Skip to content

ဂျိမ်းစ်ဝက်ဘ် က ရိုက်ပို့လိုက်တဲ့ လှည်းဘီးပုံ ဂလက်ဆီကြီး

  • Space
Cart Wheel Galaxy James Webb

ဂျိမ်းစ်ဝက်ဘ် တယ်လီစကုပ် ကြီးကနေ နောက်ဆုံး ပေးပို့လိုက်တဲ့ ဓါတ်ပုံတွေ ထဲမှာ လှပတဲ့ လှည်းဘီးပုံ ဂလက်ဆီ ကြီး တစ်ခုရဲ့ ဓါတ်ပုံလဲ​ပါဝင်ပါတယ်။ 

ဒီ ဂလက်ဆီ ကြီးရဲ့ ဓါတ်ပုံကို ထူထပ်တဲ့ ဓါတ်ငွေ့နဲ့ ဖုန်မှုန့် တိမ်တိုက်ကြီးကို ဖြတ်ပြီး ရိုက်ကူး ထားခဲ့တာ ဖြစ်ပါတယ်။ အဝေးက ဖုန်မှုန့် တိမ်တိုက်ကြီးရဲ့ နောက်ဖက်က ဂလက်ဆီ တစ်ခုရဲ့ ဓါတ်ပုံကို ကြည်လင်ပြတ်သားစွာ ရိုက်ယူ နိုင်ခဲ့တာဟာ ဂျိမ်းစ်ဝက်ဘ် ရဲ့ စွမ်းဆောင်ရည် ကို ပြသ နေတာပဲ ဖြစ်ပါတယ်။

ဒီ ဂလက်ဆီဟာ ကမ္ဘာက နေဆို အလင်းနှစ် သန်း ၅၀၀ လောက် ကွာဝေးတဲ့ နေရာမှာ တည်ရှိပါတယ်။ ဒီလို လှည်းဘီးပုံ ဖြစ်လာ ရတာဟာ မူလက ဂလက်ဆီ နှစ်ခု တိုက်မိရာက ဒီပုံ ဖြစ်လာရတာ ဖြစ်ပါတယ်။

ဂလက်ဆီ နှစ်ခု တိုက်မိတဲ့ အချိန်က တိုက်မိတဲ့ အရှိန်ကြောင့် ကြယ်တွေ၊ ဓါတ်ငွေ့ တိမ်တိုက်တွေနဲ့ ဖုန်မှုန့်တွေဟာ ဂလက်ဆီရဲ့ ဗဟိုကနေ အပြင်ကို ကွင်း နှစ်ကွင်း အဖြစ် ပြန့်ထွက် သွားခဲ့ပါတယ်။ 

လှည်းဘီးပုံ cartwheel galaxy ကို မြင်တွေ့ရပုံ။ သူ့ရဲ့ ဘယ်ဖက်မှာ သူနဲ့ အရွယ်တူ ဂလက်ဆီ နှစ်ခုကိုလဲ မြင်တွေ့ နိုင်ပါတယ်။ Credits: NASA, ESA, CSA, STScI

ဒါဟာ ဘာနဲ့ တူလဲ ဆိုတော့ တည်ငြိမ်တဲ့ ရေကန်ထဲကို ကျောက်တုံး တစ်တုံး ပစ်ချလိုက်တဲ့ အခါ လှိုင်းတွေ စက်ဝိုင်းပုံ ပြန့်ကား ထွက်သွားတာနဲ့ အလားတူ ပါတယ်။

အတွင်းက အဖြူရောင် ကွင်းကလေးဟာ ဂလက်ဆီရဲ့ ဗဟိုနဲ့ ကပ်ပြီး တည်ရှိ နေပါတယ်။ အပြင်ဖက်က ကွင်းကတော့ တိုက်မိခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်သန်း ၄၄၀ လောက် အကြာကနေ အခု အချိန်အထိ အာကာသ ထဲကို တဖြည်းဖြည်း ပြန့်ကား ထွက်နေ ခဲ့ပါတယ်။ 

ဒီ အပြင်ဖက်က ကွင်း ပြန့်ထွက် လာရင်းနဲ့ ကြားမှာ ရှိနေတဲ့ ဓါတ်ငွေ့ တိမ်တိုက် တွေနဲ့လဲ တိုက်မိ ခဲ့ကြပါတယ်။ ဒီလို တိုက်မိရာက နေလဲ ကြယ်သစ်တွေ အမြောက်အများ မွေးဖွား ပေးခဲ့ပါတယ်။

အရင် ဟတ်ဘယ် တယ်လီစကုပ် (Hubble Space Telescope) ကြီးကနေလဲ အခြား ကွင်းပုံ ဂလက်ဆီ တစ်ခုရဲ့ ဓါတ်ပုံကို ရိုက်ယူ ခဲ့ပါသေးတယ်။ အဲ့သည် ဂလက်ဆီ ဟာလဲ အရင်က ကျွန်တော်တို့ရဲ့ မစ်ကီးဝေး လိုပဲ ခရုပတ်ပုံ ရှိခဲ့ရာက အခြား ဂလက်ဆီ အသေးလေး တစ်ခုနဲ့ တိုက်မိပြီး ကွင်းပုံ ဖြစ်လာတယ်လို့ ယူဆ ခဲ့ကြပါတယ်။

James Webb ရဲ့ Mid Infrared ကင်မရာနဲ့ ရိုက်ကူးထားတဲ့ပုံ ဖြစ်ပါတယ်။ Credits: NASA, ESA, CSA, STScI, Webb ERO Production Team

၂၀၂၁ ခုနှစ် ဒီဇင်ဘာက လွှတ်တင် ခဲ့တဲ့ ဂျိမ်းစ်ဝက်ဘ် တယ်လီစကုပ် ကြီးရဲ့ မြင်နိုင်အားက ဟတ်ဘယ်လ် ထက် ပိုပါတယ်။ နောက်ပြီး ဂျိမ်းစ်ဝက်ဘ် တယ်လီစကုပ် ကြီးဟာ အနီအောက် ရောင်ခြည်မှာ မြင်နိုင်တာမို့ ဖုန်မှုန့် တိမ်တိုက်တွေရဲ့ နောက်ဖက်က ဂလက်ဆီ တွေကို အဆီးအတား မရှိ ဓါတ်ပုံ ရိုက်ယူ နိုင်တာ ဖြစ်ပါတယ်။

အခု တွေ့ရှိချက် ကနေ ကြယ်သစ်တွေ မွေးဖွားတဲ့ ဖြစ်စဉ်ကို အသေးစိတ် လေ့လာ နိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး ဒီ ဂလက်ဆီရဲ့​ဗဟိုက ဧရာမ မဟာ တွင်းနက်ကြီး (supermassive galaxy) ကြီးရဲ့ အမူအကျင့် တွေကိုလဲ လေ့လာနိုင်မယ်လို့ မျှော်လင့် ရပါတယ်။

နောက်ပြီး ဂလက်ဆီ တွေ့ရဲ့ အတွင်းက ဟိုက်ဒြိုကာဗွန် ဒြပ်ပေါင်းတွေ အမြောက်အများ ရှိတဲ့ ဒေသတွေ ကိုလဲ ရှာဖွေ ဖော်ထုတ် ပေးနိုင်မှာ ဖြစ်ပါတယ်။ 

နာဆာ ပညာရှင် တွေရဲ့ အဆိုအရ အခု လှည်းဘီးပုံ ဂလက်ဆီဟာ ဂလက်ဆီ နှစ်ခု တိုက်မိပြီး တဲ့နောက် တည်ငြိမ်မှု မရှိသေးတဲ့ ကြားကာလ အတွင်းမှာပဲ ရှိသေးတယ်လို့ ဆိုပါတယ်။ 

နာဆာရဲ့ အဆိုအရ ဂျိမ်းစ်ဝက်ဘ် ဟာ ဒီ လှည်းဘီး ဂလက်ဆီရဲ့ လက်ရှိ အခြေအနေ တွေကို ဖော်ပြပေး ရုံတင် မကဘူး အရင် အတိတ်က ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေနဲ့ အနာဂတ်မှာ ဘယ်လို ပြောင်းလဲ လာမလဲ ဆိုတာ တွေကိုလဲ ဖော်ပြ နေတယ်လို့ ဆိုပါတယ်။

Ref: Webb telescope captures colorful Cartwheel Galaxy | Phys

Advertisement