Skip to content

လူတိုင်းအတွက်် စကြဝဠာ (Astrophysics for People in a Hurry) – အပိုင်း (၄)

  • Space
Star forming nebula W51

လူတိုင်းအတွက် စကြဝဠာ အပိုင်း (၁) ဖတ်ရန် – လူတိုင်းအတွက် စကြာဝဠာ – အပိုင်း (၁) | Astrophysics for People in a Hurry by Neil DeGrasse Tyson

ရှေ့ဆောင်းပါး (အပိုင်း ၃) ဖတ်ရန် – လူတိုင်းအတွက် စကြဝဠာ – အပိုင်း (၃)

အခုဆို စကြာဝဠာရဲ့ သက်တမ်းဟာ တစ်စက္ကန့်ကို ရောက်ရှိလို့ လာခဲ့ပါပြီ။

ဒီအချိန်မှာ စကြာဝဠာရဲ့ အကျယ်အဝန်း ဟာလဲ အလင်းနှစ် အနည်းငယ် ကျယ်ပြန့်တဲ့ အရွယ်အစား ရှိလာပါပြီ။ အကြမ်းဖျင်း ပြောရရင် နေနဲ့ သူ့ရဲ့ အနီးဆုံး ကြယ် အကွာအဝေးလောက် ရှိလာပါပြီ။

သူ့ရဲ့ အပူချိန်က ကျဆင်းလာပြီ ဆိုပေမယ့် ဒီဂရီ သန်း ၁,၀၀၀ လောက်တော့ ပူပြင်း ပါသေးတယ်။ ဒီ အပူချိန်ဟာ ကွာက်တွေကို ပေါင်းတင်ဖို့ မလုံလောက်တော့ ပေမယ့် အီလက်ထရွန် တွေကိုတော့ ပေါင်းတင် နိုင်ပါသေးတယ်။ အီလက်ထရွန် တွေနဲ့ အတူ သူတို့ရဲ့ ဆန့်ကျင်ဒြပ် ဖြစ်တဲ့ ပိုဆစ်ထရွန် (positron) တွေ အပါအဝင် ပေါ့။ 

ဒီ အီလက်ထရွန် – ပိုဆစ်ထရွန် စုံတွဲ တွေဟာ ဒီကာလမှာ ဆက်လက်ပြီး ဖြစ်လိုက် ပျောက်လိုက် ဆက်ဖြစ် နေကြပါသေးတယ်။ (သူတို့ထက် ပိုလေးတဲ့ ကွာက် – ဆန့်ကျင်ကွာက် တွေကတော့ အလိုအလျှောက် ဖြစ်ပေါ်လာနိုင်ခြင်း မှရှိကြ တော့ပါဘူး ဆိုတာ အရင် ဆောင်းပါးမှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။)

ဒီကာလမှာ စကြာဝဠာ ဟာလဲ အလွန် လျှင်မြန်စွာ ပြန့်ကား ကြီးထွားလို့ လာနေ ခဲ့ပါတယ်။ ဒီတော့ ဒီ အီလက်ထရွန် – ပိုဆစ်ထရွန် မွေးဖွား ပျက်စီးမှု သံသရာ ဖြစ်စဉ်တွေဟာ သိပ်မကြာမီ မှာပဲ ရပ်တန့်လို့ သွားကြတော့မှာ ဖြစ်ပါတယ်။ ပြောရရင် ဒီလို မွေးဖွား ဖြစ်ပျက်တဲ့ သံသရာ လည်ပတ်မှု ဖြစ်စဉ်ဟာ စက္ကန့် အနည်းငယ် လောက်ပဲ ကြာမြင့် ခဲ့တာ ဖြစ်ပါတယ်။

အရင် ဆောင်းပါးမှာ ဖော်ပြ ခဲ့တဲ့ ကွာက် – ဆန့်ကျင်ကွာက် သန်း ၁၀၀၀ တိုက်မိပျက်စီးတိုင်း ကွာက် ၁ လုံး ကြွင်းကျန် ခဲ့တယ် ဆိုတဲ့ ဖြစ်စဉ်ဟာ အီလက်ထရွန်တွေ အတွက်လဲ မှန်ကန် နေပါတယ်။ ဒီကာလမှာ အီလက်ထရွန် – ပိုဆစ်ထရွန် သန်း ၁၀၀၀ တိုက်မိပြီး ပျက်စီးသွားတိုင်း အီလက်ထရွန် တစ်လုံး ကြွင်းကျန် ရစ်ခဲ့ ပါတယ်။

အခုအချိန်မှာ ဆိုရင် ပရိုတွန် တစ်လုံးတိုင် အတွက် အီလက်ထရွန် တစ်လုံးစီ ကြွင်းကျန် ရစ်နေ ခဲ့ပါပြီ။ 

စကြာဝဠာ ဟာလဲ ဆက်လက် ပြန့်ကားလို့ နေပါတယ်။ ဒီလို ပြန့်ကား မှုနဲ့ အတူ အပူချိန် ဟာလဲ ဆက်လက်ပြီး လျှင်မြန်စွာ ကျဆင်းလို့ လာနေပါတယ်။

စကြာဝဠာရဲ့ အပူချိန် ဒီဂရီ စင်တီဂရိတ် သန်း ၁၀၀ အောက် အရောက်မှာတော့ ပရိုတွန်တွေ အချင်းချင်း၊ နောက်ပြီး ပရိုတွန် တွေနဲ့ နျူထရွန်တွေ ပေါင်းစပ်မိ သွားကြပါတယ်။ ဒီလို ပရိုတွန် တွေနဲ့ နျူထရွန်တွေ ပေါင်းစပ်မိ ရာက အက်တမ်တွေရဲ့ ဗဟိုက နျူကလိယပ်စ် (nucleus) တွေ စတင် သန္ဓေတည် မွေးဖွား လာခဲ့ကြတာ ဖြစ်ပါတယ်။

ဒီအချိန် ဖြစ်လာတဲ့ ဒြပ်စင်တွေဟာ (အခုအချိန်မှာတော့ အီလက်ထရွန် နဲ့ မပေါင်းစပ် ရေသေးတာမို့ အူတိုင် နျူကလိယပ်စ် အနေနဲ့ပဲ ရှိကြ ပါသေးတယ်။) ဟိုက်ဒြိုဂျင် တွေနဲ့ ဟီလီယံတွေ ဖြစ်ကြပါတယ်။ စကြာဝဠာရဲ့ ၉၀% ဟာ ဟိုက်ဒြိုဂျင် တွေဖြစ်ပြီး ၁၀% တော့ ဟီလီယံတွေ ဖြစ်ကြပါတယ်။ ဒါ့အပြင် ဒြူတီရီယမ် (deuterium)  ခေါ် ဟိုက်ဒြိုဂျင် အလေး (heavy hydrogen)၊ ထရစ်တီယံ (tritium) နဲ့ လစ်သီယံ (Lithium) အနည်းအကျဉ်းလဲ မွေးဖွားခဲ့ ပါတယ်။

အခုဆို စကြာဝဠာရဲ့ သက်တမ်း ၂ မိနစ် ရှိသွား ခဲ့ပါပြီ။

***

နောက်ထပ် နှစ် ၃၈၀,၀၀၀ ခန့် ကာလဟာ အတော်လေး ပျင်းစရာ ကောင်းတဲ့ ကာလ ဖြစ်ပါတယ်။ ဒီ ကာလ အတွင်းမှာ ဘာ ထူးခြားတဲ့ ဖြစ်စဉ်မှ ဖြစ်ပေါ်ခဲ့ခြင်း  မရှိခဲ့ ပါဘူး။ 

ဒီ နှစ် ၃၈၀,၀၀၀ တောက်လျှောက်မှာ အပူချိန်ဟာ မြင့်မား နေဆဲမို့ အီလက်ထရွန် တွေဟာ ပရိုတွန်နဲ့ ပေါင်းစပ် မိနိုင်ခြင်း မရှိကြ သေးပါဘူး။ ဒီကာလမှာ အီလက်ထရွန် တွေဟာ စကြာဝဠာ အနှံ့ လွတ်လပ်စွာ လွင့်မြော နေကြပါတယ်။

ဒါပေမယ့် ဒီလို အီလက်ထရွန် တွေရဲ့ လွတ်လပ်မှုဟာ စကြာဝဠာ သက်တမ်း နှစ် ၃၈၀,၀၀၀ အကြာမှာ ရုတ်တရက် ရပ်တန့်လို့ သွားပါတယ်။ 

ဒီအချိန် ရောက်တဲ့ အခါမှာ စကြာဝဠာရဲ့ အပူချိန်ဟာ ကယ်လ်ဗင် ၃၀၀၀ ခန့် (၂၇၀၀ ဒီဂရီ စင်တီဂရိတ်ခန့်) အထိ ကျဆင်း သွားခဲ့ပါတယ်။ ဒီ အပူချိန်ဟာ နေရဲ့ မျက်နှာပြင် အပူချိန် ထက်ဝက်ခန့် ရှိပါတယ်။

ဒီ အပူချိန် အရောက်မှာ လွင့်မြောနေတဲ့ အီလက်ထရွန် တွေဟာ ဆက်လက် လွင့်မြောနေဖို့ စွမ်းအင် လုံလောက်မှု မရှိ ကြတော့ပါဘူး။ ဒီအခါမှာ သူတို့ဟာ အပေါ်က ပြောခဲ့တဲ့ အက်တမ် တွေရဲ့ (ဟိုက်ဒြိုဂျင်၊ ဟီလီယံ နဲ့ အခြား ဒြပ်စင် အနည်းအကျဉ်း) နျူကလိယပ်စ် နဲ့ ပေါင်းစပ်မိ သွားကြပါတယ်။

ဒီလို ပေါင်းစပ်မိ သွားတဲ့ အချိန်မှာ အရင်က လွင့်မြောနေတဲ့ အီလက်ထရွန် တိမ်တိုက်ကြီး ကြားထဲ ပိတ်မိနေ ခဲ့ကြတဲ့ ဖိုတွန်တွေဟာ ရုတ်တရက် လွတ်ထွက်လို့ သွားကြပါတယ်။ ဒီ လွတ်ထွက်လာ ခဲ့တာဟာ စကြာဝဠာရဲ့ ကနဦး အလင်းရောင်ပဲ ဖြစ်ပါတယ်။ 

ဒီ အလင်းရောင်ဟာ စကြာဝဠာ အနှံ့ ပြန့်နှံ့ပြီး ဓါတ်ပုံ ဖလင်မှာ အရုပ်ထင် သလိုမျိုး စကြာဝဠာရဲ့ အဲ့သည် ကာလက ရှိတဲ့ ဖြစ်စဉ်ကို ထာဝရ မှတ်တမ်း တင်ပေး ခဲ့ပါတယ်။ 

အခု အချိန်မှာတော့ ဒီ ကနေဦး အလင်းရောင်ကို စကြာဝဠာရဲ့ နောက်ခံ မိုက်ကရိုဝေ့ လှိုင်းတွေ (Cosmic Microwave Background) အနေနဲ့ ဖမ်းယူ နိုင်ကြပါတယ်။

အခုအချိန်မှာတော့ စကြာဝဠာဟာ အခြေခံ အမှုန်တွေ ဖြစ်တဲ့ အီလက်ထရွန်၊ ပရိုတွန်၊ နျူထရွန် တို့နဲ့ တကွ အခြေခံ အက်တမ် တွေ ဖြစ်တဲ့ ဟိုက်ဒြိုဂျင်နဲ့ ဟီလီယံ ဒြပ်စင်တွေနဲ့ ပြည့်နှက်လို့ နေပါပြီ။ နောက်တဆင့် ဖြစ်တဲ့ ကြယ်တွေ၊ ဂလက်ဆီတွေ ဖြစ်ပေါ် မွေးဖွားဖို့ အသင့် ဖြစ်နေပါပြီ။

— အပိုင်း (၅) ဆက်ဖတ်ရန် – လူတိုင်းအတွက်် စကြဝဠာ (Astrophysics for People in a Hurry) – အပိုင်း (၅)

Advertisement