Skip to content

သက်ရှိတွေ ရှိနေနိုင်တဲ့ ဂြိုလ်ရှာတွေ့

  • Space
ကမ္ဘာက အလင်းနှစ် ၃၅ နှစ်ပဲ ဝေးတဲ့ နေရာမှာ ရှိနေတဲ့ ဂြိုလ်လေး တစ်စင်းပေါ်မှာ ရေအများအပြား ရှိနေတယ် လို့ ပြောပါတယ်

နေအဖွဲ့အစည်းနဲ့ သိပ်ပြီး မဝေးလှတဲ့ ကြယ်တစင်းကို ပတ်နေတဲ့ ဂြိုလ်ရံတစ်စင်းဟာ အသက်ဇီဝ ဖြစ်ထွန်းနိုင်တဲ့ သဘာဝ ပတ်ဝန်းကျင် ရှိနေတယ်လို့ သိပ္ပံပညာရှင်တွေက ပြောကြားလိုက်ပါတယ်။

ဒီ ကြယ်ဟာ ကမ္ဘာမြေကနေ အလင်းနှစ် ၃၅ နှစ်ပဲ ဝေးတဲ့ နေရာမှာ ရှိနေတာပါ။  L 98-59 လို့ အမည်ပေးထားတဲ့ ဒီကြယ်ရဲ့ အကွာအဝေးဟာ စကြာဝဠာထဲက အခြားကြယ်တွေနဲ့ ယှဉ်လို့ရှိရင်တော့ အတော်လေးကို နီးတယ်လို့ ပြောလို့ရပါတယ်။ သိပ္ပံပညာရှင်တွေဟာ ဒီကြယ်ကို ပတ်နေတဲ့ ဂြိုလ်တွေ အထဲက ဂြိုလ်တစ်စင်းကို စိတ်ဝင်တစား လေ့လာနေ ကြခြင်းပဲ ဖြစ်ပါတယ်။

ဒီဂြိုလ်ရဲ့ ဒြပ်ထု ပမာဏဟာ ကျွန်တော်တို့ရဲ့ သောကြာဂြိုလ် တစ်ဝက် အရွယ်လောက်ပဲ ရှိတာပါ။ ဒါပေမယ့် ဒီဒြပ်ထုရဲ့ အစိတ်အပိုင်း အတော်များများက ရေ ဖြစ်ပါတယ်တဲ့။ ဆိုလိုတာက ဒီဂြိုလ်ဟာ ဂြိုလ်တစ်ခုလုံး (သို့) တစ်ခုလုံး နီးပါး ရေတွေနဲ့ ဖုံးလွှမ်းနေတဲ့ ပင်လယ်ပြင်ကြီး (Ocean World) ဖြစ်နေတာပါ။ ဒီလို ရေတွေ အပြည့်နဲ့ ဂြိုလ်လေးမှာ အသက်ဇီဝတွေ ရှင်သန်နိုင်ဖို့ လုံလောက်တဲ့ သဘာဝ ပတ်ဝန်းကျင် အခြေအနေတွေ ရှိနေတယ် လို့ သိပ္ပံ ပညာရှင်တွေက ပြောပါတယ်။ ဒီတွေ့ရှိချက်ကို journal Astronomy & Astrophysics မှာ တင်ပြထားပါတယ်။

“ဒီ ဂြိုလ်ဟာ habitable zone လို့ခေါ်တဲ့ ကြယ်တစင်းရဲ့ မနီးမဝေး အပူရှိန် သမမျှတတဲ့ အကွားအဝေးမှာ ရှိနေပါတယ်။ ဒီလို အကွာအဝေးမှာ ရှိနေတဲ့ ဂြိုလ်တစင်း အနေနဲ့ အသက်ဇီဝကို အထောက်အကူ နဲ့ အကာအကွယ် ပေးနိုင်တဲ့ လေထုနဲ့ သဘာဝ ပါတ်ဝန်းကျင် အခြေအနေတွေ ရှိနေနိုင်ပါတယ်” လို့ ဒီစာတမ်းကို ပြုစုသူတွေ ထဲက တစ်ဦးဖြစ်တဲ့ Maria Rosa Zapatero Osorio က ပြောပါတယ်။ သူမဟာ စပိန်နိုင်ငံ အာကာသဇီဝဗေဒ ဗဟို ဌာန (Spain’s Centre for Astrobiology) က ပညာရှင် တစ်ဦးလဲ ဖြစ်ပါတယ်။

မှန်းဆ အဖြေရှာ

ဥရောပ တောင်ပိုင်း နက္ခတ် လေ့လာရေး ဌာန (European Southern Observatory) ရဲ့ ESPRESSO လို့ အမည်ပေးထားတဲ့ အာကာသ လေ့လာရေး ကိရိယာကို အသုံးချပြီး ဒီ ဂြိုလ်လေးကို လေ့လာခဲ့ ကြတာ ဖြစ်ပါတယ်။ ဒီဂြိုလ်က သေးလွန်းတော့ မှန်ပြောင်းတွေနဲ့ ကြည့်လို့ မမြင်ရပါဘူး။ ဒါ့ကြောင့် radial velocity technique လို့ခေါ်တဲ့ နည်းကို အသုံးချပြီး လေ့လာရပါတယ်။ (ဘာသာပြန်သူ မှတ်ချက်။ အလယ်မှာ ရှိနေတဲ့ ကြယ်ကြီးကို ဂြိုလ်လေးတွေ ပတ်နေတဲ့ အခါမှာ ဒီဂြိုလ်ရဲ့ ဆွဲအားကြောင့် ကြယ်ရဲ့ တည်နေရာကို အနည်းငယ် ပြောင်းလဲ စေနိုင်ပါတယ်။ ဂြိုလ်ကို တိုက်ရိုက် မမြင်ရပေမယ့်လဲ ကြယ်ကြီး နေရာ နဲနဲလေး ပြောင်းသွားတာ ကိုတော့ ကမ္ဘာကနေ လှမ်းပြီး ထောက်လှမ်းလို့ ရပါတယ်။ ဒီရရှိတဲ့အချက်တွေကို အားကောင်းတဲ့ ကွန်ပြူတာနဲ့ တွက်ချက်ပြီး ဒီဂြိုလ်ရဲ့ ဒြပ်ထု၊ အရွယ်အစား၊ လည်ပတ်နှုန်း အစရှိတာတွေကို ပြန်တွက်ယူတဲ့ နည်းဖြစ်ပါတယ်။)

ဒီဂြိုလ်ရဲ့ အရွယ်က အရမ်းသေးတော့ ဂြိုလ်ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံနဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ ဒြပ်စင်တွေကိုတော့ လေ့လာလို့ မရပါဘူး။ ဒါပေမယ့် (၁) နေနဲ့ နီးကပ်ပြီး ရာသီဥတု ပူနွေးတာရယ် (၂) ဒြပ်ထုနဲ့ အရွယ်အစား အချိုးကို ကြည့်ပြီး တွက်ချက်ရရှိ တာတွေ အရဆို ဒီဂြိုလ်မှာ ရေ အမြောက်အများ ရှိနေမယ်လို့ သိပ္ပံ ပညာရှင်တွေက ကောက်ချက်ဆွဲကြပါတယ်။

ဒီလို ရှိနေနိုင်တဲ့ ရေကို တိုက်ရိုက် ရှာမတွေ့နိုင်ပေမယ့် လေ့လာနေတဲ့ သိပ္ပံပညာရှင်တွေကတော့ စိတ်မပျက်ကြပါဘူး။ မကြာခင် လွှင့်တင်တော့မယ့် နာဆာရဲ့ ဂျိမ်းစ်ဝက်ဘ် (NASA’s James Webb Space Telescope) အာကာသ မှန်ပြောင်းကြီးနဲ့ ဥရောပ တောင်ပိုင်း နက္ခတ်လေ့လာရေး ဌာနရဲ့ ဧရာမ မဟာမှန်ပြောင်းကြီး (Extremely Large Telescope) တွေ ကနေဆို ဒီဂြိုလ်ကို မြင်နိုင်လိမ့်မယ်လို့ ဆိုပါတယ်။ ဒါဆို ဒီဂြိုလ်မှာ အသက်ဇီဝ ရှိနေလား မရှိနေ ဘူးလား ဆိုတာ သိနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

အခု သုတေသန ရလဒ်က အနာဂတ် သုတေသနတွေရဲ့ အစပဲ ရှိပါသေးတယ်။ ကျွန်တော်တို့ လူသားတွေဟာ အခြားကမ္ဘာက သက်ရှိတွေကို ရှာဖွေနေခဲ့တာ နက္ခတ်ပညာ စတင်လေ့လာ ချိန်ကတဲကပဲ ဖြစ်ပါတယ်။ အခုတော့ အခြား ကမ္ဘာတွေက သက်ရှိတွေကို တွေ့ရှိဖို့ ခြေတစ်လှမ်း နီးစပ်လို့ လာပါပြီ” လို့ ဒီသုတေသနမှာ ပါဝင်တဲ့ University of Porto က သိပ္ပံ ပညာရှင် Olivier Demangeon ပြောကြားပါတယ်။

Reference: Scientists Say Ocean Planet in Nearby Star System Could Support Life

Advertisement