ကမ္ဘာပတ် လမ်းကြောင်း အနိမ့်ပတ်လမ်း (Low Earth Orbit, LOE) ထဲမှာ အရင်ကဆို ဂြိုဟ်တုတွေ သိပ်အများကြီး မရှိကြပါဘူး။ (အနိမ့်ပတ်လမ်း Low Earth Orbit ဆိုတာက ကမ္ဘာ့ မြေမျက်နှာပြင် ကနေ အမြင့် ကီလိုမီတာ ၁၆၀ ကနေ ကီလိုမီတာ ၂,၀၀၀ အထိ ကြား အမြင့်ကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ ကမ္ဘာကို အာကာသထဲက ပတ်နေတဲ့ ဂြိုဟ်တု အများစုဟာ ဒီ ပတ်လမ်းနိမ့် ကနေ ပတ်နေကြတာ ဖြစ်ပါတယ်။
၁၉၅၀ ပြည့်လွန်နှစ်တွေမှာ ကမ္ဘာ့ ပထမဆုံး ဂြိုဟ်တုကို လွှတ်တင် ခဲ့ပါတယ်။ အဲ့သည်နောက် ကမ္ဘာပတ် လမ်းကြောင်းထဲကို ဂြိုဟ်တုတွေ တဖြည်းဖြည်း တိုးပြီး လွှတ်တင်ခဲ့တာ အခုဆို ကမ္ဘာပတ် လမ်းကြောင်းနိမ့် ထဲမှာ ရှိနေတဲ့ ဂြိုဟ်တု အရေအတွက်ဟာ ထောင်ဂဏန်းကို ကျော်လွန်ခဲ့ပြီး ဖြစ်ပါတယ်။
ကမ္ဘာကို စုစုပေါင်း ဂြိုဟ်တု ဘယ်နှစ်စင်းက ပတ်နေလဲ။ နောက်ထပ် ဘယ်နှစ်စင်း ထပ်လွှတ်ဖို့ စီစဉ် ထားသလဲ။ ဒီလို ဂြိုဟ်တုတွေ များနေတဲ့ အတွက် နောင်အနာဂတ်မှာ ဘာ ပြဿနာတွေ ပေါ်လာ နိုင်သလဲ။
ကမ္ဘာ့ ပထမဆုံး ဂြိုဟ်တုကို ဆိုဗီယက် ပြည်ထောင်စု (ယခု ရုရှား) က ၁၉၅၉ ခုနှစ်မှာ လွှတ်တင် ခဲ့ပါတယ်။ စပွတ်နစ် (Sputnik) လို့ အမည်ရတဲ့ ဒီ ဂြိုဟ်တု ကို လွှတ်တင် ပြီးတဲ့ အချိန်က စလို့ ၂၀၁၀ ခုနှစ်ထိ ကမ္ဘာပတ် လမ်းကြောင့် အနိမ့်ပိုင်း ကို နှစ်စဉ် ဂြိုဟ်တု စင်းရေ ၁၀ စင်းနဲ့ အစင်း ၆၀ ကြား ပုံမှန် လွှတ်တင် ခဲ့ပါတယ်။
ဒါပေမယ့် ၂၀၁၀ ခုနှစ်က စလို့ နှစ်စဉ် လွှတ်တင်တဲ့ ဂြိုဟ်တု အရေအတွက်ဟာ ရုတ်တရက် မြင့်တက်လို့ လာပါတယ်။ ၂၀၂၀ ခုနှစ် တစ်နှစ် ထဲမှာတင် ကမ္ဘာပတ် လမ်းကြောင့် အနိမ့်ပိုင်းကို ဂြိုဟ်တု အစင်းပေါင်း ၁,၃၀၀ ကျော် လွှတ်တင်ခဲ့ပါတယ်။ ဒီနှစ် ၂၀၂၁ ခုနှစ်မှာတော့ စုစုပေါင်း ဂြိုဟ်တု အစင်းရေ ၁,၄၀၀ ကျော်ထိ လွှတ်တင်ခဲ့ ပြီးပါပြီ။
ကမ္ဘာ့ ကုလ သမဂ္ဂ ရဲ့ စာရင်းအရ ကမ္ဘာပတ် လမ်းကြောင်း အနိမ့်ပိုင်းမှာ လက်ရှိ လွှတ်တင်ထားတဲ့ ဂြိုဟ်တုပေါင်းဟာ ၂၀၂၁ ခုနှစ် လက်ရှိ ဒီဆောင်းပါး ရေးသားတဲ့ ၂၀၂၁ နိုဝင်ဘာ လဆန်း အထိ စုစုပေါင်း အစင်းရေ ၆,၅၀၀ ကျော် ရှိနေပါတယ်။ (ပတ်လမ်း အမြင့်ပိုင်းက ဂြိုဟ်တုတွေပါ ထဲ့တွက်ရင် လက်ရှိ ကမ္ဘာကို ပတ်နေတဲ့ ဂြိုဟ်တု အရေအတွက်ဟာ စုစုပေါင်း ၈,၀၀၀ ကျော် ရှိပါတယ်။)
ကုလ သမဂ္ဂက ပြုစုထားတဲ့ စာရင်းကို အောက်က Link မှာ လေ့လာ နိုင်ပါတယ်။
Online Index of Objects Launched into Outer Space | UNOOSA
ပြွတ်သိပ်နေတဲ့ကမ္ဘာပတ်လမ်းကြောင်း
အနိမ့်ပိုင်း ကမ္ဘာပတ် လမ်းကြောင်း ထဲမှာ ပျံသန်းနေမယ့် ဂြိုဟ်တု အရေအတွက်ဟာ လာမယ့် ဆယ်စု နှစ်တွေထဲမှာ မတန်တဆ တိုးပွားလာမယ်လို့ တွက်ဆကြပါတယ်။ ယခုအခါ ဂြိုဟ်တု လွှတ်တင်ရေးကို အစိုးရ အဖွဲ့အစည်း တွေတင် မကတော့ပဲ ပုဂ္ဂလိက ဂြိုဟ်တု လွှတ်တင်ရေး ကုမ္ပဏီ တွေကလဲ အပြိုင်အဆိုင်း လုံးပမ်းလာ ကြပါတယ်။ ဒါ့အပြင် ပုဂ္ဂလိက လုပ်ငန်းကြီးတွေကလဲ သူတို့ကိုယ်ပိုင် ဂြိုဟ်တု ကွန်ယက်တွေ တည်ထောင်ဖို့ လုံးပမ်းနေ ကြပါတယ်။ ဒီ ဂြိုဟ်တု ကွန်ယက်တွေမှာ ဂြိုဟ်တု အလုံးရေ ထောင်ချီအောင် ပါဝင်မယ်လို့ သိရပါတယ်။
အဓိက ဒီလို ဂြိုဟ်တုတွေ များလာရတဲ့ အချက်တွေ ထဲက တစ်ခုကတော့ ကုန်ကျစားရိတ် သက်သာလာ တာကြောင့်လဲ ပါပါတယ်။ အခုအထိ SpaceX, OneWeb, Amazon and StarNet/GW တို့က စုစုပေါင်း ဂြိုဟ်တု အလုံးရေ ၆၅,၀၀၀ လောက် လွှတ်တင်ဖို့ လျှာထားကြပါတယ်။ အခြား ကုမ္ပဏီနဲ့ အဖွဲ့အစည်း အသေးလေးတွေက လွှတ်တင်မှာတွေ နဲ့ နိုင်ငံ အစိုးရ တွေက လွှတ်တင်ဖို့ လျှာထားတာ တွေပါ ပေါင်းလိုက်ရင် စုစုပေါင်း အလုံးရေ ၁၀၀,၀၀၀ ကျော် လွှတ်တင်ဖို့ လျှာထားကြပါတယ်။
၂၀၂၁ အောက်တိုဘာ လကဆို ရဝန်ဒါ နိုင်ငံကတောင် သူ့ကိုယ်ပိုင် ဂြိုဟ်တု ၃၂၀,၀၀၀ ပါဝင်တဲ့ ဂြိုဟ်တု ကွန်ယက်ကြီး တစ်ခု လွှတ်တင်မယ် လို့ ကြေငြာ လိုက်ပါသေးတယ်။ ဘယ်တော့ လွှတ်တင်မယ် ဆိုတာကိုတော့ ကြေငြာချက်ထဲမှာ မပါဝင်ပါဘူး။
ဒီ ဂြိုဟ်တု အသစ်တွေ များလာ တာနဲ့ အမျှ အာကာသ ကမ္ဘာပတ် လမ်းထဲမှာ ပြဿနာ တွေကလဲ ပိုများလာ ပါတယ်။ ပထမဆုံး အနေနဲ့ အာကာသ အမှိုက်တွေ ပိုများလာပါမယ်။ နောက်ပြီး ဒုံးပြန်တွေ လွှတ်တင်တာ ကလဲ လေထု ညစ်ညမ်းမှုကို ဖြစ်စေပြန် ပါတယ်။
အာကာသယာဉ်ကျပ်တည်းမှုပြဿနာ
ကမ္ဘာပတ် လမ်းထဲမှာ ဂြိုဟ်တုတွေ များလာတာနဲ့ အမျှ ဂြိုဟ်တုတွေ အချင်းချင်း တိုက်မိတဲ့ ဖြစ်စဉ် တွေလဲ ကြားလာကြရ တော့မှာ ဖြစ်ပါတယ်။ နောက်ပြီး ဒီ ဂြိုဟ်တုတွေကနေ ပြုတ်ထွက်လာတဲ့ အစိတ်အပိုင်း တွေကလဲ အာကာသ အမှိုက်တွေ အနေနဲ့ ကမ္ဘာပတ် လမ်းထဲမှာ မျောနေမှာ ဖြစ်ပါတယ်။
ယခု အချိန်အထိ အာကာသ အမှိုက် အပိုင်းအစပေါင်း ၁၂၈ သန်း ရှိနေတယ်လို့ သိရပါတယ်။ ဒီအထဲက ၃၄,၀၀၀ ကျော်ဟာ အရွယ်အစား ၄ လက္မနဲ့ အထက် ရှိတဲ့ အပိုင်းအစ တွေ ဖြစ်ကြပါတယ်။ နောင်ဆို ဒီ အရေအတွက်ဟာ ဒီ့ထက် ပိုများလာ ဖို့ပဲ ရှိပါတယ်။
ဒီ့လောက်များတဲ့ ဂြိုဟ်တုတွေ အချင်းချင်း မတိုက်မိအောင် ထိန်းကျောင်းဖို့ ဆိုတာကလဲ တကယ့် ခေါင်းကိုက်ရမယ့် ပြဿနာကြီး တစ်ခု ဖြစ်လာပါလိမ့်မယ်။ တိုက်မိလို့ ထွက်လာတဲ့ အစိတ်အပိုင်း တွေကလဲ ကမ္ဘာပတ် လမ်းကြောင်းထဲမှာ အရှိန်အဟုန်နဲ့ ပတ်နေမှာမို့ အခြား ဂြိုဟ်တုတွေကို သွားရောက် ရိုက်ခတ် ဖျက်စီး ပစ်နိုင်စွမ်း ရှိပါတယ်။
တိုက်မိမှ အာကာသ အမှိုက်တွေ ထွက်လာတာ မဟုတ်ပါဘူး။ အာကာသထဲ အနေကြာတဲ့ ဂြိုဟ်တု တွေကလဲ အချိန်ကြာလာရင် ပြင်းထန်တဲ့ ခရမ်းလွန် ရောင်ခြည်နဲ့ ထိတွေ့ဖန် များတာမို့ ပျက်စီး သွားနိုင်ပါသေးတယ်။
ဒီ အာကာသ အမှိုက်တွေဟာ အခြား ဂြိုဟ်တုတွေနဲ့ အာကာသ ယာဉ် တွေကို ဖျက်ဆီး ပစ်နိုင်စွမ်း ရှိပါတယ်။ ၂၀၂၁ ဇွန်လ တုန်းကလဲ အပြည်ပြည် ဆိုင်ရာ အာကာသ စခန်း (International Space Station) ကို အမှိုက်တွေ လာမှန်လို့ စက်ရုပ် လက်မောင်း တစ်ခု ပျက်စီး ခဲ့ရ ဖူးပါတယ်။ (လူနဲ့ ယာဉ်တော့ ဘာမှ မဖြစ်ခဲ့ ပါဘူး)
အဆိုးဆုံး အခြေအနေမှာ ဆိုရင် ဒီလို တိုက်မိတာ တစ်ခုကနေ ထွက်လာတဲ့ အပိုင်းအစတွေဟာ ဆင့်ကဲ ဆင့်ကဲ အခြား ဂြိုဟ်တုတွေကို ရိုက်ခတ် ဖျက်ဆီး တဲ့ အတွက် ဂြိုဟ်တု အမြောက်အများ ပျက်စီး တာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒီလို အခြေအနေမျိုး ဖြစ်လာခဲ့ရင်တော့ ဘယ်သူမှ နောက်ထပ် ဂြိုဟ်တုတွေ ထပ်လွှတ်တင်ဖို့ မဖြစ်နိုင် တော့တဲ့ အခြေအနေ ရောက်သွားနိုင်ပါတယ်။
လေထုညစ်ညမ်းမှုပြဿနာ
ဒုံးပျံ တစ်စင်း အာကသထဲ လွှတ်တင်ရင် အကြမ်းအားဖြင့် ကာဗွန် တန်ချိန် ၂၀၀ ကနေ ၃၀၀ ကြား ထွက်လာပါတယ်။ ဒီပမာဏဟာ ခရီးသည်တင် လေယာဉ်ကြီး တစ်စီး တစ်ခါပျံတာရဲ့ အဆ ၁၀၀ လောက် ပိုများပါတယ်။ အခု အချိန်မှာ လွှတ်တင်တဲ့ အရေအတွက် မများလှ သေးတာကြောင့် ဂြိုဟ်တုတွေ လွှတ်တင်မှုကနေ ဖြစ်ပေါ်လာမယ့် လေထု ညစ်ညမ်းမှုက မသိသာလှ သေးပါဘူး။ ဒါပေမယ့် မကြာမီ ကာလမှာ ဒုံးပျံတွေ အများအပြား လွှတ်တင်လာတဲ့ အချိန်မှာ အာကာသကို ဂြိုဟ်တု လွှတ်တင်မှုကြောင့် ဖြစ်လာမယ့် လေထုညစ်ညမ်းမှုက သိသိသာသာ များလာလိမ့်မယ်လို့ ဆိုပါတယ်။
ဒုံးပျံ လွှတ်တင်တာဟာ လွှတ်တင်တဲ့ အချိန် တစ်ခုတည်း လေထု ညစ်ညမ်းစေတာ မဟုတ်ပါဘူး။ ကမ္ဘာပတ် လမ်းကြောင်း အနိမ့်ပိုင်းက ဂြိုဟ်တုတွေဟာ တဖြည်းဖြည်း နှေးလာပြီး ကမ္ဘာပေါ်ကို ပြန်ပြုတ်ကျလာ ကြပါတယ်။ ဒီလို ပြန်ကျလာတဲ့ အချိန် မီးလောင်ကျွမ်းမှုကြောင့်လဲ လေထု ညစ်ညမ်းမှုကို ဖြစ်ပေါ် စေပါသေးတယ်။
ပညာရှင် တွေကတော့ ဂြိုဟ်တုတွေ လွှတ်တင်တာကို နိုင်ငံတကာ စည်းမျဉ်း စည်းကမ်းတွေ စနစ်တကျ သတ်မှတ်ပြီး ထိန်းချုပ်သင့်တယ် လို့ အကြံ ပြုကြပါကြောင်း တင်ပြလိုက်ရပါတယ်။
Reference: How many satellites orbit Earth? | Live Science