Skip to content

အခြား ကမ္ဘာတွေကို ရှာဖွေပေးမယ့် ဂျိမ်းစ်ဝက်ဘ်

  • Space
James Webb Space Telescope

မကြာသေးမီ ကမှ အောင်မြင်စွာ လွှတ်တင်လိုက်တဲ့ ဂျိမ်းစ်ဝက်ဘ် တယ်လီ စကုပ်ကြီနဲ့ ပါတ်သက်ရင် စကြာဝဠာရဲ အစဦးကို လေ့လာဖို့ ဆိုတဲ့ ကိစ္စ က လူသိ များပါတယ်။ ဒါပေမယ့် နေ အဖွဲ့အစည်း ပြင်ပက ဂြိုဟ်တွေကို အသေးစိတ် စူးစမ်း လေ့လာဖို့ ဆိုတဲ့ သုတေသန ရည်မှန်းချက် ကလဲ​ဂျိမ်းစ်ဝက်ဘ် ရဲ့ ပင်မ ရည်မှန်းချက် တစ်ခု ဖြစ်နေပါတယ်။

ဒီတော့ ဂျိမ်းစ်ဝက်ဘ် ဟာ အခြား ကြယ်တွေကို လှည့်ပတ်နေတဲ့ ဂြိုဟ်တွေကို ဘယ်လို လေ့လာ ကြည့်ရှုမလဲ၊ ဘာ သုတေသန တွေ လုပ်ဖို့ ရည်ရွယ် ထားသလဲ ဆိုတာကို ကြည့်လိုက်ကြ ရအောင်ပါ။

ဂြိုဟ်အမျိုးအစားစုံကို လေ့လာမယ်

လွန်ခဲ့တဲ့ နှစ် ပေါင်း ၃၀ အတွင်းမှာ နက္ခတ် ပညာရှင် တွေဟာ နေအဖွဲ့ အစည်း ပြင်ပက exoplanet ခေါ် ပြင်ပဂြိုဟ် ပေါင်း ၅,၀၀၀ ကျော်ကို ရှာဖွေ ပေးနိုင်ခဲ့ပါတယ်။ ဒီ ဂြိုဟ်တွေဟာ အရွယ်အစား အမျိုးမျိုး၊ အပူချိန် အမျိုးမျိုး၊ ဒြပ်ထု ပမာဏ အမျိုးမျိုးနဲ့ ဖွဲစည်း တည်ဆောက်ပုံ အမျိုးမျို ရှိကြပါတယ်။ သူတို့ ပတ်နေတဲ့ ကြယ်တွေ ကလဲ အမျိုးအစား စုံလင် လှပါတယ်။

ဒီတော့ ဂျိမ်းစ်ဝက်ဘ် လေ့လာရမယ့် ဂြိုဟ် အမျိုးအစား ကလဲ​ အတော်လေး အမျိုးအစား စုံလင် လှပါတယ်။ 

ဂျိမ်းစ်ဝက်ဘ် ရဲ့ ပြင်ပဂြိုဟ် လေ့လာရေး စီမံကိန်း ရဲ့ ဒုတိယ စီမံကိန်း မန်နေဂျာ Knicole Colón ကတော့ ဒီ မှန်ပြောင်း ကြီးရဲ့ အင်ဖရာရက် အနီအောက် ရောင်ခြည် အာရုံခံ ကိရိယာ တွေနဲ့ အားကောင်းတဲ့ မှန်ပြောင်းတွေ ဟာ ဒီ ဂြိုဟ်တွေနဲ့ ပါတ်သက်ပြီး ပညာရှင် တွေရဲ့ သိနားလည်မှုကို ပြောင်းလဲ ပစ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဂြိုဟ်တွေကို လေ့လာရာမှာတော့ Transit technique ခေါ်တဲ့ ဖြတ်သန်းချိန် တိုင်းထွာမှု နည်းပညာကို အသုံးပြု သွားမှာ ဖြစ်ပါတယ်။ ဒီ နည်းက ကြယ်ရဲ့ အရှေ့ကနေ ဂြိုဟ် ဖြတ်သွားတဲ့ အချိန်မှာ ကြယ်ရဲ့ အလင်းရောင် အနည်းငယ် အားဖြော့ သွားတာကို အခြေခံပြီး တိုင်းထွာ တွက်ချက်တဲ့ နည်းလမ်း ဖြစ်ပါတယ်။

James Webb Space Telescope (Photo: NASA)

နောက်ပြီး အရွယ် နုငယ်တဲ့ ဧရာမ ဓါတ်ငွေ့ ဂြိုဟ်ကြီး တွေကို လည်း တိုက်ရိုက် ဓါတ်ပုံ ရိုက်ကူးတဲ့ နည်းလမ်းနဲ့ လေ့လာမှာ ဖြစ်ပါတယ်။ ဒီလို တိုက်ရိုက် ဓါတ်ပုံ ရိုက်ကူးနည်းကို ဂြိုဟ်တွေတင် မက ဂြိုဟ်သစ်တွေ ဖန်တီးနေတဲ့ ကြယ်တွေကို ဓါတ်ပုံရိုက်ကူး ရာမှာလည်း အသုံးပြု သွားမှာ ဖြစ်ပါတယ်။

အခြား ဂြိုဟ်တွေပေါ်က အလင်းရောင်နဲ့ အပူကို ရှာမယ်

ဂျိမ်စ်ဝက်ဘ် တယ်လီစကုပ် ကြီးရဲ့ အရေးပါတဲ့ လုပ်ငန်းစဉ် တစ်ခု ကတော့ နေအဖွဲ့အစည်း ပြင်ပက ဂြိုဟ်တွေရဲ့ ပတ်လမ်းတွေကို လေ့လာရေးပဲ ဖြစ်ပါတယ်။ ဒီ ကိစ္စက အရေး ပါပါတယ်။ ဘာလို့လဲ ဆိုတော့ ဒီ ပတ်လမ်းနဲ့ ပါတ်သက်တဲ့ အချက်အလက် တွေကနေပြီး သက်ဆိုင်ရာ ဂြိုဟ်ရဲ့ လေထု ဖွဲ့စည်းပုံနဲ့  လေထုတွင်းက လှုပ်ရှားမှု ဖြစ်စဉ် တွေကို တွက်ချက် နိုင်တာမို့ ဖြစ်ပါတယ်။

ဂျိမ်းစ်ဝက်ဘ် က ပထမဆုံး လေ့လာမယ့် ပြင်ပဂြိုဟ် တွေထဲမှာ ဓါတ်ငွေ့ ဂြိုဟ်ကြီး ဖြစ်တဲ့ HD 80606 လဲ အပါအဝင် ဖြစ်ပါတယ်။ ဒီ ဂြိုဟ်ရဲ့ ပါတ်လမ်းဟာ စက်ဝိုင်းပုံ မဖြစ်ပဲ ဘဲဥပုံ ထင်ထင်ရှားရှား ဖြစ်နေတာပါ။ နောက်ပြီး သူ့ မိခင် ကြယ်ကို တစ်ပတ်ပတ်ဖို့ ကြာချိန်ကလဲ ၁၁၁ ရက်တောင်မှ ကြာမြင့် ပါတယ်။ 

ပြီးတော့ သူ့မိခင် ကြယ်ဆီကနေ ရတဲ့ စွမ်းအင် ပမာဏ ကလဲ မိခင်ကြယ်နဲ့ အကွာအဝေးပေါ် မူတည်ပြီး ပြောင်းလဲ နေပါတယ်။ အချို့ အချိန်တွေမှာ ဒီဂြိုဟ်က လက်ခံ ရရှိတဲ့ စွမ်းအင် ပမာဏဟာ ကမ္ဘာက နေဆီကနေ ရတဲ့ စွမ်းအင် ပမာဏ နဲ့ တူညီတဲ့ ပမာဏ ကို ရရှိ ပါတယ်။ ဒါပေမယ့် အချို့ အချိန် တွေမှာ ရရှိတဲ့ စွမ်းအင် ပမာဏ ကတော့ ကမ္ဘာက နေဆီက ရတဲ့ စွမ်းအင် ပမာဏ ထက် အဆပေါင်း ၉၅၀ ထိတောင်မှ များနိုင်တယ်လို့ တွက်ဆ ကြပါတယ်။

Kepler 186f ဂြိုဟ်ဟာ habitable zone ခေါ် သက်ရှိတွေ အသက်ရှင်နိုင်တဲ့ ရပ်ဝန်းမှာ ပထမဆုံး ရှာဖွေ တွေ့ရှိခဲ့တဲ့ ဂြိုလ်ဖြစ်ပါတယ်။ ဒီဂြိုဟ်ပေါ်မှာ ရေ ရှိနေနိုင်တယ်လို့ သိပ္ပံ ပညာရှင် တွေက ယူဆပါတယ်။ (Credits: NASA Ames/SETI Institute/JPL-Caltech)

ဒီလို မိခင်ကြယ်ကနေ စွမ်းအင် ရရှိမှု ပမာဏ ကြီးမားတဲ့ ကွာခြားချက် ရှိနေခြင်းရဲ့ အကျိုးဆက် ကတော့ ဒီ ဂြိုဟ်ရဲ့ လေထု အပူချိန်ဟာ ရာသီဥတု ပေါ် မူတည်ပြီး အရမ်းကို ကွာခြား တာပဲ ဖြစ်ပါတယ်။ (နေနဲ့ ဝေးတဲ့ အချိန် အပူချိန် လျော့သွားပြီး နေနဲ့ နီးလာတဲ့ အချိန်မှာ အရမ်း ပူလာပါတယ်။)

ဒီလို အပူအအေး ကွာခြားချက် များလွန်းတဲ့ အတွက် ဂြိဟ်ရဲ့ လေထုထဲမှာ တိမ်တွေဟာ လျင်မြန်စွာ ဖြစ်ပေါ် ပြောင်းလဲ နေမယ်လို့ ပညာရှင် တွေက တွက်ဆ ကြပါတယ်။ နာဆာရဲ့ သုတေသီ တွေဟာ ဒီ ဂြိဟ်ပေါ်က တိမ်တွေရဲ့ ဖြစ်ပေါ် ပြောင်းလဲ မှုတွေကို လေ့လာကြမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဝက်ဘ် ပေါ်မှာ တပ်ဆင် ထားတဲ့ အပူ အာရုံခံ ကိရိယာ တွေကို အသုံးပြုပြီး တော့လဲ သူ့ဆီက ထွက်လာမယ့် အပူ ဖြာထွက် မှုကို တိုက်ရိုက် တိုင်းတာမှာ ဖြစ်ပါတယ်။

Earth 2.0 ကို ရှာဖွေပေးမယ်

ဂျိမ်စ်ဝက်ဘ် သူ့ရဲ့ ပထမဆုံး နှစ်အတွင်းမှာ နောက်ထပ် ရှာဖွေ လေ့လာမယ့် ပြင်ပဂြိုဟ်တွေဟာ အဓိက အားဖြင့် M Dwarf လို့ ခေါ်တဲ့ ကြယ်ပု လေးတွေကို ပတ်နေကြတဲ့ ဂြိုဟ်တွေပဲ ဖြစ်ပါတယ်။ 

ဒီ ဂြိုဟ်တွေဟာ အရွယ် အစား အားဖြင့် သေးငယ် ကြပါတယ်။ သူတို့ ပတ်နေတဲ့ ကြယ်တွေကလဲ အရွယ်အစား သေးငယ်ပြီး နေထက် အပူချိန်လဲ လျှော့နည်း ကြပါတယ်။

ဒီ လို ပြင်ပဂြိုဟ် လေထု လေ့လာရေး ကနေ ဒီ လေထု ထဲမှာ အသက်ဇီဝ ဖြစ်ပေါ်မှုနဲ့ သက်ဆိုင်တဲ့ မော်လီကျူး တွေ ဖွဲ့စည်း ပါဝင်မှု ရှိမရှိ ကိုလဲ ရှာဖွေ လေ့လာ  နိုင်ကြမှာ ဖြစ်ပါတယ်။ ဒီ မော်လီကျူး တွေကို ဥပမာ ပေးရရင် မိသိန်း ဓါတ်ငွေ့၊ ကာဗွန်ဒိုင် အောက်ဆိုဒ် နဲ့ ရေ တို့ အပါအဝင် ဖြစ်ပါတယ်။ 

 M Dwarf ကြယ်ပု တွေဟာ အရွယ် အစား သေးငယ်ပေမယ့် နေနဲ့ ယှဉ်ရင် ပိုပြီး လှုပ်ရှားမှု ပိုများပါတယ်။ မကြာခန ဆိုသလိုပဲ ကြီးမားတဲ့ မီးတောက် ကြီးတွေ အာကာသထဲ မှုတ်ထုတ် တတ်ကြပါတယ်။ ဒီလို အခြေအနေမှာ သူ့နား ရှိတဲ့ ဂြိုဟ်တွေ ပေါ်မှာ အသက်ဇီဝ ဖြစ်ထွန်း ရှင်သန် နိုင်ဖို့ ဆိုတာကတော့ အတော်လေး ခက်ခဲတဲ့ အနေအထား တစ်ခု ဖြစ်နေပါတယ်။

ဒီလို ကြီးမားတဲ့  ကြယ်မီးတောက် ကြီးတွေနဲ့ ရေဒီယို သတ္တိကြွ လှိုင်းတွေဟာ ဒီကြယ်တွေကို ပတ်နေတဲ့  ဂြိုဟ်တွေရဲ့ လေထုကို အာကာသထဲ လွင့်ထွက် သွားအောင် မှုတ်ထုတ် ပစ်လိုက်နိုင်စွမ်း ရှိကြပါတယ်။ 

ဆိုလိုတာက ဒီ ကြယ်ပု တွေကို ပတ်နေတဲ့ အချို့သော ဂြိုဟ်တွေမှာ အခုလို ဘေးဆိုး မကျရောက်မီ တိချိန်တုန်းက သက်ရှိတွေ မှီတင် နေထိုင်ခဲ့တာမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

ဂျိမ်းဝက်ဘ် နဲ့ ပါတ်သက်ပြီး ကျွန်တော်တို့ မျှော်လင့်နိုင်တာ တစ်ခု ကတော့ သူဟာ ကမ္ဘာ့ လူသားတွေ တချိန်ချိန်မှာ အခြေချ နေထိုင် နိုင်မယ့် Earth 2.0 ကမ္ဘာသစ် တစ်ခု ကို ရှာဖွေ ပေးနိုင်ကောင်း ပေးနိုင် လိမ့်မယ် ဆိုတာပဲ ဖြစ်ပါတယ်။

Ref: The James Webb Space Telescope will give us our first true image of alien worlds | The Interesting Engineering

Advertisement