Skip to content

စကြာဝဠာရဲ့ အဆုံးသတ် နိဂုံး

  • Space
Credits: NASA, ESA and STScI

စကြာဝဠာရဲ့ သက်တမ်းဟာ အခုဆို နှစ်သန်းပေါင်း ၁၃,၈၀၀ (၁၃.၈ ဘီလီယံ) ရှိပါပြီ။ ဒီတော့ မေးစရာ ရှိတာက ကျွန်တော်တို့ရဲ့ စကြာဝဠာဟာ သေဆုံး သွားနိုင် သလား ဆိုတာပဲ ဖြစ်ပါတယ်။

စကြာဝဠာ အကြောင်း လေ့လာနေတဲ့ ပညာရှင် တွေကတော့ ကျွန်တော်တို့ရဲ့ စကြာဝဠာ ကြီးဟာ တနေ့မှာ သက်တမ်း ကုန်ဆုံးပြီး သေဆုံး သွားလိမ့်မယ်လို့ ဆိုပါတယ်။ သိပ္ပံ ပညာရှင် တွေရဲ့ အဆိုအရ ကျွန်တော်တို့ စကြာဝဠာ ကြီးဟာ  တဖြည်းဖြည်း အေးခဲပြီး သေဆုံး သွားမှာ ဖြစ်ပါတယ်။

Big Bang မဟာပေါက်ကွဲမှုက စခဲ့တဲ့ ပြန့်ကားခြင်း

လွန်ခဲ့တဲ့ နှစ် ၁၃.၈ ဘီလီယံ ခန့် အချိန်မှာ ကျွန်တော်တို့ စကြာ ဝဠာကြီးကို မွေးဖွား ခဲ့ပါတယ်။ ဒီ ဖြစ်စဉ်ကို သိပ္ပံ ပညာရှင် တွေက မဟာ ပေါက်ကွဲမှုကြီး (Big Bang) လို့ အမည် ပေးထားပါတယ်။ 

အဲ့သည် မဟာ ပေါက်ကွဲမှုကြီး ဖြစ်တဲ့ အချိန်က စလို့ စကြာဝဠာ ကြီးဟာ မရပ်မနား တောက်လျှောက် ပြန့်ကား ထွက်နေ ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ် မတိုင်မီ အထိ ဒီလို စကြာဝဠာ ပြန့်ကားနှုန်းဟာ ဂလက်ဆီ တွေ အချင်းချင်း ဆွဲငင်အားကြောင့် တဖြည်းဖြည်း နှေးလာတယ်လို့ ယူဆခဲ့ ကြပါတယ်။ နက္ခတ် ပညာရှင် တွေရဲ့ တွက်ချက်မှု အရ စကြာဝဠာ ထဲက ဒြပ်ထုတွေရဲ့ ဆွဲငင်အားဟာ ဒီ ပြန့်ကားနှုန်းကို ဆန့်ကျင်ပြီး နှေးသွားအောင် လုံလောက်မှု ရှိတယ်လို့ ယူဆခဲ့ ကြတာပါ။

ဒီလို ပြန့်ကားနှုန်း နှေးသွားပြီး တချိန်ချိန်မှာ ရပ်တန့် သွားမယ်၊ ပြီးရင် အချင်းချင်း ဆွဲငင်အားကြောင့် ပြန်ကျုံံ့လားပြီး နောက်ဆုံး အားလုံး ပြန်တိုက်မိ သွားကြမယ် လို့ ယူဆခဲ့ ကြပါတယ်။

ဒီလို နည်းအားဖြင့် ပြန်တိုက်မိပြီး နောက်ထပ် Big Bang တစ်ခု ထပ်ဖြစ်ပေါ်လာမယ်၊ ဒီ့နောက်မှာတော့ နောက်ထပ် စကြာဝဠာ အသစ် တစ်ခု ထပ်မံ ဖြစ်ပေါ် လာမယ်လို့ ယူဆခဲ့ ကြပါတယ်။ ဒါကို Big Crunch လို့ နက္ခတ် ပညာရှင် တွေက အမည် ပေးထား ကြပါတယ်။

ဒီနည်းအားဖြင့် စကြာဝဠာ တွေဟာ ဖြစ်လိုက် ပျက်လိုက် အဖန်ဖန် အထပ်ထပ် ဖြစ်ပေါ် မွေးဖွား သေဆုံး ဆိုတဲ့ သံသရာ အဖန်ဖန် အဆုံးအစ မရှိ လည်ပတ် နေမယ်လို့ ယူဆခဲ့ ကြတာပါ။

ဒါပေမယ့် ၁၉၉၈ ခုနှစ်မှာ ဒီ အယူအဆကို စိန်ခေါ်တဲ့ တွေ့ရှိချက် အသစ်တွေ ထွက်ပေါ် လာခဲ့ပါတယ်။

အဲ့သည် နှစ်မှာ သိပ္ပံ ပညာရှင် နှစ်ဖွဲ့ဟာ Type 1A ဆူပါနိုဗာ အမျိုးအစား ကြယ်ပေါက်ကွဲ မှုတွေကို မှတ်တမ်း တင်နိုင် ခဲ့ကြပါတယ်။ 

ဒီ ဆူပါနိုဗာ အမျိုးအစား ကြယ်ပေါက်ကွဲမှု တွေဟာ အလွန် လင်းလွန်းလို့ သူတို့ကို အရမ်း ဝေးတဲ့ အရပ်ဒေသ ကနေတောင် မြင်နိုင် ကြပါတယ်။ နောက်ပြီး သူတို့က ထွက်တဲ့ အလင်း ပြင်းအားဟာ သတမတ်ထဲ ဖြစ်တာကြောင့် ဒီ အလင်းပြင်းအားကို တိုင်းတာပြီး သူတို့ရဲ့ အကွာအဝေးကို အတိအကျ တွက်ယူလို့ ရနိုင်ပါတယ်။

(ဒီ Type 1A ဆူပါနိုဗာ အားလုံးရဲ့ အလင်းပြင်းအားဟာ တူညီ ကြပါတယ်။ ဒီ ဆူပါနိုဗာ တွေရဲ့ အကွာအဝေး အလိုက် မြင်ရတဲ့ အလင်းအားဟာ တဖြည်းဖြည်း လျော့နည်း သွားပါတယ်။ ဒီတော့ ဖမ်းယူရရှိတဲ့ အလင်းရဲ့ ပြင်းအား အနည်း အများဟာ ဒီ ဆူပါနိုဗာ တွေရဲ့ အကွာ အဝေး အနီး အဝေးပေါ် မူတည် နေပါတယ်။ ဒီနည်းနဲ့ မူရင်း ဆူပါနိုဗာရဲ့ အကွာအဝေးကို တွက်ယူလို့ ရပါတယ်။)

ဒီနည်းနဲ့ စကြာဝဠာ အတွင်းက အမှတ် ၁ အေ ဆူပါနိုဗာ တွေရဲ့ အကွာအဝေးကို တိုင်းထွာ ကြည့်တဲ့ အခါမှာ နက္ခတ် ပညာရှင်တွေ လုံးဝ မမျှော်မှန်း ထားခဲ့တာ တစ်ခုကို တွေ့ရှိခဲ့ ကြပါတယ်။

အဲ့ဒါကတော့ ပိုဝေးတဲ့ အရပ်က ဆူပါနိုဗာ တွေရဲ့ အလင်း ပြင်းအားဟာ သူတို့ ခန့်မှန်း တွက်ချက် ထားတာထက် အများကြီး ပိုပြီး မှိန်နေတယ် ဆိုတာပဲ ဖြစ်ပါတယ်။ ဒါက ဘာကို ပြလဲ ဆိုတော့ ဒီ ဆူပါနိုဗာ တွေရဲ့ အကွာအဝေးဟာ မူလ ခန့်မှန်း တွက်ချက် ထားခဲ့တာထက်ကို ပိုပြီး ဝေးနေတယ် ဆိုတာပဲ ဖြစ်ပါတယ်။

ဒီလို မူလ ခန့်မှန်းတဲ့ စကြာဝဠာ ပြန့်ကားနှုန်းကြောင့် ရှိရမယ့် အကွာအဝေးထက် ပိုဝေးနေ တဲ့အတွက် ဒါဟာ အရင် မသိ ခဲ့တဲ့ ပဟေဠိ အား တစ်မျိုးမျိုးက တွန်းလို့ ဖြစ်မယ်လို့ နက္ခတ် ပညာရှင် တွေက ခန့်မှန်း ကြပါတယ်။ ဒီ အားကို Dark Energy အမှောင်စွမ်းအင် ဆိုပြီး အမည် ပေးခဲ့ ကြပါတယ်။

(အမှောင် စွမ်းအင် Dark Energy နဲ့ အမှောင်ဒြပ် Dark matter မတူပါဘူး။ အမှောင် စွမ်းအင်က “ အား Force” ဖြစ်ပြီး အမှောင်ဒြပ် ကတော့ မမြင်ရတဲ့ ဒြပ် (mass) ဖြစ်ပါတယ်။)

ဒီ အမှောင် စွမ်းအင်က စကြာဝဠာ ထဲက ဂလက်ဆီတွေ နဲ့ အခြား အရာ ဝတ္ထုတွေကို အချင်းချင်း ဝေးရာဆီ တွန်းကန် နေတယ်လို့ နက္ခတ် ပညာရှင် တွေက ယူဆ ကြပါတယ်။

ဒီ အမှောင်စွမ်းအင်ဟာ စကြာဝဠာရဲ့ ဒြပ်ထု ပမာဏ ရဲ့ ၆၉ ရာခိုင်နှုန်း ခန့် ရှိပြီး အမှောင်ဒြပ် ကတော့ စကြာဝဠာရဲ့ ၂၆ ရာခိုင်နှုန်းခန့် ရှိမယ်လို့ နက္ခတ် ပညာရှင် တွေက တွက်ချက် ခန့်မှန်း ကြပါတယ်။

သာမန် မျက်စေ့နဲ့ မြင်ရတဲ့ တိုင်းတာလို့ ရတဲ့ အရာဝတ္ထု တွေရဲ့ ပမာဏ ကတော့ စကြာဝဠာ ရဲ့ ၅ ရာခိုင်နှုန်း ခန့်ပဲ ရှိပါတယ်။

ဒီ အမှောင် စွမ်းအင် ရဲ့ အဓိက အကျိုး သက်ရောက်မှု ကတော့ စကြာဝဠာရဲ့ ပြန့်ကားနှုန်းဟာ ဘယ်တော့မှ ရပ်တန့် သွားမှာ မဟုတ်ဘူး ဆိုတာပဲ ဖြစ်ပါတယ်။

စကြာဝဠာ သေဆုံးခြင်း

ဆယ်စုနှစ်ပေါင်း အတော်ကြာ သုတေသန ပြုမှုတွေက ရရှိတဲ့ လက်တွေ့ အချက်အလက် တွေကလဲ အပေါ်က ပြောခဲ့တဲ့ စကြာဝဠာ ပြန့်ကားနှုန်း မြန်လာတယ် ဆိုတဲ့ အဆိုပြုချက် ကိုပဲ ထောက်ခံ နေပါတယ်။ 

သက်သေ အထောက် အထား အားလုံးဟာ ဘာကိုပဲ ညွှန်ပြ နေလဲ ဆိုတော့ ကျွန်တော်တို့ရဲ့ စကြာဝဠာ ကြီးဟာ ကြာမြင့်တဲ့ ကာလ ရှည်ကြီး တလျှောက် တဖြည်းဖြည်း အထီးကျန်စွာ အသက် သေဆုံး သွားလိမ့်မယ် ဆိုတာကိုပဲ ဖြစ်ပါတယ်။ 

ဒါကို သိပ္ပံ ပညာရှင် တွေက “အပူ သေဆုံးခြင်း (Heat death)” လို့ အမည် ပေးထား ကြပါတယ်။ ဒီအချိန်မှာ စကြာဝဠာ ရဲ့ လက်ကျန် အပူဟာ တဖြည်းဖြည်း ဆုံးရှုံး သွားတာမို့ စကြာဝဠာကြီး တစ်ခုလုံးဟာ အေးခဲ သွားမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီ့ မတိုင်မီ အချိန် အတော်ကြာ ထဲက ဆိုးရွားတဲ့ အခြေအနေ တွေကို  ကြုံတွေ့ နေခဲ့မယ်လို့ ဆိုပါတယ်။

 အခုကနေ နောက် နှစ် ထရီလီယံ အနည်းငယ် အကြာ (၁ ထရီလီယံ မှာ သန်း ပေါင်း တစ် သန်း = ၁,၀၀၀,၀၀၀,၀၀၀,၀၀၀ ပါဝင်ပါတယ်) မှာ စကြာဝဠာဟာ အရမ်းကို ပြန့်ကား သွားတာမို့ ဂလက်ဆီ တွေဟာ တစ်ခုနဲ့ တစ်ခု အရမ်းကို ဝေးကွာတဲ့ အရပ်ကို ရောက်ရှိလို့ သွားကြမှာ ဖြစ်ပါတယ်။ 

အဲသည် အချိန် မွေးဖွားလာ ခဲ့တဲ့ နက္ခတ် ပညာရှင် တစ်ယောက် အဖို့ သူနေထိုင်ရာ ဂလက်ဆီ ကလွဲလို့ အခြား ဂလက်ဆီ တွေကို မြင်တွေ့နိုင် တော့မှာ မဟုတ်ပါဘူး။ အဲ့သည်ခေတ် နက္ခတ် ပညာရှင် တွေဟာ စကြာဝဠာ ဆိုတာ သူတို့ နေထိုင်ရာ ဂလက်ဆီ ကြီးသာ ဖြစ်တယ် လို့ ယူဆကြမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ မစ်ကီးဝေး ဂလက်ဆီ ကြီးကရောဗျာ။

ကျွန်တော်တို့ရဲ့ မစ်ကီးဝေး ဂလက်ဆီ ကြီးဟာ သူ့ အိမ်နီးချင်း ဖြစ်တဲ့ အင်ဒရိုမီဒါ ဂလက်ဆီ (Andromeda Galaxy) နဲ့ အစောကြီး ကတဲက ပေါင်းမိပြီး ဖြစ်နေပါပြီ။ 

အခုက နောက် နှစ် ၁၀၀ ထရီလီယန် လောက် ကြာတဲ့ အချိန်မှာတော့ ကြယ်သစ်တွေ မွေးဖွားဖို့ လိုအပ်တဲ့ ကုန်ကြမ်း ဟိုက်ဒြိုဂျင် ဓါတ်ငွေ့တွေ ကုန်ခမ်းလု နီးနီး ဖြစ်သွားတာမို့ နောက်ထပ်  ကြယ်အသစ်တွေ ထပ်မံ မွေးဖွားလာ ကြတော့မှာ မဟုတ်ပါဘူး။

အဲ့သည် အချိန်မှာ ရှိနေသေးတဲ့ ကြယ်တွေ သက်တမ်း ကုန်ဆုံးပြီး သေဆုံးသွား ပြီးတဲ့နောက် စကြာဝဠာ ကြီးဟာ အလင်းရောင် ထုတ်ပေးမယ့် ကြယ်တွေ မရှိတော့တဲ့ အတွက် မှောင်အတိ ကျသွားမှာ ဖြစ်ပါတယ်။

ကြယ်တွေက ထုတ်ပေးတဲ့ အပူစွမ်းအင်လဲ ထပ်မထွက်လာ တော့တာမို့ စကြာဝဠာ ကြီးဟာ တဖြည်းဖြည်း အပူချိန် ကျဆင်း ပြီး အေးခဲ မှောင်မိုက်တဲ့ အဖြစ်နဲ့ အဆုံးသတ် သွားကြမှာ ဖြစ်ပါတယ်။

Ref: The Big Freeze: How the universe will die | Astronomy

Advertisement