hole တွေမှာ သံလိုက် စက်ကွင်း ဖြစ်ပေါ်လာ ရာကနေ ဒီ သံလိုက်စက်ကွင်း အရမ်း အားကောင်းလာလို့ (Hyper-magnetized neutron stars)
  • Big Bang ဖြစ်ပြီး နောက်ပိုင် ကြွင်းကျန် ရစ် ခဲ့တဲ့ အာကာသ ကြိုးမျှင်တွေ (Cosmic strings left over from the Big Bang)
  • ပြင်ပ စကြာဝဠာ ထဲက နည်းပညာ အဆင့်မြင့် သက်ရှိတွေ ဆီက ထုတ်လွှင့်တဲ့ ရေဒီယို အချက်ပြ ဆက်သွယ် မှုများ

အထူးသဖြင့် ထပ်ခါထပ်ခါ ထွက်ပေါ်လာတဲ့ FRB တွေနဲ့ ပါတ်သက်ပြီး ပညာရှင် တွေရဲ့ စိတ်ဝင် စားမှု ပိုရရှိ ကြပါတယ်။ ထပ်ခါ ထပ်ခါ ထွက်ပေါ်လာတဲ့ ရေဒီယို  လှိုင်းတွေဟာ သဘာဝ အရ ဖြစ်တာအပြင် သက်ရှိတွေက ဖန်တီးလို့ ဖြစ်လာတာ ဖြစ်ဖို့ အခွင့်အလမ်း ပိုလဲ များပါတယ်။ 

ဒီလို ထပ်ခါ ထပ်ခါ ထွက်ပေါ်လာတဲ့ FRB ထုတ်လွှင့်ရာ ရပ်ဝန်းတွေ ထဲမှာ FRB 121102 ဟာ အထူးသဖြင့် ပညာရှင်တွေ စိတ်ဝင်စား မှု အများဆုံး ခံရတဲ့ ရပ်ဝန်း တစ်ခု ဖြစ်ပါတယ်။ ဒီ အချက်ပြ လှိုင်းတွေကို ပထမဆုံး ၂၀၁၂ မှာ စတင် ဖမ်းယူ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီ FRB 121102 အချက်ပြ လှိုင်းဟာ ဖမ်းယူရရှိ သမျှ ထဲမှာ ပထမ ဆုံးသော ထပ်ခါ ထပ်ခါ ထွက်ပေါ်လာနေတဲ့ FRB ဖြစ်ပါတယ်။ ဒါ့ကြောင့် မို့လဲ အခြား FRB တွေထက် သူ့ကို ပိုပြီး လေ့လာ ခဲ့ကြပါတယ်။

ဒီ FRB 121102 ဟာ ကမ္ဘာကနေ အလင်းနှစ် ၃ ဘီလီယံ လောက်မှာ ရှိတဲ့ ဂလက်ဆီ အသေးလေး ( Dwarf Galaxy) ဆီကနေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ နောက်ပြီး ထူးခြားတာက သူ့ဆီက ထွက်တဲ့ FRB လှိုင်းတွေဟာ အချိန်မှန် ထွက်လာ နေတာပဲ ဖြစ်ပါတယ်။

အရင် လေ့လာ မှုတွေ အရ ဒီ FRB 121102 ဟာ ၁၅၇ ရက်ကို တစ်ကြိမ် အားမြင့် ရေဒီယို လှိုင်းတွေ ထုတ်လွှင့်ပေး တတ်တာကို တွေ့ရှိ ခဲ့ကြ ရပါတယ်။ ဒီ ၁၅၇ ရက် ကာလ အတွင်းမှာ ပထမ ၆၇ ရက်မှာ ဘာမှ မထွက်ပဲ ငြိမ်သက် တိတ်ဆိတ်နေ တတ်ပါတယ်။ ဒုတိယပိုင်း ရက် ၉၀ မှာတော့ အင်အား ပြင်းထန်တဲ့ ရေဒီယို အချက်ပြ လှိုင်းတွေကို ထပ်ခါ ထပ််ခါ ထုတ်လွှင့် ပေးပါတယ်။ ဒီလို ငြိမ်လိုက် အသက်ဝင် လာလိုက် ဖြစ်နေတာဟာ ၁၅၇ ရက် တစ်ခါ ပုံမှန် ဖြစ်နေတာ ဖြစ်ပါတယ်။

၄၇ ရက်အတွင်း ၁,၆၅၂ ကြိမ်

အသစ် တည်ဆောက် ပြီးစီးသွားတဲ့ ဒီ Tianyan ရေဒီယို တယ်လီ စကုပ်ကြီးကို အသုံးပြုပြီး ဒီ FRB 121102 က ထုတ်လွှင့်တဲ့ ရေဒီယို အချက်ပြ လှိုင်းတွေကို စောင့်ကြည့် လေ့လာ ခဲ့ကြပါတယ်။ ၂၀၁၉ ခုနှစ် အတွင်းမှာတော့ ထူးခြားစွာပဲ ၄၇ ရက် အတောအတွင်း အချက်ပြချက်ပေါင်း ၁,၆၅၂ ကြိမ်တောင် ထူးထူးခြားခြား ဖမ်းယူ ရရှိ ခဲ့ပါတယ်။

ဒီအထဲက တစ်ကြိမ်မှာ ဆိုရင် တစ်ရက်ထဲ အချက်ပြလှိုင်း အကြိမ် ၂၀ တောင် ဖမ်းယူ ရရှိ ခဲ့ပါတယ်။ နောက်တကြိမ် မှာလဲ နှစ်နာရီ အတွင်း အချက်ပြမှုပေါင်း ၁၂ ကြိမ် တိတိ ဖမ်းယူ ရရှိ ခဲ့ပါတယ်။

ဒီ ဖမ်းယူ ရရှိ ချက်တွေအရ အခု FRB 121102 ရဲ့ သက်တမ်းဟာ ၁၅၆.၁ ရက်ကြာတိုင်း တစ်ပါတ် ပြန်လည် တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ၂၀၁၉ ဩဂုတ်လ ၂၉ ကနေ အောက်တိုဘာ ၂၉ ထိ နှစ်လ အတွင်းမှာ ထွက်လာတဲ့ ရေဒီယို လှိုင်းတွေ အရမ်း အားကောင်းနေ ခဲ့တာကိုလဲ တွေ့ရှိ ကြရပါတယ်။ ဒီ နှစ်လတာ ကာလအတွင်း ဒီ FRB 121102 ကို စောင့်ကြည့် ဖမ်းယူမှုကို ၄၇ ရက် တိုင်တိုင် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဖမ်းယူ ရရှိခဲ့တဲ့ အချက်ပြလှိုင်း အရေတွက် ဟာ တစ်ရက်နဲ့ တစ်ရက် မတူပါဘူး။ အရမ်း လှုပ်ရှားမှု များတဲ့ ရက်တွေဆို တစ်နာရီ အတွင်းမှာ ၁၂၂ ကြိမ်တောင် ဖမ်းယူ ရရှိ ခဲ့တာပါ။ ဒီ နှုန်းဟာ FRB တွေထဲမှာ စံချိန်တင်တဲ့ နှုန်းဖြစ်ပါတယ်။

ဒီ ရရှိတဲ့ အချက်တွေပေါ် မူတည်ပြီး ပညာရှင် တွေဟာ ဒီလှိုင်းတွေရဲ့ အားကို တွက်ချက် နိုင်ခဲ့ ကြပါတယ်။ တွက်ချက် မှုတွေ အရ အမြင့်ဆုံး စွမ်းအင်ဟာ 4.8 x 10^30 joules (ဂဏန်းနောက်မှာ သုည အလုံး ၃၀) ရှိတယ်လို့ ဆိုပါတယ်။ 

ဒီပမာဏကို ကျွန်တော်တို့ နေက တစ်စက္ကန့် အတွင်း ထုတ်ပေးတဲ့ စွမ်းအင်နဲ့ ယှဉ်ကြည့်ရ အောင်ပါ။ နေက တစ်စက္ကန့်ကို 3.8 x 10^26 joules (သုည အလုံး ၂၆ လုံး) ထုတ်ပေးပါတယ်။ ဒီတော့ ဒီ ပမာဏဟာ နေကနေ စက္ကန့် ၁၂,၆၀၀ ကျော် (၃ နာရီ ခွဲကျော်) ကာလအတွင်း ထုတ်လွှတ်ပေးတဲ့ စွမ်းအင် စုစုပေါင်းနဲ့ ညီမျှ နေပါတယ်။ ဒီလောက်များတဲ့ စွမ်းအင်ကို မီလီစက္ကန့် အနည်းငယ် အတွင်း ထုတ်ပေးတာပါ။

နောက်ထပ် ထူးချက်ချက် တစ်ရပ်ကတော့ ထွက်လာတဲ့ ရေဒီယို လှိုင်းတွေဟာ စွမ်းအင်မြင့်နဲ့ စွမ်းအင်နိမ့် ဆိုပြီး နှစ်မျိုးရှိတယ် ဆိုတာ ဖြစ်ပါတယ်။ စွမ်းအင်နိမ့် အချက်ပြ လှိုင်းတွေဟာ အစီအစဉ် မရှိပဲ ကြုံရာကြပမ်း (Random) ထွက်လာကြတာ ဖြစ်ပြီး စွမ်းအင်မြင့် အချက်ပြ လှိုင်းတွေကတော့ ပြန်ပေါ်တဲ့ အချိန် ပိုပြီး အချိန်မှန် တယ်လို့ ဆိုပါတယ်။

ဒီ အချက်တွေကို မူတည်ပြီး အခု FRB 121102 ရဲ့ ဖြစ်နိုင်တဲ့ မူရင်း ကို ရှာဖွေဖို့ ကြိုးစားခဲ့ ကြပါတယ်။ 

ဒီ လှိုင်းတွေက အချိန်မှန် ထွက်လာတာ မဟုတ်တဲ့ အတွက် လည်နေတဲ့ နျူထရွန် ကြယ်လို Black Hole လို အရာဝတ္ထု တစ်ခုခုက နေ ထွက်လာတာ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။ နောက်တခါ လွှင့်ထုတ်တဲ့ နှုန်း မြန်လွန်းတာကလဲ နည်းပညာ အဆင့်မြင့် သက်ရှိတွေက ထုတ်လွှတ်တယ် ဆိုတဲ့ သီအိုရီရဲ့ ဖြစ်နိုင်ခြေကို နည်းသွား စေပါတယ်။ 

ဒီ သုတေသန ပြုလုပ်ခဲ့တဲ့ သုတေသီ တွေက နောက်ဆက်တွဲ သုတေသန နှစ်ခု ကို ဆက်လက် အကြံပြု ထားပါတယ်။ ပထမ တစ်ခုကတော့ ယခုထိ ဖမ်းယူ ရရှိခဲ့တဲ့ အချက်အလက် တွေကို အခြား သုတေသီ တွေက အသေးစိတ် ပြန်လည် ဆန်းစစ်ပြီး သင်္ချာနည်းနဲ့ ခွဲခြမ်း စိတ်ဖြာဖို့ ဖြစ်ပြီး နောက် သုတေသန တစ်ခုကတော့ နောက်ထပ် အချက်ပြတွေ ထပ်မံ ဖမ်းယူပြီး သုတေသန ပြုဖို့ ဖြစ်ပါတယ်။

သုတေသီ တွေက သူတို့ရဲ့ တွေ့ရှိချက်ကို Nature သုတေသန ဂျာနယ်မှာ တင်ပြထားပါတယ်။

အခြား သတင်း တစ်ရပ်မှာတော့ ဒီ ရေဒီယို တယ်လီ စကုပ် ကြီးကနေ FRB ရေဒီယို အချက်ပြလှိုင်း ထုတ်လွှင့်ရာ ရပ်ဝန်း အသစ် ၆ ခုကို ထပ်မံ ရှာဖွေ တွေ့ရှိထားတယ် ဆိုတာပဲ ဖြစ်ပါတယ်။ ဒီ အသစ် တွေ့ရှိတဲ့ ရပ်ဝန်း ၆ ခု ထဲက တစ်ခုက အခု FRB 121102 လိုပဲ ရေဒီယို အချက်ပြတွေ ထပ်ခါထပ်ခါ ထုတ်လွှင့်နေတဲ့ ရပ်ဝန်းလို့ သိရပါတယ်။

Reference: Something Really Wants our Attention. One Object Released 1,652 Fast Radio Bursts in 47 Days | Universe Today

Advertisement