စကြာဝဠာ အတွင်းမှာ ဘယ်အရာမှ အလင်းထက် မြန်အောင် ခရီး မသွားနိုင်ပါဘူး။ ဒါဟာ အိုင်းစတိုင်းရဲ့ နှိုင်းရ နိယာမ (Special Theory of Relativity) ရဲ့ အခြေခံ ဥပဒေသ ဖြစ်ပါတယ်။
နှိုင်းရ နိယာမ အရ အလင်းလျှင်နှုန်းနဲ့ နီးလာလေလေ အချိန်ဟာ နှေးသွားလေလေ ဖြစ်ပါတယ်။ အလင်းလျှင် နှုန်းကို ရောက်တဲ့ အခါမှာတော့ အချိန်ဟာ လုံးဝ ရပ်ဆိုင်းသွားမှာ ဖြစ်ပါတယ်။
အလင်းလျှင်နှုန်းကို လွန်သွားရင်တော့ အချိန်ဟာ နောက်ပြန် ပြန်သွားမှာ ဖြစ်တာမို့ စကြာဝဠာရဲ့ အခြေခံ နိယာမ ဖြစ်တဲ့ အကြောင်းအကျိုး ဖြစ်စဉ် (causality) ကို ပျက်ယွင်း သွား စေမှာ ဖြစ်ပါတယ်။
(အကြောင်းအကျိုး ဖြစ်စဉ် ဆိုတာက ပြုလုပ်ခြင်း (အကြောင်း) ကြောင့် ရလဒ် (အကျိုး) ဖြစ် ပေါ် လာခြင်းပဲ ဖြစ်ပါတယ်။ တနည်းအားဖြင့် ပြုလုပ်ခြင်း ဆိုတဲ့ ကံ ကြောင့် အကျိုးရလဒ် ဖြစ်ပေါ် လာတာပါ။ အလင်းထက် လျှင်မြန်အောင် သွားခဲ့ရင် အကြောင်း ထက် အကျိုး က အရင် ဖြစ်နေမှာမို့ ကံ ကံ၏အကျိုး ဆိုတဲ့ လောက နိယာမလဲ ပျက်ယွင်း သွားတော့မှာ ဖြစ်ပါတယ်။)
ဒါပေမယ့် ဒီအချက်က သိပ္ပံ ပညာရှင် တွေကို အလင်းလျှင်လွန် ခရီးသွား ခြင်းနဲ့ ပတ်သက်လို့ သုတေသနတွေ ပြုလုပ်ခြင်းကနေ တွန့်ဆုတ်အောင်တော့ စွမ်းဆောင်နိုင်စွမ်း မရှိပါဘူး။
ပိုလန်နိုင်ငံ ဝါဆော တက္ကသိုလ် (University of Warsaw) နဲ့ စင်္ကာပူ အမျိုးသား တက္ကသိုလ် (National University of Singapore) တို့က သိပ္ပံ ပညာရှင် တွေဟာ နှိုင်းရ သီအိုရီ ကို လွန်ဆန်ခြင်း မရှိပဲနဲ့ အလင်လျှင်လွန် သွားနိုင်မယ့် နည်းလမ်း တစ်မျိုးကို ရှာဖွေ ကြံဆ ခဲ့ကြပါတယ်။
သူတို့ ရှာဖွေ ကြံဆခဲ့ကြတဲ့ နည်းလမ်းကတော့ အချိန် (time dimension) ဒိုင်မေးရှင်း ၃ ခု နဲ့ ဟင်းလင်းပြင် (space dimension) ဒိုင်မေးရှင်း တစ်ခုကို ပေါင်းစပ်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ သူတို့က ဒါကို “အထူးနှိုင်းရ နိယာမ၏ တိုးချဲ့မှု (extension of special relativity)” ဆိုပြီး တင်ပြ ထားပါတယ်။
ကျွန်တော်တို့ ပုံမှန်ဆိုရင် ဟင်းလင်းပြင် ဒိုင်မေးရှင်း က ၃ ခု (အလျား၊ အနံ၊ အမြင့်) ရှိပြီး အချိန် ဒိုင်မေးရှင်း ကတော့ တစ်ခုပဲ ရှိပါတယ်။ ဒီတော့ အခု တင်ပြချက်က သာမန် အနေနဲ့ ကြည့်ရင်တော့ အတော်လေး ထူးခြားလို့ နေပါတယ်။
ဒါပေမယ့် ရူပေဗေဒ မှာတော့ ဒီလို အချိန် ဒိုင်မေးရှင်း ၃ ခု ဖြစ်နေတာဟာ သိပ်ပြီး အထူးအဆန်း မဟုတ်လှပါဘူး။ နောက်ပြီး ဒီအချက်က ဘာကို ပြနေလဲ ဆိုတော့ တချိန်ချိန်မှာ နှိုင်းရ သီအိုရီနဲ့ အခြားသော ရူပဗေဒ နိယာမ တွေကို ဆန့်ကျင်ခြင်း မရှိပဲနဲ့ အလင်းလျှင်လွန် ခရီးသွားဖို့ ဖြစ်နိုင်မယ် ဆိုတဲ့ အထောက်အထား တစ်ရပ်လဲ ဖြစ်နေပါတယ်။
ဒီ သုတေသန စာတမ်းမှာ ပါဝင် ရေးသားခဲ့တဲ့ ပညာရှင် တစ်ဦးဖြစ်သူ အန်ဒါဇက်ဂျ် ဒရာဂန် ကတော့ “လူတစ်ယောက် အလင်းလျှင်ထက် ပိုမြန်တဲ့ အလျင်နဲ့ သွားဖို့ မဖြစ်နိုင်ဘူးလို့ ကန့်သတ်ထားတဲ့ အခြေခံ အကြောင်းတရား မရှိပါဘူး” လို့ ထောက်ပြပါတယ်။
အခု သုတေသနဟာ အရင်က အလားတူ သုတေသန တွေ့ရှိချက် တွေကို အခြေခံ ထားတာ ဖြစ်ပါတယ်။ အရင် သုတေသန တွေမှာ အလင်းလျင်လွန် ခရီးသွား နိုင်ခြင်းဟာ အိုင်းစတိုင်းရဲ့ နှိုင်းရ သီအိုရီနဲ့ ကွမ်တမ် ရူပဗေဒ နှစ်ခုကြားက ကွာဟချက်ကို ဆက်စပ် ပေးနိုင်လိမ့်မယ်လို့ တင်ပြထားခဲ့ ကြပါတယ်။
ယခု အချိန်ထိ ကွမ်တမ် ရူပဗေဒ နဲ့ အိုင်းစတိုင်းရဲ့ နှိုင်းရ သီအိုရီ နှစ်ခုဟာ ဆက်စပ်လို့ မရပဲ ပြဒါး တစ်လမ်း သံတစ်လမ်း ဖြစ်နေတုန်းပါပဲ။ ဒီ သီအိုရီ နှစ်ခု ဆက်စပ်ပေးဖို့ ကြိုးစားခဲ့ သမျှဟာလဲ အခုထိ မအောင်မြင် သေးပါဘူး။
အခု တင်ပြချက်ဟာ သီအိုရီ အသစ်တော့ မဟုတ်ပါဘူး။ အိုင်းစတိုင်းရဲ့ နှိုင်းရ သီအိုရီကို သင်္ချာ သဘောအရ ရှုထောင် အသစ်ကနေ ရှုမြင် တွက်ချက် ထားတာပဲ ဖြစ်ပါတယ်။
ဒီ ရှုထောင့် အရ အမှုန်တွေကို ဒိုင်မေးရှင်း ၃ ခုမှာ တွေးဆ သလိုမျိုး မျဉ်းကြောင်း တစ်ကြောင်း ပေါ်က အစက်လေး တစ်စက် အနေနဲ့ တွေးဆလို့ မရ တော့ပါဘူး။
ဒီ ရှုထောင့် အရဆို အမှုန်လေး တွေကို ကွမ်တမ် ရူပဗေဒ အမြင်ကနေပါ ရှုကြည့်ဖို့ လိုအပ် လာပါတယ်။ အထူးသဖြင့် အလင်းလျှင်လွန် ခရီးသွား နေတဲ့ အမှုန်တွေကို ကြည့်မြင်တဲ့ အခါမှာ ပုံမှန် မြင်နေကျ အသွင်နဲ့ မြင်ကြည့်လို့ ရတော့မှာ မဟုတ်ပါဘူး။
အလင်းလျှင်လွန် ခရီးသွားတဲ့ အမှုန်တွေဟာ သာမန် အမှုန်တွေလို အစက်ကလေး အနေနဲ့ ရှိမနေ တော့ပဲ ပူဖေါင်းလေးတွေ အနေနဲ့ ရှိနေမယ်လို့ ဆိုပါတယ်။
ဒီ အလင်းလျင်လွန် အမှုန်လေး တွေဟာ ဟင်းလင်းပြင် ထဲမှာ ပူဖေါင်းတွေ အနေနဲ့ ပြန့်ကား ထွက်သားပါလိမ့်မယ်။ ဒါဟာ ဘာနဲ့တူလဲ ဆိုတော့ ရေပြင်မှာ ခဲလုံး ပစ်ချလိုက်ရင် လှိုင်းလေးတွေ ဘေးကို ပြန့်ကား ထွက်သွားတာနဲ့ ခပ်ဆင်ဆင် တူပါတယ်။ (ကွမ်တမ် သီအိုရီ က အမှုန်တိုင်းမှာ လှိုင်း သဘာဝ ရှိတယ်လို့ ဆိုထားပါတယ်။)
ဒါ့အပြင် ဒီ အမှုန် လေးတွေဟာ မတူညီတဲ့ အချိန် ဒိုင်မင်းရှင်း အများအပြားရဲ့ သက်ရောက်မှုကိုလဲ ခံကြရမယ်လို့ ဆိုပါတယ်။
ဒီလို အလင်းလျင်လွန် အမြန်နှုန်းနဲ့ ခရီးသွား နေသည့်တိုင်အောင် ဒီ အလင်းလျင်လွန် ခရီးသည် တွေ ဖက်က ကြည့်ရင် လေဟာနယ် ထဲက အလင်းရဲ့ အလျင်ဟာ သာမန် လူတွေ မြင်ရ သလို အမြန်နှုန်း တသတ်မတ်ထဲပဲ ရှိနေမှာ ဖြစ်ပါတယ်။ အလင်းဟာ တစ်စက္ကန့်ကို ၁၈၆,၀၀၀ မိုင်ခန့် (ကီလိုမီတာ ၃၀၀,၀၀၀) ခန့် အမြန်နဲ့ သွားနေပါတယ်။
ရပ်နေတဲ့ သူအတွက် အလင်းဟာ တစ်စက္ကန့်ကို ၁၈၆,၀၀၀ မိုင် ရှိနေသလိုပဲ အလင်းလျင်လွန် ခရီးသွား နေသူအတွက်လဲ အလင်းရဲ့ အလျင်ဟာ တစ်စက္ကန့်ကို ၁၈၆,၀၀၀ မိုင်နှုန်းပဲ ရှိနေမှာ ဖြစ်ပါတယ်။
ဒီအချက်ဟာ အလွန်ပဲ အရေး ကြီးပါတယ်။ ဘာ့ကြောင့်ဆို အိုင်းစတိုင်းရဲ့ နှိုင်းရ နိယာမ အရ အလင်းရဲ့ အလျင်ဟာ လေဟာနယ် ထဲမှာ အမြဲတမ်း တသမတ်ထဲ မပြောင်းမလဲ ရှိနေမယ်လို့ ဆိုထားလို့ပါ။ ဒီ အလျင်ဟာ ရပ်နေတဲ့ သူအတွက် ဖြစ်ဖြစ်၊ ရွှေ့လျားနေတဲ့ သူအတွက် ဖြစ်စေ အတူတူပဲ ဖြစ်နေပါတယ်။
ဒါပေမယ့် ဒီလို အချိန် ဒိုင်မေးရှင်း ၃ ခုနဲ့ ဟင်းလင်းပြင် ဒိုင်မေးရှင်း တစ်ခု အနေနဲ့ ပြောင်းလဲ ရှုမြင်တာဟာ လုံးဝ ပြဿနာ ကင်းတာတော့ မဟုတ်ပါဘူး။ ဒီ ရှုမြင်ချက်က ရှိရင်းစွဲ မေးခွန်းအချို့ကို အဖြေထုတ် ပေးပေမယ့် သူကိုယ်နှိုက်က မေးခွန် အသစ်တွေ ထပ်မံ ထွက်ပေါ် လာစေ ပြန်ပါတယ်။
ဒီမေးခွန်း တွေကို ပြေလည်စေ ဖို့ဆိုရင် ဒီ ရှုမြင်ချက် အသစ်ကို ကွမ်တမ် စက်ကွင်း သီအိုရီ (Quantum field theory) နဲ့ ပေါင်းစပ်ပေးဖို့ လိုအပ်ပါတယ်။ ကွမ်တမ် စက်ကွင်း သီအိုရီ ဆိုတာက ဟင်းလင်းပြင်ဟာ ကွမ်တမ် စက်ကွင်းတွေနဲ့ ပြည့်နေတယ်လို့ ယူဆတဲ့ သီအိုရီ ဖြစ်ပါတယ်။ (ဟင်းလင်းပြင်မှာ လျှပ်စစ်သံလိုက် စက်ကွင်း (electromagnetic field) တွေနဲ့ ပြည့်နေ သလိုမျိုးပေါ့)။
ဒီစာတမ်းကြောင့် ထွက်ပေါ်လာတဲ့ အဓိက မေးခွန်း တစ်ခုကတော့ ဒီလို အလင်းလျင်လွန် သွားနေတဲ့ အမှုန်လေး တွေကို လက်တွေ့မှာ ရှာဖွေ ထောက်လှမ်း နိုင်ပါ့မလား ဆိုတာပဲ ဖြစ်ပါတယ်။ ဒီမေးခွန်းကို အဖြေပေးဖို့ ကလဲ လက်တွေ့မှာ သိပ်တော့ မလွယ် လှပါဘူး။
ဒီလို သဘာဝလွန် ဒြပ်မှုန် တစ်ခုကို ရှာဖွေတွေ့ရှိမယ် ဆိုရင် ဒါဟာ နိုဘယ်လ်ဆုနဲ့ ထိုက်တန်တဲ့ ရှာဖွေ တွေ့ရှိမှုကြီး တစ်ရပ် ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို ရှာဖွေ တွေ့ရှိဖို့ ဆိုတာက နောက်ဆုံးပေါ် နည်းပညာတွေ အသုံးပြု နိုင်တဲ့ သုတေသန ဓါတ်ခွဲခန်း ကြီးတွေကသာလျင် စွမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။
ဒါပေမယ့် အခု တွေ့ရှိချက်ကို လက်ရှိ Higgs ဒြပ်မှုန်တွေ ရဲ့ သဘာဝ ကို လေ့လာနေတဲ့ သုတေသနတွေမှာ ထည့်သွင်း အသုံးပြု နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိ Higgs အမှုန်တွေရဲ့ သဘာဝ နဲ့ ပတ်သက်ပြီး ရှင်းပြနိုင်စွမ်း မရှိသေးတဲ့ အချက်တွေ အများကြီး ရှိနေပါသေးတယ်။ ဒီ အချက်တွေကို ဖော်ထုတ်ရာမှာ အခု သုတေသန တွေ့ရှိချက် တွေက အထောက်အကူ ပြုနိုင် လိမ့်မယ်လို့ ပညာရှင် တွေက မျှော်လင့် ထားကြပါတယ်။
Ref: Study Shows How The Universe Would Look if You Broke The Speed of Light, And It’s Weird | Science Alert