Skip to content

မြွေထီးတွေမှာ လိင်အင်္ဂါ နှစ်ခုပါတယ်ဆိုတာ သင်သိသလား

မြွေတွေမှာ လိင်အင်္ဂါ နှစ်ခုပါပါတယ်။

ကမ္ဘာပေါ်မှာ တွားသွား သတ္တဝါ အမျိုးပေါင်း တစ်သောင်းကျော် အသက်ရှင် နေထိုင်နေကြပါတယ်။ ဖွတ်၊ ပုတ်သင်ညို၊မြွေလို အကောင်တွေကစလို့ မိကျောင်းလို အကောင်ကြီးတွေအထိ တွားသွား သတ္တဝါတွေဟာ အရွယ်စုံ၊ ဆိုက်စုံ၊ ပုံစံစုံ ရှိကြပါတယ်။

သူတို့ဟာ ကိုယ်ခန္ဓာကသာ အရွယ်စုံ၊ ဆိုက်စုံတာ မဟုတ်ပါဘူးတဲ့။ ဒီတွားသွား သတ္တဝါတွေရဲ့ လိင်အင်္ဂါဟာလဲ တစ်ကောင်နဲ့ တစ်ကောင် မတူကွဲပြား ကြပါတယ်တဲ့။

အချွန်အတက်တွေနဲ့ လိင်အင်္ဂါတွေ၊ တစ်ကောင်ထဲမှာ လိင်အင်္ဂါ အများအပြားပါတဲ့ တွားသွား သတ္တဝါ တွေကနေ လိင်အင်္ဂါ မပါတဲ့ သတ္တဝါတွေအထိ အမျိုးမျိုး ကွဲပြားကြပါတယ်။

အခုထက်ထိတော့ သိပ္ပံပညာရှင် တွေဟာ တွားသွားသတ္တဝါ အထီးတွေရဲ့ လိင်အင်္ဂါကိုသာ အသေးစိတ် လေ့လာရပါသေးတယ်။ ဘာလို့လဲ ဆိုတော့ တွားသွား သတ္တဝါ အမတွေရဲ့ လိင်အင်္ဂါက ကိုယ်ခန္ဓာအတွင်းထဲ ရောက်နေတော့ လေ့လာရတာ ခက်လို့ပါတဲ့။

နှစ်ခုက တစ်ခုထက် ပိုကောင်းတယ်

မြွေတွေမှာ လိင်အင်္ဂါ နှစ်ခုပါပါတယ်။ သူတို့ရဲ့ လိင်အင်္ဂါကလဲ အချွန်အတက် ကလေးတွေနဲ့ပါ။ (Credit: Tess Thornton)

မြွေထီးတွေနဲ့ ဖွတ်တွေ၊ ပုတ်သင်ထီးတွေမှာ လိင်အင်္ဂါ နှစ်ခုတောင် ပါပါတယ်တဲ့။ သူတို့ရဲ့ လိင်အင်္ဂါ နှစ်ခုတွဲကို သိပ္ပံအခေါ်နဲ့ hemipenes လို့ခေါ်ပါတယ်။

ဒီလို နှစ်ခုပါတာဟာ အထီးတွေအတွက် အကျိုးရှိပါတယ်တဲ့။ ဘာလို့လဲဆိုတော့ မိတ်လိုက်ရာသီမှာ အခြားမြွေထီးတွေနဲ့ အပြိုင်မိတ်လိုက်ရတာဆိုတော့ မြွေမရဲ့ ဘယ်ဖက်ြခမ်းပဲဖြစ်ဖြစ်၊ ညာဖက်ခြမ်းပဲဖြစ်ဖြစ် မိတ်လိုက်နိုင်တဲ့ အတွက် အောင်မြင်ဖို့ အခွင့်အလမ်း ပိုများပါတယ်တဲ့။

ဒီလို မိတ်လိုက်ရာသီ မှာဆိုရင် မြွေမတစ်ကောင်ကို မြွေထီး အကောင် လေးငါးဆယ်ကောင်ကနေ တစ်ရာလောက်ထိ ဝိုင်းမိတ်လိုက်တာဆိုတော့ လိင်အင်္ဂါ နှစ်ခုပါတော့ ဘက်မရွေးပဲ အောင်မြင်မှု ပိုရနိုင်တာပါ။

မြွေထီးတွေမှ လိင်အင်္ဂါ နှစ်ခုပါတာ မဟုတ်ပါဘူး။ မြွေမတွေနဲ့ ဖွတ်အမတွေမှာလဲ လိင်အင်္ဂါ နှစ်ခုပါပါတယ်တဲ့။ သူတို့ရဲ့ လိင်အင်္ဂါကိုတော့ hemiclitores လို့ခေါ်ပါတယ်။ ဒီ hemiclitores နဲ့ပါတ်သက်လို့ကတော့ သိပ္ပံပညာရှင်တွေ ကောင်းကောင်း မသိကြ သေးပါဘူး။

ဖွတ်ထီးတွေမှာလဲ လိင်အင်္ဂါ နှစ်ခုပါဝင်ပါတယ်။ (Credit: Alex Popovkin | Flickr)

လုံးဝမပါလာတော့လဲ တစ်မျိုးကောင်းတာပါပဲ

မြွေတွေ၊ ဖွတ်တွေ၊ ပုတ်သင်တွေမှာ လိင်အင်္ဂါ နှစ်ခုပါပေမယ့် နယူးဇီလန်မှာတွေ့ရတဲ့ Tuatara လို့ခေါ်တဲ့ ပုတ်သင်နဲ့ ခပ်ဆင်ဆင်တူတဲ့ အကောင်တွေကတော့ လိင်အင်္ဂါ ပါမလာကြပါဘူး။

ဒီ့အစား ဒီ တူအာတာရာတွေဟာ မိတ်လိုက်တဲ့ အခါမှာ အထီးက အမပေါကို တွယ်တက်ပြီး သူတို့ရဲ့ ဘုံယောနိအဝနဲ့ အမရဲ့ ယောနိအဝနဲ့ကို တေ့ပေးလိုက်ပါတယ်တဲ့။

ဘုံယောနိ (cloaca) ဆိုတာကတော့ ဒီအကောင်တွေမှာ ယောနိရယ်လို့ သပ်သပ်မပါပဲ စအိုရယ်၊ ဆီးလမ်းကြောင်းရယ်၊ ယောနိရယ် အားလုံးပေါင်းနေတဲ့ အပေါက်တစ်ပေါက်ထဲ ပါပါတယ်။ ဒီနည်းနဲ့ တူအာတာရာ အထီးဟာ သူ့မျိုးစေ့ကို အမဆီလွှဲပေးတာပါ။

ဒီ Tuatara အထီးဟာ လိင်တံမပါပါဘူး။ (Credit: San Diego Zoo)

ငှက်အတော်များများကလဲ ဒီလိုနည်းနဲ့ပဲ မိတ်လိုက်တာပါ။ ငှက်တွေမှာလဲ လိင်အင်္ဂါ သီးသန့်မပါပဲ ဘုံယောနိပဲ ပါပါတယ်။ သူတို့ကလဲ ဒီလိုပဲ အထီးအမ ဘုံယောနိချင်း ပွတ်သပ်ပြီး မိတ်လိုက်တာပါပဲတဲ့။

အမမှာလဲ လိင်တံပါနိုင်ပါတယ်

ဩစတြေးလျ နိုင်ငံက သိပ္ပံပညာရှင်တွေဟာ မနှစ်က ပါးသိုင်းမွှေးရှည် ပုတ်သင်တစ်မျိုးကို လေ့လာရင်း မထင်မှတ်တာတစ်ခုကို တွေ့ခဲ့ကြပါတယ်။ အဲဒါကတော့ ဒီပုတ်သင်မျိုးရဲ့ အမတွေဟာ ဥထဲမှာနေတုန်း အထီးတွေလို လိင်အင်္ဂါ ထွက်လာတာပါ။ အထီးတွေလိုပဲ နှစ်ခုထွက်လာတာပါတဲ့။ ဒါပေမယ့် ဥကပေါက်ခါနီးမှာတော့ အမတွေရဲ့ လိင်တံဟာ ပျောက်ဆုံးသွားပါတယ်။

အချွန်အတက်ကလေးတွေနဲ့ လိင်အင်္ဂါ

မြွေတွေရဲ့ လိင်အင်္ဂါမှာ အချွန်အတက် သေးသေးလေးတွေ ပါပါတယ်။ ဘာ့ကြောင့် ဒီလို ဖြစ်နေရတာလဲ ဆိုတာ သိပ္ပံပညာရှင်တွေ သေသေချာချာတော့ မသိသေးပါဘူး။ သီအိုရီ တစ်ခုကတော့ မြွေတွေဟာ မျိုးတူချင်း မိတ်လိုက်ဖို့ အလွန်အရေးကြီးပါတယ်တဲ့။ မျိုးတူတဲ့ မြွေတွေမှာ အထီးနဲ့ အမရဲ့ လိင်အင်္ဂါပုံစံဟာ အံဝင်ခွင်ကျ ရှိပါတယ်တဲ့။ ဒီအချွန်အတက်တွေက မျိုးမတူတဲ့မြွေတွေ မှားယွင်းမိတ်လိုက်မိတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်တဲ့။

အချို့ကလဲ ဒီအချွတ်အတက်တွေ၊ ချိတ်တွေ ပါတဲ့အတွက် မိတ်လိုက်ချိန် ပိုကြာမြင့်ပြီး မျိုးစေ့တွေကို ပိုများများ အမဆီ လွှဲပြောင်းပေးနိုင်တယ်လို့ ယုံကြည်ကြပါတယ်။ သေသေချာချာ သိဖို့ဆိုတာကတော့ မြွေမတွေရဲ့ အင်္ဂါကို သေခြာလေ့လာပြီးမှပဲ ပြောနိုင်မယ်လို့ ပညာရှင်တွေက ထောက်ပြပါတယ်။

Alligator မိကျောင်းထီးတွေရဲ့ လိင်အင်္ဂါဟာ အမြဲထောင်မတ်နေတယ်

အမေရိကန် ခေါင်းတိုမိချောင်းထီးတွေရဲ့ လိင်အင်္ဂါဟာ အမြဲထောင်မတ် နေပါတယ်တဲ့။ (Credit: Roy Buri | Pixabay)

ခေါင်းတို အမေရိကန်မိကျောင်း (Alligator) အထီးတွေဟာ မိတ်လိုက်ဖို့ အမြဲ အသင့်ရယ်ဒီ ရှိနေပါတယ်တဲ့။ ဘာလို့လဲဆို ဒီမိကျောင်းတွေရဲ့ အထီးလိင်အင်္ဂါဟာ အမြဲပဲ ထောင်မတ်နေလို့ပါတဲ့။

ဒါပေမယ့် သူတို့ဟာ သူတို့ရဲ့ အင်္ဂါကို အပြင်မှာ ထုတ်ထားတာ မဟုတ်ပဲ ကိုယ်ထဲမှာ သိမ်းထားတာပါတဲ့။ အဲ၊ ဒီ့ထက်ထူးခြားတာကတော့ ဒီအင်္ဂါကို သားရေကွင်းပစ်သလို ကိုယ်ခန္ဓာ အပြင်ကို အရှိန်နဲ့ ပစ်ထည့်နိုင်တာပါပဲ။ ပြီးလို့ရှိရင်လဲ ဒီအင်္ဂါဟာ အရှိန်နဲ့ ကိုယ်တွင်းကို ပြန်ဝင်သွားပါတယ်။

ဒီလိုအင်္ဂါမျိုးကို အမေရိကန် မိကျောင်းတွေတင်မက အီဂျစ်က နိုင်းမြစ်မိချောင်းတွေနဲ့ ဩစတြေးလျတိုက်က ရငန်မိကျောင်းတွေမှာလဲ တွေ့ရပါတယ်။ ဘာလို့ ဒီလို ခုန်ထွက်နိုင်တဲ့ လိင်အင်္ဂါရှိနေတာလဲ ဆိုတာကတော့ သိပ္ပံပညာရှင်တွေ စဉ်းစားမရ ဖြစ်နေဆဲပါတဲ့။

Source: National Geographic | Why Snakes Have Two Penises and Alligators Are Always Erect

Advertisement