Skip to content

သမိုင်းဝင် ကမ္ဘာ့အကြီးဆုံး ဒုံးပျံ Falcon Heavy ယနေ့လွှတ်တင်မည်

  • Space
ကမ္ဘာ့အကြီးဆုံး Falcon Heavy ဒုံးပျံ ယနေ့လွှတ်တင်မည်

အမေရိကန် ပြည်ထောင်စုက ပုဂ္ဂလိက ဂြိုလ်တုလွှတ်တင်ရေး ကုမ္ပဏီဖြစ်တဲ့ Space X ကထုတ်လုပ်တဲ့ Falcon Heavy ဒုံးပျံကို ယနေ့ညနေမှာ လွှတ်တင်မှာ ဖြစ်ပါတယ်။ ဒီဒုံပျံဟာ အခုထိ လွှတ်တင်ခဲ့သမျှ တွေထဲမှာ အကြီးဆုံး ဒုံးပျံဖြစ်ပါတယ်။ ဒီဒုံးပျံကို လွှတ်တင်နိုင်ဖို့ ၂၀၁၁ ခုနှစ်ကတဲက ကြိုးစားခဲ့တာ ဖြစ်ပြီး အခုညနေမှာတော့ လွှတ်တင်နိုင်တော့မျာ ဖြစ်ပါတယ်။ ဒီဒုံးပျံနဲ ပါတ်သက်တဲ့ အချက်အလက်တွေကို လေ့လာကြည့်ကြရအောင်။

Falcon Heavy ဆိုတာဘယ်လိုဟာမျိုးလဲ

Falcon Heavy ဟာ Space X ရဲ့ Falcon 9 ကို အခြေပြုပြီး တည်ဆောက်ထားတာပါ။ Falcon 9 ဒုံးပျံ သုံးလုံးကို ပူးထားတာပါ။ ဒီဒုံးပျံဟာ ပိုမိုလေးလံပြီး ပိုလဲအားကောင်းပါတယ်။ ဒီ့အတွက် ဝန်လဲ များများတင်ဆောင်နိုင်ပါတယ်။ Falcon 9 မှာ အင်ဂျင် ၉ လုံးပါတဲ့အတွက် ဒီ Falcon Heavy မှာ စုစုပေါင်း ဒုံးအင်ဂျင် ၂၇ လုံးတောင် ပါဝင်ပါတယ်။ သမိုင်းမှာ ဘယ်ဒုံးပျံကမှ ဒီလောက်အင်ဂျင် အများကြီး မပါခဲ့ ဘူးပါဘူး။ ဒီအင်ဂျင် ၂၇ လုံးဟာ Falcon Heavy ကို စုစုပေါင်း တွန်းအား ပေါင် ၅ သန်းနဲ့ ညီမျှတဲ့ တွန်းအားကို ရရှိစေမှာ ဖြစ်ပါတယ်။ ဒါဟာ စုစုပေါင်း ဝန်အလေးချိန် ပေါင်ချိန် တစ်သိန်းလေးသောင်း (၁၄၀,၀၀၀ = တန် ၇၀) ကို ကမ္ဘာပါတ်လမ်းကြောင်း အနိမ့်ပိုင်းထဲကို သယ်ဆောင်နိုင်ပါတယ်။ သမိုင်းမှာ ဘယ်တုန်းကမှ ဒီလောက်လေးလေး မသယ်ဆောင်နိုင် ခဲ့ဘူးပါဘူး။

အဲ့တော့ ဘာဖြစ်လဲ

ဒုံးပျံက ပိုအားကောင်တော့ အာကာသထဲကို ပစ္စည်းလဲ များများ သယ်နိုင်တာပေါ့။ ပြီးတော့ Falcon Heavy က တစ်ခြားဒုံးပျံတွေနဲ့စာရင် လွှတ်ရတာ ဈေးလဲ ပိုသက်သာပါတယ်။ တစ်ခါလွှတ်မှ ဒေါ်လာ သန်း ၉၀ ထဲ ကုန်ပါတယ်။ သူ့လောက် ဝန်မသယ်နိုင်တဲ့ ဒယ်လ်တာ ၄ ဟဲဗီး (Delta IV Heavy) ဆို တစ်ခါလွှတ်ရင် သန်း ၃၅၀ ကုန်ပါတယ်တဲ့။ ဒယ်တာက သူ့တစ်ဝက်ပဲ သယ်နိုင်တာပါ။ ဒါဟာ ဂြိုလ်တုလွှတ်ချင်တဲ့ သူတွေအတွက် သတင်းကောင်းပါပဲ။ နောက်ပြီး စစ်တပ်တွေအတွက် ပိုကြီးမားတဲ့ ထောက်လှမ်းရေးဂြိုလ်တုတွေ လွှတ်တင်ဖို့လဲ ဖြစ်နုင်တော့မှာ ဖြစ်ပါတယ်။ Space X ကတော့ လကမ္ဘာကို သွားချင်သူတွေကို ပို့ပေးမယ့် လကမ္ဘာ ခရီးသွား အစီအစဉ်ကို စဉ်းစားနေတယ်လို့ ပြောပါတယ်။

ဘယ်ကနေလွှတ်မှာလဲ

ဖလော်ရီဒါမှာ ရှိတဲ့ နာဆာရဲ့ ကနေဒီ အာကာသ စခန်းကနေလွှတ်တင်မှာ ဖြစ်ပါတယ်။ ဒီအာကာသ စခန်းဟာ လကမ္ဘာကို သွားတဲ့ အပိုလို ၁၁ အပါအဝင် အာကာသယာဉ်နဲ့ ဒုံးပျံ အများအပြား လွှတ်တင်ခဲ့တဲ့ သမိုင်းဝင် အာကာသ စခန်းတစ်ခု ဖြစ်ပါတယ်။ Space X ဟာ ဒီစခန်းကို နှစ် ၂၀ အသုံးပြုခွင့်အတွက် နာဆာနဲ့ စာချုပ်ချုပ်ထားပါတယ်။

Falcon Heavy လွှတ်တင်ရင် အသင့်ပြင်ဆင်ထားပုံ

Falcon Heavy လွှတ်ပြီး အာကာသထဲ ဘာသွားလုပ်မှာလဲ

ဒီတစ်ခေါက်ကတော့ ပထမဆုံး လွှတ်တင်တာ ဖြစ်တဲ့အတွက် ကမ္ဘာပါတ် လမ်းကြောင်းထဲကို မပေါက်ကွဲ မပျက်စီးပဲ ချောချောမောမော ရောက်သွားဖို့က အဓိကပါ။ ဒီလောက်ကြီးတဲ့ ဒုံးပျံကြီး အာကသထဲ ရောက်အောင် လွှတ်နိုင်တယ် ဆိုတာကို သက်သေပြဖို့က အဓိကပါ။ သူသယ်သွားတာတွေလဲ ကြည့်ပါအုံး။ ကုမ္ပဏီပိုင်ရှင် အီလွန်မတ်စ်ခ် ပိုင်ဆိုင်တဲ့ တက်ဆလာ (Tesla Roadster) ပြိုင်ကားပါတဲ့။ ပြိုင်ကားပေါ်မှာ Space X အာကာသယာဉ်မှူးဝတ်စုံ အသစ်စက်စက်ကို ဝတ်ဆင်ထားတဲ့ ပုံတူရုပ် တစ်ရုပ်တောင် ပါအုံးမှာဆိုပဲ။ Falcon Heavy ဟာ ဒီကားကို နေပါတ်လမ်းကြောင်းထဲကို (ကမ္ဘာပါတ်လမ်းကြောင်း မဟုတ်ပါ၊ နေကိုပါတ်တဲ့ လမ်းကြောင်းပါ) လွှတ်တင်မျာ ဖြစ်ပါတယ်။

အာကာသထဲကို ဒီလောက်ကြီးတဲ့ဟာကြီး လွှတ်တင်ရတာ လွယ်လွယ်ကူကူတော့ မဟုတ်ပါဘူး။ ဒီဒုံးပျံမှာ အဆင့် ၃ ဆင့် ပါဝင်ပါတယ်။ ပထမ အဆင့်က ဒုံးပျံလွှတ်တင်ပြီး အရှိန်ရလာတာနဲ့ ဖြုတ်ချခဲ့မှာပါ။ ဒီပထမ အဆင့်ကနဲ့ ဒုတိယအဆင့်တွေက ကနေဒီ အာကာသစခန်းထဲကို ပြန်ဆင်းသက် လာမှာ ဖြစ်ပါတယ်။ တတိယ အဆင့်ကတော့ အတ္တလန်တိန် သမုဒ္ဒရာထဲကို ပြန်ဆင်းမှာ ဖြစ်ပြီး ဆယ်တင်ရေးသင်္ဘောက ဆယ်တင်သွားမှာ ဖြစ်ပါတယ်။ ဒီအဆင့်တွေ အားလုံးကို နောက်ဒုံးပျံတွေလွှတ်ရင် ပြန်သုံးသွားမှာပါ။

လွှတ်တင်တာ အောင်မြင်ရင် ဘာဆက်ဖြစ်မလဲ

အောင်မြင်ရင် ဂြိုတ်တုတွေ ဆက်တိုက် လွှတ်တင်သွားမှာ ဖြစ်ပါတယ်။ လောလောဆယ် လွှတ်တင်ဖို့ စာချုပ်ချုပ်ထား ပြီးသားတွေ ရှိနေသလို စိတ်ဝင်စားသူတွေလဲ အများကြီး ရှိကြပါတယ်။

မအောင်မြင်ပဲ ပေါက်ကွဲသွားရင် ဘယ်လိုလုပ်မလဲ

ဒါဆိုရင်တော့ မကောင်းဘူးပေါ့ဗျာ။ နောက်ပြီး ဘယ်နေရာမှာ ပေါက်မလဲ ဆိုတာပေါ်လဲ မူတည်ပါတယ်။ တက်နေတုန်း ပေါက်ကွဲတယ် ဆိုရင်တော့ သိပ်ကြီးကြီးမားမား ထိခိုက်မှု မဖြစ်နိုင်ပါဘူး။ ဒီလောက်ကြီးတာကြီး လွှတ်တင်ဖို့ လက်ရှိမှာ အဆင်သင့် မဖြစ်သေးဘူး လို့ပဲ ပြောရမှာပေါ့။ အဲ၊ လွှတ်စင်နား ကပ်ေပါက်တယ် ဆိုရင်တော့ လွှတ်စင်နဲ့ ပါတ်ဝန်းကျင် တစ်ခုလုံး ရစရာ မရှိအောင် ပျက်စီးသွားနိုင်ပါတယ်။ ၂၀၁၆ တုန်းကလဲ Falcon 9 ဒုံးပျံတစ်လုံး လွှတ်စင်ပေါ်မှာ ပေါက်ကွဲသွားပြီး လွှတ်စင်တစ်ခုလုံး ပျက်စီးသွားလို့ တစ်နှစ်လောက် ပြန်ပြင်ခဲ့ရပါတယ်။

ဘယ်တော့လွှတ်မှာလဲ

ဖေဖော်ဝါရီ ၆ ရက် ညနေ အမေရိကန် အရှေ့ပိုင်း စံတော်ချိန် ၁ နာရိခွဲနဲ့ ၄ နာရီကြား (မြန်မာစံတော်ချိန် ည ၁၁ နာရီနဲ့ နောက်တစ်နေ့မနက် ၁ နာရီခွဲ အကြား) လွှတ်တင်မှာ ဖြစ်ပါတယ်။

Live ကြည့်လို့ ရမလားဗျာ

Space X က Youtube ပေါမှာ လွှင်မှာပါ။ အောက်မှာ ကြည့်လို့ ရပါတယ်။

Advertisement