Skip to content

အာကာသထဲကို ဘယ်လောက် ဝေးဝေးထိ မြင်နိုင်သလဲ

  • Space
လူ့မျက်စေ့နဲ့ မြင်ရတဲ့ ကြယ်ပေါင်း ၉,၀၀၀ လောက် ရှိပါတယ်

ညဖက် မြို့ပြရဲ့ အလင်းရောင်တွေ လုံးဝ မရှိတဲ့ တောထဲ တောင်ထဲ ရောက်နေတယ် ဆိုပါဆို့ဗျာ။ နောက်ပြီး ညကလဲ လမိုက်ည။ ကောင်းကင်မှာလဲ တိမ်တွေကင်းနေတယ် ဆိုပါစို့။ ဒီလိုညမျိုး ကောင်းကင်ကြီးကို မော့ကြည့် ဖူးကြလားဗျ။ ကျွန်တော်ကတော့ ကြုံဖူးတယ်။ အခါတည်း “ဟာ” ကနဲ ဖြစ်သွားတာပဲ။ ကောင်းကင် တစ်ခုလုံးဟာ ဘယ်က ထွက်လာမှန်း မသိတဲ့ ကြယ်တွေ ငွေမှုန် ကျဲထား သလိုမျိုးပဲ။ အလွန် လှတာပေါ့။

ဒီလို ညမျိုးမှာ ကောင်းကင်ပေါ် မော့ကြည့်လိုက်ရင် လူတစ်ယောက်ဟာ ဘယ်လောက် ဝေးဝေးအထိ မြင်နိုင်မလဲ။ အကယ်လို့ သာမန် မှန်ပြောင်း တစ်လက်နဲ့ ဆိုရင်ရော ဘယ်လောက်ထိ မြင်နိုင်မလဲ။ နက္ခတ်ကြည့် မှန်ပြောင်းနဲ့ ဆိုရော။ အကယ်လို့ နာဆာရဲ့ ဟာဘယ် မှန်ပြောင်းကြီး (Hubble Telescope) ကြီးနဲ့ ဆိုရင်ရောဗျာ။ ဘယ်လောက် အထိ မြင်နိုင်မလဲ။

ကမ္ဘာ့မြေမျက်နှာပြင်မှာ ရပ်နေတဲ့ သူတစ်ယောက်ဟာ ရေပြင်ညီဆို ၃ မိုင်လောက်ထိ မြင်နိုင်ပါတယ်။ တနည်းအားဖြင့် မိုးကုတ်စက်ဝိုင်းဟာ သူနဲ့ ၃ မိုင်အကွာမှာ ရှိပါတယ်။ အကယ်လို့ အထပ်မြင့်တဲ့ တိုက်တွေ တောင်ကုန်းတွေ ပေါ်ကနေ ကြည့်မယ်ဆို ပိုပြီး ဝေးဝေး မြင်နိုင်ပါတယ်။ ဥပမာ အမြင့် မီတာ ၂၀ (၄ ထပ် အမြင့်လောက်) ကသူဆို အကွာအဝေး ၇ မိုင်လောက်ထိ မြင်နိုင်ပါတယ်။ ဒါက ရေပြင်ညီကို မြင်နိုင်တာကို ပြောတာပါ။

ကောင်းကင်ကို ဆိုရင်တော့ ပိုဝေးဝေး မြင်ရပါတယ်။ ဥပမာ ကောင်းကင်မှာ နေ့တိုင်း ညတိုင်း မြင်နေရတဲ့ လဟာ အကွာအဝေး ၃၈၅,၀၀၀ ကီလိုမီတာ ဝေးပြီး နေမင်းကြီးကတော့ ကီလိုမီတာ သန်း ၁၅၀ ခန့် ဝေးပါတယ်။ ကျွန်တော်တို့ နေအဖွဲ့အစည်းထဲမှာ မှန်ပြောင်းမပါပဲ သာမန်မျက်စိနဲ့ အဝေးဆုံး မြင်နိုင်တာကတော့ စနေဂြိုလ် (Saturn)ဖြစ်ပြီး ကီလိုမီတာ့ ၁.၅ ဘီလီယံ (သန်း ၁၅၀၀) ကွာဝေးပါတယ်။

လုံးဝ ပိန်းပိတ်အောင် မှောင်နေတဲ့ ညမှာ ကောင်းကင်ကြီးကို မော့ကြည့်လိုက်မယ်ဆို စုစုပေါင်း ကြယ် အလုံး ၉,၀၀၀ လောက်ထိ မြင်နိုင်မှာ ဖြစ်ပါတယ်။ ကောင်းကင်မှာ မြင်ရတဲ့ ကြယ်တွေထဲက အတောက်ပဆုံး ကြယ်ကတော့ Sirius ဆိုတဲ့ ကြယ်ပဲ ဖြစ်ပြီး အကွာအဝေး အလင်းနှစ် ၈.၆ နှစ် ဝေးပါတယ်။ အဝေးဆုံး သေချာ မြင်နိုင်တဲ့ ကြယ်ကတော့ Deneb ဆိုတဲ့ ကြယ် ဖြစ်ပြီး အကွားအဝေးက အလင်းနှစ် ၁,၅၀၀ ဝေးပါတယ်။ ဒါပေမယ့် မျက်စေ့ ကောင်းတဲ့ သူဆို အလင်းနှစ် ၈,၀၀၀ အကွာအဝေး က ကြယ်တွေကို မှုန်ပြပြလေး တွေ့နိုင်ပါသေးတယ်။

အလင်းနှစ် ၂.၆ သန်းမှာရှိတဲ့ Andromeda Galaxy ကို သာမန်မျက်စေ့နဲ့ မြင်နိုင်ပါတယ် (Photo: David (Deddy) Dayag/Wikipedia)

အကယ်လို ကြယ်တစင်း ပေါက်ကွဲမှု ဖြစ်တယ် (supernova ကြယ်ပေါက်ကွဲမှု ဖြစ်တယ်ဆို) ဆိုရင် ဒီ့ထက် ပိုပြီးတောင် ဝေးဝေး မြင်နိုင်ပါတယ်။ ခရစ် ၁၀၀၆ ခုနှစ်က ပေါက်ကွဲခဲ့တဲ့ ဆူပါနိုဗါ ကြီးဟာ သမိုင်းမှာ မှတ်တမ်းတင်ခဲ့ သမျှ ကြယ်ပေါက်ကွဲမှုထဲမှာ အလင်းဆုံး ပေါက်ကွဲမှု ဖြစ်ပါတယ်။ ဒီကြယ်ပေါက်ကွဲမှုကြီးကို တရုတ်ပြည်။ ဂျပန်ပြည်နဲ့ အရှေ့အလယ်ပိုင်းက နက္ခတ် ပညာရှင်တွေက သမိုင်းမှာ မှတ်တမ်းတင်ခဲ့ ကြပါတယ်။ ဒီ ကြယ်ပေါက်ကွဲမှုကြီးဟာ ကမ္ဘာကနေ အလင်းနှစ် ၇,၂၀၀ အကွာအဝေးမှာ ဖြစ်ခဲ့တာ ဖြစ်ပြီး လင်းလွန်းလို့ နေ့ဖက်တောင် သာမန်မျက်စေ့နဲ့ မြင်နိုင်ပါတယ်။ 

အခု ပြောခဲ့ သမျှတွေ အားလုံးက မစ်ကီးဝေး ဂလက်ဆီ ထဲမှာ မြင်ရတာတွေ ချည်း ဖြစ်ပါတယ်။

ကျွန်တော်တို့ မစ်ကီးဝေး ဂလက်စီ အပြင်ဖက်က ဆိုရင်တော့ မက်ဂျလန် မဟာတိမ်တိုက်ကြီး (Large Magellanic Cloud) ဟာ ကမ္ဘာကနေ အလင်းနှစ် ၁၆၀,၀၀၀ ဝေးပါတယ်။ မက်ဂျလန် တိမ်တိုက်ငယ်လေး (Small Magellanic Cloud) ကတော့ အလင်းနှစ် ၂၀၀,၀၀၀ ဝေးပါတယ်။ ဒီ နှစ်ခု စလုံးဟာ ကြယ်တွေ စုနေတဲ့ ကြယ်စု အသေးစား လေးတွေ ဖြစ်ကြပါတယ်။ ဒီ ကြယ်အဖွဲ့အစည်း နှစ်ခုလုံးကို ကမ္ဘာကနေ သာမန်မျက်စေ့နဲ့ မြင်နိုင်ပါတယ်။

ညဖက် ကောင်းကင်မှာ မှန်ပြောင်း မပါပဲ သာမန်မျက်စေ့နဲ့ မြင်နိုင်တဲ့ အဝေးဆုံး အရာကတော့ ကမ္ဘာကနေ အလင်းနှစ် ၂.၆ သန်း အကွာမှာ ရှိနေတဲ့ အန်ဒရိုမီဒါ (Andromeda galaxy) ပဲ ဖြစ်ပါတယ်။ ဒီ ဂလက်ဆီကို ကမ္ဘာက ကြည့်မယ်ဆို မှုန်ပြပြ မထင်မရှား အလင်းစက် ကလေး အနေနဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဆိုင်တွေမှာ အလွယ်တကူ ဝယ်လို့ရတဲ့ ရိုးရိုး မှန်ပြောင်း အကူအညီနဲ့ ကြည့်မယ် ဆိုရင်တော့ ဒီ့ထက် ပိုပြီး ဝေးဝေး မြင်နိုင်မှာ ဖြစ်ပါတယ်။ မှန်ပြောင်းနဲ့ဆို အကွာအဝေး အလင်းနှစ် ၁၀ သန်းခန့်ထိအောင် မြင်နိုင်မှာ ဖြစ်ပါတယ်။

အကယ်လို့ ကံကောင်းလို့ (ငွေလဲ တတ်နိုင်လို့) နက္ခတ်တာရာကြည့် မှန်ပြောင်းတလက် ပိုင်ဆိုင်ခဲ့မယ် ဆိုရင်တော့ ဒီ့ထက်တောင် ပိုပြီး ဝေးဝေး မြင်နိုင်မှာပါ။ အချင်း ၈ လက္မ အရွယ်ရှိတဲ့ အပျော်တမ်း နက္ခတ်ကြည့် မှန်ပြောင်းတစ်လက်နဲ့ ကြည့်မယ်ဆို အလင်းနှစ် သန်း ၂,၀၀၀ ( ၂ ဘီလီယံ) လောက်က အလွန်တောက်ပတဲ့ ကွေဆာ (quasar) ကြယ်စု တွေကို  မြင်နိုင်မှာ ဖြစ်ပါတယ်။ ဒီ ကွေဆာ ကြယ်စုတွေဟာ သက်တမ်း နုတဲ့ ဂလက်ဆီတွေဖြစ်ပြီး ကျွန်တော်တို့ မစ်ကီးဝေးထက် အဆပေါင်း ၁၀၀၀ လောက်ထိ ပိုမို တောက်ပ ကြပါတယ်။

စကြာဝဠာထဲကို အဝေးဆုံး မြင်နိုင်တဲ့ တယ်လီစကုတ် ကြီးကတော့ နာဆာ အဖွဲ့ကြီးကနေ ကမ္ဘာပတ် လမ်းကြောင်းထဲကို ၁၉၉၀ ခုနှစ်က လွှတ်တင်ခဲ့တဲ့ ဟတ်ဘယ် (Hubble space telescope) ကြီးပဲ ဖြစ်ပါတယ်။ ဒီ တယ်လီစကုတ်ကြီးနဲ့ ကြည့်မယ်ဆို အဝေးဆုံး အလင်းနှစ် ၁၃.၄ ဘီလီယံ ( အလင်းနှစ် သန်းပေါင်း ၁၃,၄၀၀) အကွာက GN-z11 ဂလက်ဆီထိ မြင်နိုင်ပါတယ်။ ဒါဟာ ဘစ်ဘင် (Big Bang) ပေါက်ကွဲမှုကြီး စဖြစ်ပြီးစ နှစ်သန်း ရာဂဏန်းလောက်က အခြေအနေကို မြင်ရတာပဲ ဖြစ်ပါတယ်။ 

Hubble Telescope ကြီးဟာ အလင်းနှစ် ၁၂ ဘီလီယံ ကျော်အထိ မြင်နိုင်ပါတယ် (Photo: NASA)

ဒီလောက်ဝေးဝေးထိ မြင်နိုင်တဲ့ Hubble Telescope ကြီးရဲ့ ကုန်ကျစရိတ်က သေးတော့ မသေးပါဘူး။ ၁၉၉၀ က ငွေတန်ဖိုး နဲ့တင် ဒေါ်လာ ၁.၅ ဘီလီယံ (သန်း ၁,၅၀၀) ကုန်ကျပါတယ် (၂၀၂၁ ထိ ငွေကြေးဖေါင်းပွမှုနဲ့ တွက်ရင်ဒေါ်လာ  သန်း ၃,၁၀၀ ကျော် တန်ပါတယ်)။ နှစ်စဉ် ဒါကြီးကို ထိန်းသိမ်းပြုပြင် စားရိတ်ကလဲ ဒေါ်လာ သန်းပေါင်း များစွာ ကုန်ပါတယ်။ 

ဒါပေမယ့် ဒီ ဟာဘယ် မှန်ပြောင်းကြီးဟာ ဈေးအကြီးဆုံး မှန်ပြောင်းကြီးတော့ မဟုတ်ပါဘူး။ နာဆာက လာမယ့် အောက်တိုဘာ လထဲမှာ လွှတ်တင်မယ့် ဂျိမ်းစ်ဝဘ် (James Webb Space Telescope) မှန်ပြောင်းကြီးဟာ ဒေါ်လာ ၉.၇ ဘီလီယံ တောင်မှ ကုန်ကျပါတယ်။ ဒီ တယ်လီစကုတ် ကြီးနဲ့ ကြည့်မယ် ဆိုရင်တော့ Big Bang ဖြစ်ပြီးစ နှစ် သန်း ၁၀၀ လောက်က အခြေအနေ အထိကို မြင်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Reference: How Far Can You See in the Universe?

Advertisement