Skip to content

ဘာ့ကြောင့် လထီးဆောင်း တာလဲ

  • Space
လထီးဆောင်း တာကို သိပ္ပံ နဲ့ အလွယ်တကူ ရှင်းပြနိုင် ပါတယ်

ကျွန်တော်တို့ မြန်မာတွေမှာ လထီးဆောင်းရင် ဘာဖြစ်မယ်၊ ညာဖြစ်မယ် ဆိုပြီး ပြေကြ ဆိုကြတာ ငယ်ငယ် ကတဲက ကြားဖူး ကြမှာပါ။ 

လထီးဆောင်းတယ် ဆိုတာက ညဖက် လရဲ့ ပတ်ကြာလည်မှာ စက်ဝိုင်းပုံ စက်ကွင်း ဖြစ်လာတာကို ခေါ်တာ ဖြစ်ပါတယ်။ လ က ထီးဆောင်း ထားသလိုမို့ လထီးဆောင်းတယ်လို့ ခေါ်တာ ဖြစ်ပါတယ်။

လထီးဆောင်း တာနဲ့ ပါတ်သက်လို့ သိပ္ပံ အမြင်ကရော ဘယ်လို ရှိမလဲ။

လထီးဆောင်း တာကို အနောက်တိုင်း သိပ္ပံက “Lunar halo” လို့ ခေါ်ပါတယ်။ လထီးဆောင်းခြင်း ဖြစ်ရတာဟာ လက လာတဲ့ အလင်းရောင်ကို လေထု အပေါ်ပိုင်းမှာ ရှီတဲ့ ရေခဲမှုန် လေးတွေက အလင်းပြန် လိုက်လို့ ကွင်းအဝိုင်း ပုံလေး ဖြစ်လာရတာ ဖြစ်ပါတယ်။

ဥရောပ နက္ခတ်လေ့လာရေး ဌာန နဲ့ La Silla နက္ခတ်မျှော်စင် ပေါ်က ကောင်းကင်မှာ ပေါ်နေတဲ့လထီးဆောင်း ပုံရိပ် (Credit: ESO/Y. Beletsky (LCO))

ကမ္ဘာ့ မျက်နှာပြင်က အမြင့် ပေ ၂၀,၀၀၀ ခန့်မှာ Cirrus Clouds လို့ ခေါ်တဲ့ တိမ်ဖြူ နုနု လေးတွေ ရှိကြပါတယ်။ ငှက်မွေးနု လေးတွေလို၊ ဝါဂွမ်းမျှင် လေးတွေကို အဖတ်အဖတ်လေး ဖြစ်နေတဲ့ ဒီ တိမ်ညွန့် လေးတွေ အထဲမှာ ရေခဲမှုန် လေးတွေ ရှိကြပါတယ်။

လက အလင်းက ဒီ ရေခဲမှုန် လေးတွေ ကြားက ဖြတ်လာတဲ့ အချိန်မှာ အလင်းဟာ ယိုင်သွားပါတယ်။ ဒီလို အလင်း ယိုင်သွားတာကြောင့် လရဲ့ ပါတ်လည်မှာ ကွင်းလေး ပေါ်လာ သလိုမျိုး ကမ္ဘာမြေ ပေါ်က ကြည့်တော့ မြင်ရတာ ဖြစ်ပါတယ်။ ဘာနဲ့ တူလဲ ဆိုတော့ အလင်းရောင်ကို တည်တည့် ချိန်ပြီး ဓါတ်ပုံရိုက်ရင် ဒီ ဓါတ်ပုံထဲမှာ ကွင်းလေး ပေါ်လာတဲ့ သဘောပါပဲ။

လထီးဆောင်း ခြင်းကို ဖြစ်စေတဲ့ Cirrus တိမ်တိုက်များ (Credit: Wikipedia)

ရေခဲ ခရစ်စတယ် တွေရဲ့ ပုံသဏ္ဍာန်ဟာ ၆ မြှောင့်ပုံ (hexagonal) ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီ လထီးဆောင်းတဲ့ ကွင်းအားလုံးဟာ အရွယ်အစား အတူတူပဲ ဖြစ်ကြပါတယ်။ ကမ္ဘာမြေက ကြည့်ရင် ဒီ ကွင်းရဲ့ အချင်းဟာ ၂၂ ဒီဂရီ ထောင့်ချိုး ဖြစ်နေတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။

တခါတရံမှာ ဆိုရင် လထီးနှစ်ထပ် ဆောင်းတာကို မြင်ရ နိုင်ပါတယ်။ ဒီလို အခါမျိုး မှာဆ်ို အပြင်က ဒုတိယ ကွင်းရဲ့ အချင်းဟာ ၄၄ ဒီဂရီ အကျယ် ရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ကနေဒါ နိုင်ငံ မနီတိုဘာ ဒေသ ကောင်းကင်မှာ ဖြစ်ပေါ်ခဲ့တဲ့ လထီးဆောင်းခြင်း (Image Credit & Copyright: Brent Mckean)

မိုးလေဝေသ ခန့်မှန်းချက် အနေနဲ့ ဆိုရင် ဒီလို လထီးဆောင်းတဲ့ တိမ်လွှာလေးတွေ တွေ့ရပြီး ၁-၂ ရက် အကြာမှာ ရာသီဥတု ပူနွေး လာတတ်တယ်လို့ ဆိုပါတယ်။ အချို့ အရပ် ဒေသ တွေမှာဆို လထီးဆောင်းပြီး ရက်အနည်းငယ် အကြာမှာ လေပြင်း မုန်တိုင်း တိုက်ခတ်တာမျိုး ကြုံကြရ ပါတယ်။

လထီးဆောင်း တာဟာ သဘာဝလွန် ဖြစ်ရပ် တစ်ခု မဟုတ်ပဲ သိပ္ပံ နည်းကျ ဖြေရှင်းနိုင်တဲ့ သဘာဝ ဖြစ်ရပ် တစ်ခုသာ ဖြစ်ကြောင်း တင်ပြ လိုက်ရပါတယ်။

လသာမက နေ မှာလဲ​ နေထီးဆောင်းခြင်း ဖြစ်နိုင်ပါတယ် (Credit: Patrick Loob via Wikipedia)

— မောင်သူရ —

Reference: What causes a ring or halo around the Moon? | Sky and Night Magazine

Advertisement