Skip to content

အာဖရိကတိုက်က နှစ်သန်း ၂၀၀၀ သက်တမ်းရှိ အဏုမြူ ဓါတ်ပေါင်းဖို

  • Science
Gabon-natural-nuclear-reactor

ကမ္ဘာ့ ပထမဆုံး အဏုမြူ ဓါတ်ပေါင်းဖိုကို ၁၉၅၀ ကျော်မှာ စတင် လည်ပတ် နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီ မတိုင်မီ နှစ်သန်း ၂,၀၀၀ စောတဲ့ အချိန်က ကမ္ဘာပေါ်မှာ အဏုမြူ ဓါတ်ပေါင်းဖိုပေါင်း ၁၇ ခု တိတိ လည်ပတ်ခဲ့တယ် ဆိုတဲ့ အထောက်အထားကို သိပ္ပံ ပညာရှင်တွေ ရှာဖွေ တွေ့ရှိ ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီ ဓါတ်ပေါင်းဖို တွေဟာ လူလုပ် ဓါတ်ပေါင်းဖိုတွေ မဟုတ်ကြပဲ သဘာဝ အလျှောက် ဖြစ်ပေါ်လာ ခဲ့တဲ့ အဏုမြူ  ဓါတ်ပေါင်းဖိုတွေ ဖြစ်ကြပါတယ်။

အခု သဘာဝ အဏုမြူ ဓါတ်ပေါင်းဖို တွေကို အာဖရိကတိုက် အနောက်ပိုင်းမှာ ရှိတဲ့ ဂါဘွန် (Gabon) နိုင်ငံမှာ ရှာဖွေ တွေ့ရှိ ခဲ့တာ ဖြစ်ပါတယ်။

ဒီ အဏုမြူ ဓါတ်ပေါင်းဖို တွေက ထုတ်လုပ်ပေးတဲ့ စွမ်းအင် ပမာဏ က သိပ်ပြီး များလှတာတော့ မဟုတ်ပါဘူး။ ဒီ ဂါဘွန် အဏုမြူ ဓါတ်ပေါင်းဖို တစ်ခုချင်း စီက ထုတ်ပေးတဲ့ ပျမ်းမျှ စွမ်းအားက ကီလိုဝပ် ၁၀၀ (100 kilowatts) လောက်ပဲ ရှိပါတယ်။ ဒီပမာဏဟာ လျှပ်စစ်မီးလုံး အလုံး ၁၀၀၀ လောက်ကို မီးပေးနိုင်ရုံ ပမာဏပဲ ရှိပါတယ်။

နှိုင်းယှဉ်မယ် ဆိုရင် ယနေ့ခေတ် လျှပ်စစ် ဓါတ်အား ထုတ်တဲ့ အဏုမြူ ဓါတ်ပေါင်းဖို တစ်လုံးဟာ မီဂါဝပ် ၁၀၀၀ (1000 megawatts) လောက် ပျမ်းမျှ ထုတ်ပေး နိုင်ပါတယ်။ ဒီ ပမာဏဟာ လျှပ်စစ်မီးလုံး ၁၀ သန်းကို မီးထွန်းနိုင်ဖို့ လုံလောက်တဲ့ ပမာဏ ဖြစ်ပါတယ်။

ဒီလို စွမ်းအင် ထုတ်နိုင်စွမ်း နည်းပါး ပေမယ့်လဲ ဒီ ဂါဘွန် ဓါတ်ပေါင်းဖို တွေကို သိပ္ပံ ပညာရှင် တွေက စိတ်ဝင်တစား လေ့လာ ခဲ့ကြပါတယ်။ 

သူတို့ရဲ့ ထူးခြားချက် ကတော့ လွန်ခဲ့တဲ့ နှစ်သန်း ၂,၀၀၀ ခန့်က ဘယ် သက်ရှိ တွေရဲ့ ဖန်တီးမှုမှ မပါပဲ သဘာဝ အတိုင်း အလိုအလျှောက် စတင် လည်ပတ် ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလို စတင် လည်ပတ် ခဲ့ချိန်ကနေ နောက် နှစ် ၁ သန်းလောက် တည်တည်ငြိမ်ငြိမ် ဆက်လက် လည်ပတ် နေခဲ့ ကြတယ် ဆိုတာကို တွေ့ရှိ ခဲ့ကြပါတယ်။

ဒါ့အပြင် ဒီ အဏုမြူ ဓါတ်ပေါင်းဖိုက ထွက်ရှိတဲ့ အဏုမြူ သတ္တိကြွ စွန့်ပစ် ပစ္စည်း တွေကိုလဲ ပြင်ကကို ရေဒီယို သတ္တိကြွ စိမ့်ထွက်မှု မရှိပဲ လုံလုံခြုံခြုံ နဲ့ နှစ် သန်း ၂၀၀၀ လုံး သိမ်းဆည်း ထားနိုင် ခဲ့ပြန်ပါ သေးတယ်။ 

ဒီအချက်ဟာ ဘာကို ပြနေလဲ ဆိုတော့ အဏုမြူ ဓါတ်ပေါင်းဖို တွေကနေ ထွက်ရှိတဲ့ အဏုမြူ သတ္တိကြွ စွန့်ပစ် ပစ္စည်းတွေကို မြေအောက်မှာ လုံခြုံစိတ်ချစွာ တာရှည် သိမ်းဆည်းထားဖို့ ဖြစ်နိုင်တယ် ဆိုတာပဲ ဖြစ်ပါတယ်။

ရှာဖွေတွေ့ရှိခြင်း

ဂါဘွန် အဏုမြူ ဓါတ်ပေါင်းဖိုကို ၁၉၇၂ ခုနှစ်က ရှာဖွေ တွေ့ရှိခဲ့ ကြတာ ဖြစ်ပါတယ်။ အဲ့သည် အချိန်က ယူရေနီယံ သတ္တုသိုက် ရှာတဲ့ ပြင်သစ် ကုမ္ပဏီဟာ ဂါဘွန် နိုင်ငံမှာ ယူရေနီယံ သိုက် တစ်ခု ရှာဖွေ တွေ့ရှိခဲ့ ကြပါတယ်။ 

ဒီ ယူရေနီယံ သိုက်က သတ္တုတွေကို တူးဖေါ်ဖို့ ပဏာမ စစ်ဆေးမှု ပြုလုပ်တဲ့ အခါမှာ ဒီ သတ္တုသိုက်က ယူရေနီယံ သတ္တုရိုင်း တွေဟာ အဏုမြူ ဓါတ်ပေါင်းဖိုမှာ သုံးစွဲဖို့ စံချိန်မမှီဘူး ဆိုတာကို တွေ့ရှိ ခဲ့ကြပါတယ်။ 

ပုံမှန် ယူရေနီယံ သတ္တုရိုင်းမှာ ယူရေနီယံ ဒြပ်စင် ပမာဏ ၀.၇ ရာခိုင်နှုန်းခန့် ပါဝင်ပါတယ်။ ဒါ့ပေမယ့် ဂါဘွန် သတ္တုတွင်းက ထုတ်ယူ ရရှိတဲ့ သတ္တုရိုင်း တွေကတော့ ယူရေနီယံ ၀.၃ ရာခိုင်နှုန်းပဲ ပါဝင်တာမို့ ပုံမှန်ထက် အများကြီး လျှော့နည်း နေပါတယ်။

ဒီ သတ္တုရိုင်း တွေကို လက်ခံ ရရှိခဲံတဲ့ Tricastin ယူရေနီယံ သန့်စင် စက်ရုံက အုပ်ချုပ်သူ တွေဟာ သတ္တုတူးတဲ့ ကုမ္ပဏီက လိမ်ညာပြီး ရောင်းချဖို့ ကြိုးစားတယ်လို့ သံသယ ဖြစ်ခဲ့ပါတယ်။ ဒါ့ကြောင့် ဒီ ကိစ္စကို စုံစမ်း စစ်ဆေး ခဲ့ကြပါတယ်။

ဒါပေမယ့် သူတို့ရဲ့ စုံစမ်း စစ်ဆေး မှုအရ ဒီ ပမာဏဟာ မှန်ကန်မှု ရှိတယ်၊ ဒီ သတ္တုမိုင်းက ယူရေနီယံ တွေဟာ ထုတ်ယူ သုံးစွဲ ထားပြီး ဖြစ်တယ်ဆိုတာ သိရှိ ပြီးတဲ့ နောက်မှာတော့ ကမ္ဘာ အနှံ့က နျူကလိယ သိပ္ပံ ပညာရှင် တွေဟာ ဒီ မိုင်းကို စုပြုံ ရောက်လာကြပြီး သုတေသတွေ ပြုလုပ် ခဲ့ကြပါတော့တယ်။

ပညာရှင် တွေရဲ့ အသေးစိတ် စုံစမ်း စစ်ဆေးမှု အပြီးမှာ ရလာတဲ့ ကောက်ချက်ဟာ နျူကလိယ သိပ္ပံ ပညာရှင် အသိုင်းအဝိုင်းကို တုန်လှုပ်သွား စေခဲ့ပါတယ်။        

သူတို့ရဲ့ စုံစမ်း စစ်ဆေးမှု အရ ဒီ ဂါဘွန် ယူရေနီယံ သတ္တုတွင်း ကြီးဟာ တကယ်တော့ လွန်ခဲ့တဲ့ နှစ်သန်း ၂၀၀၀ ခန့်က လည်ပတ်ခဲ့တဲ့ စတုရန်း ကီလိုမီတာ ၃၅,၀၀၀ အကျယ်အဝန်း ရှိတဲ့ အဏုမြူ ဓါတ်ပေါင်းဖိုကြီး ဖြစ်ပြီး အနည်းဆုံး နှစ် ၅၀၀,၀၀၀ ခန့် မရပ်မနား လည်ပတ် ခဲ့တယ် ဆိုတာ တွေ့ရှိ ခဲ့ကြ ရပါတယ်။

သဘာဝ အဏုမြူ ဓါတ်ပေါင်းဖို တကယ် ဖြစ်နိုင်သလား

ကမ္ဘာပေါ်မှာ သဘာဝ အဏုမြူ ဓါတ်ပေါင်းဖိုတွေ လည်ပတ်နေ ခဲ့မယ် ဆိုတာကို သိပ္ပံ ပညာရှင် အချို့က ၁၉၅၀ ခုနှစ်တွေ ကတဲက ကြိုတင် ဟောကိန်း ထုတ်ခဲ့ ကြပါတယ်။ အထူးသဖြင့် ၁၉၅၆ ခုနှစ်က တင်ပြခဲ့တဲ့ ပေါ်လ် ကူရိုဒါ (Paul Kuroda) ရဲ့ စာတမ်းမှာ သဘာဝ အဏုမြူ ဓါတ်ပေါင်းဖိုတွေ လည်ပတ်နိုင်ဖို့ လိုအပ်တဲ့ အခြေခံ အချက်အလက် တွေကို တင်ပြ ခဲ့ပါတယ်။ 

သူတင်ပြ ခဲ့တဲ့ အချက်တွေဟာ လူသားတွေ တည်ထွင် တည်ဆောက် ထားကြတဲ့ အဏုမြူ ဓါတ်ပေါင်းဖို တွေရဲ့ လိုအပ်ချက် တွေနဲ့  သိပ်ပြီး ကွာခြားခြင်း မရှိပါဘူး။

လူလုပ် အဏုမြူ ဓါတ်ပေါင်းဖို တစ်ခု အတွင်းမှာ ယူရေနီယံ (Uranium) သို့မဟုတ် ပလူတို နီယမ် (plutonium) အက်တမ်တွေဟာ ကွဲထွက် သွားကြပါတယ်။ ဒီလို ကွဲထွက် သွားတာကြောင့် နျူထရွန်တွေ အများအပြား အရှိန်နဲ့ ထွက်လာ ကြပါတယ်။ 

ဒီလို အရှိန်အဟုန်နဲ့ ထွက်လာကြတဲ့ နျူထရွန် တွေကို ဂရပ်ဖိုက် (graphite) ချောင်းတွေ နဲ့ နှေးသွားအောင် ပြုလုပ်ခဲ့ရင် ဒီ နျူထရွန်တွေကနေ အခြား ယူရေနီယံ အက်တမ်တွေကို ကွဲထွက်အောင် ဆက်လက် ပြုလုပ် ပေးတဲ့ ဖြစ်စဉ်ကို နှေးသွားအောင် ထိန်းချုပ် ပေးနိုင်ပါတယ်။ ဒီ ထိန်းချုပ်မှုကို ဂရုတစိုက် ပြုလုပ် ပေးနိုင်မယ် ဆိုရင် အဏုမြူ ဓါတ်ပြုမှု ဖြစ်စဉ်ကို နှစ်ပေါင်းများစွာ ကြာအောင် ထိန်းထား ပေးနိုင်မှာ ဖြစ်ပါတယ်။

ဒီ အဏုမြူ ဓါတ်ပြုမှု ကနေ စွမ်းအင် ထွက်လာပါတယ်။ ဒီ စွမ်းအင်ကို အသုံးပြုပြီး ရေကို အပူပေး၊ ထွက်လာတဲ့ ရေနွေးငွေ့နဲ့ လျှပ်စစ် ဂျင်နရေတာ တွေကို လည်ပတ်ပြီး လျှပ်စစ်ဓါတ်အား ထုတ်ပေးတာ ဖြစ်ပါတယ်။

ကူရိုဒါက သူ့ရဲ့ စာတမ်းမှာ လူသားတွေရဲ့ ကြားဝင် ဆောင်ရွက်မှု မရှိပဲ အဏုမြူ ဓါတ်ပြုမှု ဖြစ်စဉ်ဟာ အလိုအလျှောက် ဖြစ်ပေါ် လာနိုင်တယ်လို့ တင်ပြ ခဲ့ပါတယ်။ သူ တင်ပြတဲ့ အခြေခံ လိုအပ် ချက်တွေကတော့ သင့်တော်တဲ့ ပမာဏ ရှိတဲ့ ယူရေနီယံ သတ္တုရိုင်းသိုက် တည်ရှိမှု၊ ယူရေနီယံ ပါဝင်မှု ပမာဏ မြင့်မားမှု၊ ဓါတ်ပြုမှုကို နှေးကွေးအောင် ထိန်းချုပ်ပေးမယ့် ဒြပ်ပစ္စည်းတွေ အတူတကွ တည်ရှိမှု နဲ့ ပျော်ဝင်နေတဲ့ ဒြပ်စင်တွေ ကင်းစင်မှု အစ ရှိတာ တွေကို တင်ပြ ခဲ့ပါတယ်။

သူ တင်ပြချက်တွေဟာ သီအိုရီ အရ ဖြစ်နိုင်ပေမယ့် လက်တွေ့မှာတော့ ဒီ အချက်တွေ အားလုံး ပြည့်စုံဖို့ အင်မတန် ခဲယဉ်းလိမ့်မယ်လို့ ပညာရှင် အများစုက ယူဆခဲ့ ကြပါတယ်။ ဒါပေမယ့် အခု သဘာဝ နျူကလိယ ဓါတ်ပေါင်းဖိုကို ရှာဖွေ တွေ့ရှိခဲ့တဲ့ နောက်မှာတော့ သိပ္ပံ ပညာရှင် တွေရဲ့ အမြင်လဲ ပြောင်းလဲ သွားခဲ့ ရပါတယ်။

ဒါပေမယ့် ကူရိုဒါရဲ့ သီအိုရီက ဒီ ဓါတ်ပေါင်းဖို တည်တည်ငြိမ်ငြိမ်နဲ့ နှစ် ငါးသိန်း ကြာအောင် ဘယ်လို လည်ပတ် နေနိုင် ခဲ့သလဲ ဆိုတာနဲ့ ပါတ်သက်ပြီး ကြေနပ်အောင် ဖြေရှင်း ပေးနိုင်ခြင်း မရှိ ခဲ့ပါဘူး။ အသေးစိတ် သုတေသန ပြုအပြိး မှာတော့ သိပ္ပံ ပညာရှင် တွေဟာ ကူရိုဒါ ရဲ့ သီအိုရီမှာ နောက်ထပ် အခြေခံ လိုအပ်ချက် တစ်ခုကို ထပ်မံ ဖြည့်စွက် ခဲ့ကြပါတယ်။

အသစ်တိုး လိုက်တဲ့ အခြေခံ လိုအပ်ချက် ကတော့ သဘာဝ အဏုမြူ ဓါတ်ပေါင်းဖို အတွင်းကို အဆက်မပြန် ပုံမှန် စီးဝင်နေတဲ့ ရေစီးကြောင်း ရှိပြီး ဒီ ရေတွေ အငွေ့ပြန် သွားတဲ့ အခါ ရေငွေ့တွေ ထွက်နိုင်ဖို့ လေထွက်ပေါက်တွေ ရှိရမယ် ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

ပညာရှင် တွေရဲ့ တွက်ချက်မှု အရ လွန်ခဲ့တဲ့ နှစ်သန်း ၂၀၀၀ ခန့်က ဒီ သတ္တုတွင်းက သတ္တုရိုင်း တွေမှာ ယူရေနီယံ ပါဝင်မှု နှုန်းဟာ ၃ ရာခိုင်နှုန်း လောက်ထိ မြင့်မား ခဲ့လိမ့်မယ်လို့ ယူဆ ကြပါတယ်။ ဒီလောက် ပဏာမ ရှိမှလဲ သဘာဝ အလျှောက် အဏုမြူ ဓါတ်ပြုမှု ဖြစ်ပေါ် လာနိုင်မှာ ဖြစ်ပါတယ်။

ဒီ ဓါတ်ပေါင်းဖို အတွင်းမှာ အဏုမြူ ဓါတ်ပြုမှုဟာ ၃ နာရီ ခြား တစ်ခါ ဖြစ်ပေါ်ခဲ့တယ်လို့ ယူဆ ကြပါတယ်။ မြေအောက် ကျောက်သားရဲ့ အက်ကြောင်းတွေ ကနေ စိမ့်ဝင်လာတဲ့ ရေနဲ့ ယူရေနီယံ တွေ့တဲ့အခါ အဏုမြူ ဓါတ်ပြုမှု ဖြစ်ပေါ် လာရပါတယ်။ ဒီ ဖြစ်စဉ်ကြောင့် အပူ ထွက်လာပါတယ်။ 

အပူကြောင့် ရေတွေ ခမ်းခြောက် အငွေ့ပျံ သွားကြပါတယ်။ ကျောက်သားတွေ ကြားက ရေကပဲ အဏုမြူ ဓါတ်ပြုမှုကို တည်ငြိမ်အောင် ကြားခံ အနေနဲ့ ဆောင်ရွက် ပေးမယ်လို့ ယူဆ ကြပါတယ်။

နောက်ထပ် ရှာဖွေ တွေ့ရှိမှု ကတော့ အလွန် ထိရောက်တဲ့ စွန့်ပစ်ပစ္စည်း သိမ်းဆည်းမှု စနစ်ပဲ ဖြစ်ပါတယ်။ 

ဒီ ဂါဘွန် ဓါတ်ပေါင်းဖို တွေက ထွက်တဲ့ အဏုမြူ သတ္တိကြွ စွန့်ပစ် ပစ္စည်း တွေဟာ ပတ်ဝန်းကျင် မြေအောက်ရေထဲ စိမ့်ဝင်ပြီး သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု မဖြစ်တာကို ပညာရှင်များ သတိပြုမိ ခဲ့ကြပါတယ်။ နှစ်ပေါင်း သန်း ၂၀၀၀ ကြာတဲ့ တိုင်အောင် ရေဒီယို သတ္တိကြွ စွန့်ပစ် ပစ္စည်းတွေကို ဒီ ဓါတ်ပေါင်းဖို အတွင်းမှာ ရှာဖွေ တွေ့ရှိ နေပါသေးတယ်။ 

ဒီ ဓါတ်ပေါင်းဖိုရဲ့ စွန့်ပစ် ပစ္စည်း ထိန်းသိမ်းမှု ပုံစံကို အတုယူ နိုင်ဖို့ နျူကလိယ ပညာရှင်တွေ အသေးစိတ် လေ့လာ နေဆဲ ဖြစ်ပါတယ်။ တချိန်ချိန်မှာ ဒီလိုပဲ ထိရောက်တဲ့ ရေဒီယို သတ္တိကြွ ပစ္စည်း စွန့်ပစ်မှု နည်းလမ်းတွေကို အခြား ဓါတ်ပေါင်းဖို တွေမှာ အသုံးပြု နိုင်ဖို့ မျှော်လင့် ထားကြပါတယ်။

ဒီ ဂါဘွန် ဓါတ်ပေါင်းဖို ကြီးနဲ့ ပတ်သက်လို့ ကျေနပ်လောက်တဲ့ အဖြေ မထုတ် ပေးနိုင်သေးတဲ့ မေးခွန်းတွေ အများအပြား ကျန်ရှိ နေပါသေးတယ်။ 

ဘာ့ကြောင့် ဒီနေရာ ကျဉ်းကျဉ်း လေးမှာ ယူရေနီယံ ပမာဏ အများအပြား လာစု နေရတာလဲ။ သဘာဝ အဏုမြူ ဓါတ်ပြုမှု ဖြစ်စဉ် ဘာ့ကြောင့် ဒီဒေသ တစ်ခုထဲ မှာပဲ ဖြစ်ပေါ် ရတာလဲ။ ရေဒီယို သတ္တိကြွ အညစ်အကြေးတွေ လွှတ်ထွက် မသွားအောင် ဓါတ်ပေါင်းဖိုရဲ့ နံရံတွေက ဘာတာဝန် ယူခဲ့ ကြ သလဲ။ နောက်ပြီး ဒီ ဒေသ အတွင်း နေရာ ၂၀ နီးပါးမှာ အဏုမြူ ဓါတ်ပြုမှု ဘယ်လိုလုပ် ပြိုင်တူ နီးပါး ဖြစ်လာ ကြသလဲ။

ဒီ မေးခွန်းတွေ အပြင် အရေး အကြီး ဆုံး မေးခွန် တစ်ခုကတော့ လွန်ခဲ့တဲ့ နှစ် သန်း ၂၀၀၀ လောက်တုန်းက ဒီ ဒေသမှာ ဘာတွေ ဖြစ်ခဲ့ကြ သလဲ ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ ဒီမေးခွန်း ကိုတော့ ယခု အချိန် အထိ ပညာရှင်တွေ တိတိကျကျ ဖြေကြားနိုင်ခြင်း မရှိကြ သေးပါဘူး။ 

Ref: Nature’s Nuclear Reactors: The 2-Billion-Year-Old Natural Fission Reactors in Gabon, Western Africa | Scientific American

Advertisement