Skip to content

တရုတ်ပြည်က လကိုထိန်းချုပ်ရန် စစ်ရေးစီမံကိန်း အကောင်အထည်ဖော်နေဟု နာဆာမှ ပြောကြား

  • Space
SpaceX Moon landing mission

အမေရိကန် ပြည်ထောင်စု နာဆာ အာကာသ အေဂျင်စီရဲ့ အကြီးအကဲ ဖြစ်သူ ဘီလ်နယ်လ်ဆင် (Bill Nelson) က တရုတ်အစိုးရဟာ လကို ထိန်းချုပ် သိမ်းပိုက်နိုင်ရေးအတွက် အာကာသ စစ်ရေးစီမံကိန်း တရပ်ကို အကောင်အထည် ဖော်နေတယ်လို့ အင်တာဗျူး တစ်ခုမှာ ပြောကြား လိုက်ကြောင်း ရိုက်တာ သတင်းအရ သိရှိရ ပါတယ်။

ဒီ မှတ်ချက်ကို နာဆာ အကြီးအကဲက ဂျာမန် သတင်းစာ တစ်စောင်နဲ့ တွေ့ဆုံခန်းမှာ ပြောကြားခဲ့တာ ဖြစ်တယ်လို့ ရိုက်တာက ဆိုပါတယ်။ 

နယ်လ်ဆင်က “ကျွန်တော်တို့ အနေနဲ့ တရုတ်ပြည်က လပေါ် ဆင်းသက်ပြီးတဲ့နောက် ဒါဟာ ငါတို့ အပိုင် ဖြစ်တယ်၊ ဘယ်သူမှ မလာကြနဲ့လို့ ပြောလာမှာကို အထူးပဲ သတိထား ရမှာ ဖြစ်တယ်” လို့ ပြောခဲ့ပါတယ်။

နယ်လ်ဆင်က ဆက်ပြောရာမှာ “တရုတ်တို့ရဲ့ အာကာသ စီမံကိန်းဟာ အာကာသ စစ်ရေး စီမံကိန်း ဖြစ်တယ်” လို့ ပြောကြား ခဲ့ပါတယ်။ သူ့အဆိုအရ တရုတ်တို့ရဲ့ အာကာသ စခန်းဟာ အခြား နိုင်ငံတွေရဲ့ ဂြိုဟ်တုတွေကို ဘယ်လို ဖျက်ဆီး ပစ်ရမလဲ​ဆိုတာကို လေ့လာဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

သူက လ ရဲ့ တောင်ဝင်ရိုးစွန်းမှာ ရေရှိ နိုင်တာမို့ ဒီဒေသကို ပိုင်စိုးနိုင်ဖို့ အပြိုင်အဆိုင် ကြိုးစားနေ ကြတယ်လို့ ဆိုပါတယ်။ ဒီ တောင်ဝင်ရိုးစွန်းက ရေကို ဒုံပျံတွေ အတွက် လိုအပ်တဲ့ဟိုက်ဒြိုဂျင်နဲ့ အောက်ဆီဂျင် လောင်ဆာရည် အများအပြား ထုတ်ယူနိုင်ဖို့ အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောရေးဆိုခွင့် ရှိသူ ဇောင်လီဂျန်း (Zhao Lijian) ကတော့ နယ်လ်ဆင်ရဲ့ ပြောကြားချက်ကို အခုလို တုန့်ပြန် ခဲ့ပါတယ်။

“နာဆာ အာကာသ အေဂျင်စီရဲ့ အကြီးအကဲ တစ်ယောက်က လက်တွေ့ အချက်အလက် တွေကို ငြင်ပယ်ပြီး တရားလက်လွတ် ပြောတာဟာ ဒါဟာ ပထမဆုံး အကြိမ် မဟုတ်ပါဘူး။ ယူအက်စ် ဟာ တရုတ်ပြည်ရဲ့ သမမျှတတဲ့ သာမန် အာကာသ စွမ်းဆောင် မှုတွေနဲ့ ပတ်သက်လို့ အမြဲမပြတ် သိက္ခာချဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ တရုတ်ပြည် အနေနဲ့ ဒီလို မှတ်ချက်မျိုးကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ပါတယ်။”

အမေရိကန် ပြည်ထောင်စုဟာ တရုတ်ပြည်ကို အကြီးဆုံး ဆိုက်ဘာ အန္တရာယ် အနေနဲ့ ရှုမြင် ထားပါတယ်။ အခုတခါ မှာတော့ အမေရိကန် ပြည်ထောင်စု အနေနဲ့ တရုတ်ပြည်ကို အကြီးဆုံး အာကာသ စစ်ရေး အန္တရာယ် အနေနဲ့ ရှုမြင်လာတဲ့ သဘော ရှိပါတယ်လို့ လေ့လာသူ တွေက သုံးသပ် ကြပါတယ်။

Ref: NASA Accuses China of Running Military Space Program to Control the Moon | PC Magazine

Advertisement