Skip to content

ဂျိမ်းစ်ဝက်ဘ် နှင့် ဟတ်ဘယ် ပုံများ နှိုင်းယှဉ်ချက်

  • Space
Carina Nebula (Hubble vs. James Webb)

ဂျိမ်းစ်ဝက်ဘ်က ရိုက်ကူးထားတဲ့ ကြည်လင်ပြတ်သားတဲ့ ဓါတ်ပုံတွေကို မနေ့က နာဆာကနေ ထုတ်ပြ ခဲ့ပါတယ်။ ဒီ ဓါတ်ပုံတွေဟာ နက္ခတ် ပညာရှင် တွေနဲ့ စိတ်ဝင်စား သူတွေ အံ့အား သင့်လောက်အောင် ကြည်လင် ပြတ်သား နေတာကို တွေ့ကြရ ပါတယ်။

ဂျိမ်းစ်ဝက်ဘ် စီမံကိန်းမှာ ပါဝင်တဲ့ ပညာရှင်တွေ ကိုယ်နှိုက်တောင်မှ ဒီပုံတွေ မြင်တဲ့ အချိန်မှာ အံ့ဩတကြီး ဖြစ်သွား ကြရတယ်လို့ သတင်းထောက် တွေကို ထုတ်ဖေါ် ပြောကြား ကြပါတယ်။

ဂျိမ်းစ်ဝက်ဘ် ကနေ ရိုက်ကူး ပေးပို့လိုက်တဲ့ ဓါတ်ပုံတွေမှာ ယခင်က မမြင်တွေ့ခဲ့ ကြတဲ့ ကြယ်တွေ ဂြိုဟ်တွေ အမြောက်အများကို ကြည်လင် တောက်ပစွာ တွေ့မြင် ကြရပါတယ်။

ယခင်က မမြင်တွေ့ နိုင်တဲ့ အလွန် ဝေးကွာတဲ့ အကွာအဝေးက မှေးမှိန်နေတဲ့ ဂလက်ဆီ တွေကိုတောင် ထင်ထင်ရှားရှား တွေ့မြင် ကြရတာ ဖြစ်ပါတယ်။

ဒီ့မတိုင်မီက ဒီလို ဓါတ်ပုံ မျိုးတွေကို ဟတ်ဘယ် အာကာသ မှန်ပြောင်းကြီး (Hubble Space Telescope) ကနေပဲ ရိုက်ကူး ပေးပို့ နိုင်ခဲ့ပါတယ်။

ဒီ ဟတ်ဘယ် တယ်လီစကုပ် ကြီးကို ၁၉၉၀ ခုနှစ်က လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့သည် အချိန်က စလို့ ယခုအထိ စကြာဝဠာရဲ့ ဓါတ်ပုံ အမြောက်အများကို ဟတ်ဘယ်က ရိုက်ကူး ပေးပို့ နိုင်ခဲ့ပါတယ်။

ဒါဆို မေးစရာ ရှိလာတာက ဂျိမ်းစ်ဝက်ဘ် ဟာ တကယ်ပဲ ဟတ်ဘယ်လ် ထက် သိသိသာသာ သာလွန် သလား ဆိုတာပဲ ဖြစ်ပါတယ်။

ဂျိမ်းစ်ဝက်ဘ် ကို အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံ အကုန်ကျ ခံပြီး ၂၅ နှစ်လောက် ကြာအောင် တည်ဆောက် ခဲ့ရတာပါ။ ဒီတော့ အခု ရလာတဲ့ ဓါတ်ပုံတွေဟာ ဒီလောက် အချိန်၊ ငွေကြေး အကုန်ခံ ထားရတာနဲ့ တန်ရဲ့လား ဆိုတာပဲ ဖြစ်ပါတယ်။

ဒီမေးခွန်းကို ဖြေနိုင်ဖို့ ဟတ်ဘယ်လ် က ရိုက်ကူးထားတဲ့ ပုံတွေနဲ့ ဂျိမ်းစ်ဝက်ဘ် က ရိုက်ကူးထားတဲ့ ပုံတွေ ယှဉ်ကြည့် လိုက်ကြ ရအောင်ပါ။

နာဆာက ပထမဆုံး ထုတ်ပြန်ခဲ့တဲ့ ဂျိမ်းစ်ဝက်ဘ် ရဲ့ ဓါတ်ပုံနဲ့ ဟတ်ဘယ်လ်က ရိုက်ကူးထားတဲ့ ဒီဒေသ ဓါတ်ပုံ နှစ်ပုံကို အောက်မှာ နှိုင်းယှဉ်ပြီး ပြထားပါတယ်။

ဟတ်ဘယ်လ်ရဲ့ စကြာဝဠာ တွင်း အနက်ရှိုင်းဆုံး ဓါတ်ပုံ | Image: NASA, ESA, G. Illingworth, D. Magee, and P. Oesch (University of California, Santa Cruz), R. Bouwens (Leiden University), and the HUDF09 Team
James Webb ရဲ့ ပထမဆုံး ဓါတ်ပုံ (Image credit: NASA, ESA, CSA, and STScI)

ဒီပုံမှာ ထင်ထင်ရှားရှား မြင်ရတဲ့ အတိုင်းပဲ ဂျိမ်းစ်ဝက်ဘ် က ပေးပို့တဲ့ ဓါတ်ပုံမှာ ဂလက်ဆီ တွေကို အလွန် ထင်ရှား ပြတ်သားစွာ တွေ့မြင် ကြရမှာ ဖြစ်ပါတယ်။ ဟတ်ဘယ်မှာတော့ ဒီ ဂလက်ဆီ တွေကို မှိန်ပြပြ ပဲ တွေ့ကြရ ပါတယ်။

နောက်ပြီး ဟတ်ဘယ်လ်မှာ မပေါ်တဲ့ ဂလက်ဆီ အများအပြား ကိုလဲ ဂျိမ်းစ်ဝက်ဘ်မှာ ကြည်လင် တောက်ပစွာ မြင်ကြရ ပါတယ်။

အောက်က ပုံကတော့ Southern Ring Nebula ပုံကို ဟတ်ဘယ် နဲ့ ဂျိမ်းစ်ဝက်ဘ် က ပေးပို့တဲ့ ပုံနှစ်ခု ယှဉ်ပြထားတာ ဖြစ်ပါတယ်။

Southern Ring Nebula (Hubble) ပုံမှာ ဓါတ်ငွေ့ ကွင်းတွေကို ခပ်ဝါးဝါးပဲ မြင်ရပါတယ် | Image: STScI/AURA/NASA/ESA
Southern Ring Nebula (James Webb) က ပုံမှာ အလယ်က ကြယ်နှစ်လုံးပူးကို (မြှားပြထား) ထင်ထင်ရှားရှား မြင်ရပါတယ် | Image: NASA, ESA, CSA, and STScI

ဂျိမ်းစ်ဝက်ဘ်က ပုံမှာ ဓါတ်ငွေ့ တိမ်တိုက် ကွင်းတွေကို အထင်အရှား မြင်ကြရပါတယ်။ ဒါ့အပြင် ဒီ နက်ဗြူလာရဲ့ ဗဟိုက ကြယ် အမွှာပူး ကိုလဲ​ထင်ထင်ရှားရှား မြင်တွေ့ နိုင်ပါတယ်။

ဂလက်ဆီ ၅ ခုတွဲ ပုံကို လဲ​ယှဉ်တွဲပြီး ကြည့်နိုင်ပါတယ်။

ဒီ ပုံမှာ ဂျိမ်းစ်ဝက်ဘ် ရဲ့ ပုံမှာ ဟတ်ဘယ်လ်မှာ မတွေ့ရတဲ့ နောက်ခံ ဂလက်ဆီ အများအပြားကို တွေ့ကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရှေ့ပိုင်းက ဂလက်ဆီ တွေရဲ့ ပုံကိုလဲ ဂျိမ်းစ်ဝက်ဘ်မှာ ပိုမို ကြည်လင်စွာ တွေ့ကြရ ပါတယ်။

နောက်ပြီး ဂျိမ်းစ်ဝက်ဘ် က ပုံမှာ ဂလက်ဆီတွေ ပေါင်းမိရာက ဖြစ်ပေါ်လာတဲ့ ဓါတ်ငွေ့ တိမ်တိုက် ကြီးထဲမှာ အသစ် မွေးဖွားနေတဲ့ ကြယ်တွေကို အထင်အရှုား မြင်တွေ့ ကြရပါတယ်။ ဒါပေမယ့် ဟတ်ဘယ်မှာတော့ ဒီ ကြယ်သစ်တွေကို တွေ့မြင်ရခြင်း မရှိပါဘူး။

ဟတ်ဘယ်ရဲ့ ဂလက်ဆီ ၅ လုံးပူးပုံ | Image: NASA, ESA, and the Hubble SM4 ERO
James Webb ရဲ့ ဂလက်ဆီ ၅ လုံးပူးမှာ နောက်ခံ ဂလက်ဆီတွေ ကြည်လင်စွာ မြင်ရသလို ကြယ်သစ်တွေ ဖြစ်ပေါ်နေတဲ့ အရပ် (မြှားပြထား) ကိုလဲ ထင်ရှုားစွာ တွေ့ကြရ ပါတယ် | Image: NASA, ESA, CSA, STScI

ကရီနာ နက်ဗြူလာ ကြီးရဲ့ ဓါတ်ပုံကိုလဲ အောက်မှာ ယှဉ်တွဲ ပြထား ပါတယ်။ ဘယ်ဖက်က ဟတ်ဘယ်က ရိုက်ထားတဲ့ ပုံမှာ တိမ်တိုက်တွေကို သိပ်ပြီး ကြည်လင်ပြတ်သားစွာ မတွေ့ရ ပေမယ့် ညာဖက်က ဂျိမ်းစ်ဝက်ဘ်ရဲ့ ဓါတ်ပုံမှာတော့ တိမ်တိုက်တွေကို အသေးစိတ် ကြည်လင်စွာ တွေ့ကြရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဟတ်ဘယ်လ်မှာ မတွေ့ရတဲ့ ကြယ်သစ် အမြောက်အများ ကိုလဲ​ဂျိမ်းစ်ဝက်ဘ်ရဲ့ ဓါတ်ပုံမှာ အထင်အရှား ကြည်လင် ပြတ်သားစွာ တွေ့ကြရမှာ ဖြစ်ပါတယ်။

ဟတ်ဘယ်လ် က ရိုက်ကူးထားတဲ့ ကရီနာ နက်ဗြူလာပုံ | Image: NASA, ESA, and The Hubble Heritage Team (STScI/AURA); acknowledgment: N. Smith (University of California, Berkeley)
Carina Nebula ထဲမှာ ကြယ်သစ် အများအပြား မွေးဖွားနေတာ မြင်တွေ့ ကြရပါတယ်

ဒီတော့ ဒီပုံတွေ ကြည့်ပြီး ဂျိမ်းစ်ဝက်ဘ်ကို ဒေါ်လာ ၁၀ ဘီလီယံ နဲ့ ၂၅ နှစ်လောက် အချိန်ယူ တည်ဆောက် ခဲ့တာ တန်တယ် မတန်ဘူး ဆိုတာ ဆုံးဖြတ်နိုင် ကြမှာ ဖြစ်ပါတယ်။

Advertisement