Skip to content

နယူတန် နှင့် ပိရမစ် ယုံကြည်မှု

သူ့ခေတ်က ခေတ်ပြိုင် ပညာရှင်တွေ လိုပဲ နယူတန် ဟာလဲ ရှေးခေတ်ဟောင်းရဲ့ ထူးခြားဆန်းကြယ် သဘာဝလွန် ဖြစ်ရပ်တွေကို ယုံကြည် ခဲ့ပါတယ်

ဆွဲငင်အား နဲ့ ပါတ်သက်ပြီး သင်္ချာ နိယာမ တွေကို ဖေါ်ထုတ်နိုင် ခဲ့တဲ့ ဆာ အိုင်းဆက် နယူတန် ရဲ့ သုတေသန မှတ်စုတွေကို ပြီးခဲ့တဲ့ နှစ်အနည်းငယ်က ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။ 

နယူတန်ဟာ တဖက်မှာ ရူပဗေဒ နဲ့ သင်္ချာ ပညာရှင်ကြီး ဖြစ်သလို အခြား တဖက်မှာလဲ အဂ္ဂိယ ပညာ (Alchemy) ကို ဘဝ တစ်သက်လုံး ယုံယုံကြည်ကြည် လေ့လာ လိုက်စား ခဲ့သူ ဖြစ်ပါတယ်။ နောက်ပြီး သူဟာ သဘာဝလွန် ဖြစ်ရပ် တွေကိုလဲ ယုံကြည်သူ တစ်ဦး ဖြစ်ပါတယ်။ တကယ် ပြောရရင် သူ့ဘဝရဲ့ နောက်ပိုင်း အချိန်တွေကို အဂ္ဂိယ ထိုးရင်း ကုန်လွန်ခဲ့သူ တစ်ဦး ဖြစ်ပါတယ်။

သူ့ရဲ့ သဘာဝလွန် ယုံကြည်မှု တွေထဲမှာ ပိရမစ်တွေနဲ့ ပါတ်သက်တဲ့ သဘာဝလွန် အကြောင်းအရာ တွေလဲ ပါဝင်ပါတယ်။ 

နယူတန်က ပိရမစ် တွေဟာ နာမ်လောက၊ ဝိညာဉ် လောက တွေမှာ အရေးပါတဲ့ နေရာက ပါဝင်နေတယ်လို့ ယုံကြည် ခဲ့ပါတယ်။ ဒါကလဲ အထူးအဆန်းတော့ မဟုတ်ပါဘူး။ သူ့ခေတ်က အရေးပါတဲ့ အသိပညာရှင် အတတ် ပညာရှင် အတော်များများက ဒီလိုပဲ ယုံကြည်ခဲ့ ကြတာပါ။

နယူတန်ဟာ ပိရမစ် တွေနဲ့ ပါတ်သက်တဲ့ “လှို့ဝှက်ချက်” တွေကို နှစ်ပေါင်းများစွာ ကြိုးစားပြီး သုတေသနပြု ရှာဖွေ ခဲ့တယ် ဆိုတာကို သူ့ရဲ့ မှတ်စု တွေအရ သိရပါတယ်။

ဒီ မှတ်စုတွေ အရ နယူတန်ဟာ ဒီ ပိရမစ် ကြီးတွေ တည်ဆောက်ရာမှာ အသုံးပြု ခဲ့တဲ့ အတိုင်းအတာ ယူနစ်ကို ဖေါ်ထုတ်နိုင်ဖို့ ကြိုးစား ခဲ့ပါတယ်။ ရှေး အီဂျစ် လူမျိုးတွေဟာ ကမ္ဘာလုံး ကြီးရဲ့ အတိုင်းအထွာကို တိုင်းတာ နိုင်ခဲ့ ကြတယ်လို့ နယူတန်က ယုံကြည် ခဲ့ပါတယ်။

ဒီတော့ ဒီ ပိရမစ် တည်ဆောက်ရာမှာ အသုံးပြုတဲ့ အတိုင်းအတာ ယူနစ် ဟာ ကမ္ဘာ့ လုံးပတ်နဲ့ ဆက်စပ် နေမယ်လို့ နယူတန်က တွက်ဆ ပါတယ်။ ဒီ ယူနစ်ရဲ့ လှို့ဝှက်ချက် ကိုသာ ရှာဖွေ နိုင်ခဲ့ရင် ကမ္ဘာ့ လုံးပတ်ရဲ့ ပမာဏ ကို သိရှိနိုင် လိမ့်မယ်လို့ နယူတန်က ယုံကြည်ပါတယ်။

ဒီ လှို့ဝှက်ချက်က တဆင့်လဲ အခြား ရှေးဟောင်းခေတ် ယာဉ်ကျေးမှု တွေက အသုံးပြု ခဲ့တဲ့ အတိုင်းအတာ တွေနဲ့ ပါတ်သက်လို့ ဖော်ထုတ်နိုင်မယ်လို့ သူက မျှော်လင့် ခဲ့ပါတယ်။

ပိရမစ် တွေနဲ့ ပါတ်သက်ပြီ ရေးမှတ်ထားတဲ့ နယူတန် ရဲ့ လက်ရေးမှတ်တမ်း (Credit: SOTHEBY’S)

ဒီ ရှေးခေတ် အတိုင်းအတာ တွေက တဆင့် ဆော်လမွန် ဘုရားကျောင်းတောင် (Temple of Solomon) ကြီးရဲ့ ဗိိသုကာ နဲ့ အကျယ်အဝန်း ပမာဏကို ဖော်ထုတ်နိုင်မယ်လို့ ယုံကြည် ခဲ့ပါတယ်။ ဒီ ဆော်လမွန် ကျောင်းတော် ရဲ့ အတိုင်းအထွာ ဟာ ခရစ်ယာန် သမ္မကျမ်းစာရဲ့ လှို့ဝှက်ချက် ကို ဖော်ထုတ်ရာမှာ အဓိက ကျတဲ့ သော့ချက် ဖြစ်တယ်လို့ နယူတန်က ယုံကြည်ပါတယ်။

ဒီလို ယုံကြည်ချက်ဟာ ခုခေတ် သိပ္ပံ ပညာရှင် တွေ အကြားမှာတော့ ရီစရာ ဖြစ်ကောင်း ဖြစ်နေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် နယူတန် နဲ့ ခေတ်ပြိုင် သိပ္ပံ ပညာရှင် တွေဟာ သိပ္ပံ နဲ့ သဘာဝလွန် ဖြစ်ရပ် တွေ၊ ဘာသာရေး နဲ့ နာမ်ဝိညာဉ် ဆိုင်ရာ အယူအဆ တွေနဲ့ ပါတ်သက်ပြီး ကွဲကွဲ ပြားပြား ခွဲခြား နိုင်စွမ်း မရှိခဲ့ ကြပါဘူး။ 

အဲ့သည် ခေတ်က ပိရမစ် တွေနဲ့ သဘာဝလွန် ဖြစ်ရပ်တွေ ဆက်စပ်မှုကို လေ့လာတဲ့ ပညာရပ် လောကဟာ ကျယ်ပြန့် လွန်းခဲ့တာမို့ ဒီ ဘာသာရပ်ကို ပညာရပ် ဆိုင်ရာ နာမည် တစ်ခုတောင် ပေးထား ခဲ့တာပါ။ ပိရမစ်တွေ လေ့လာတဲ့ ပညာရပ်ကို Pyramidology လို့ အမည် ပေးထားခဲ့ ကြပါတယ်။

နယူတန် အတွက် ကတော့ ပိရမစ် လေ့လာရေးဟာ သူ စိတ်ဝင်စား ယုံကြည်တဲ့ အဂ္ဂိယ ပညာရပ်နဲ့ ဆက်စပ်မှု ရှိသလို သူယုံကြည်ရာ ခရစ်ယာန် ဘာသာရေး နဲ့လဲ ဆက်စပ်မှု ရှိပါတယ်။ 

နယူတန်ဟာ အဂ္ဂိယတ် ပညာကို ယုံကြည်စွာ လေ့လာ လိုက်စား ခဲ့သူ ဖြစ်ပါတယ် (British Library/National Endowment for the Humanities)

နယူတန်က ပိရမစ် တွေဟာ သမ္မာကျမ်းစာမှာ ဖော်ပြ ပါရှိတဲ့ ကမ္ဘာပျက် ကပ်ကြီးတွေ နဲ့ သက်ဆိုင်တဲ့ အသေးစိတ် အချက်အလက် တွေကို လှို့ဝှက် သိမ်းဆည်း ထားတယ်လို့ ယုံကြည် ခဲ့ပါတယ်။ 

ဒါပေမယ့် နယူတန်ရဲ့ ခေတ်က သိပ္ပံ (သို့) pseudoscience ခေါ်တဲ့ သိပ္ပံယောင် လေ့လာမှု တွေနဲ့ ခရစ်ယာန် ဘာသာရေးကို ရောထွေးတဲ့ ကိစ္စတွေ အားလုံးကို တားမြစ် ကန့်သတ် ထားခဲ့ပါတယ်။ ဒါ့ကြောင့် နယူတန်ဟာ သူ့ သုတေသန လေ့လာမှုဟာ သမ္မာကျမ်းစာမှာ ဖော်ပြထားတဲ့ အဖြစ်အပျက် တွေကို သက်သေပြဖို့ ကြိုးစားတာ မှန်ပေမယ့် အခြားသူတွေ မသိအောင် လျှို့ဝှက် ထားခဲ့ ရပါတယ်။

သမ္မာကျမ်းစာ မှာပါဝင်တဲ့ The Book of Revelation (ဗျာဒိတ်ကျမ်း) ဟာ အခြား အခန်းတွေနဲ့ ကွာခြားပါတယ်။ ဒီ ဗျာဒိတ်ကျမ်းဟာ ဂဏန်း သင်္ချာ ကိန်းတွေ၊ သင်္ကေတ တွေနဲ့ ပြည့်နှက်လို့ နေပါတယ်။ ဒါ့ကြောင့် သမ္မာ ကျမ်းစာ လေ့လာသူ ပညာရှင် တွေဟာ ဒီ ကျမ်းရဲ့ လျှို့ဝှက် ဆိုလိုရင်း အဓိပ္ပါယ်ကို ဖော်ထုတ်နိုင်ဖို့ ရာစုနှစ်နဲ့ ချီပြီး ကြိုးစားခဲ့ ကြပါတယ်။

ပညာရှင် အများအပြားဟာ ဒီကျမ်းကို ပဟေဠိ တစ်ပုဒ်လို သဘောထား ခဲ့ကြပါတယ်။ သူ့မှာ သာမန် လူတွေ အလွယ်တကူ မသိ နားမလည် နိုင်တဲ့ လျှို့ဝှက်ချက်တွေ ပါဝင်တယ်လို့ ယုံကြည် ယူဆခဲ့ ကြပါတယ်။ 

ဗျာဒိတ်ကျမ်း (Book of Revelation) မှာ ဖော်ပြထားတဲ့ ကမ္ဘာပျက်မယ့် ရက်ကို အီဂျစ် ပိရမစ် တွေက ဖော်ထုတ် ပေးနိုင်မယ်လို့ နယူတန် က ယုံကြည် ခဲ့ပါတယ်

အချို့ကလဲ ဒီ လျှို့ဝှက်ချက် တွေအနက်က တစ်ခုဟာ ကမ္ဘာပျက် ကပ်ကနေ ကမ္ဘာကြီးကို ဘယ်လို ကယ်တင်ရ မလဲ ဆိုတာကို ဖော်ပြ ထားတယ်လို့ ယုံကြည် ကြပါတယ်။ ဒီ အချက်ဟာ နယူတန်ရဲ့ ယုံကြည်ချက်နဲ့ ထပ်တူ ကျနေပါတယ်။

ဒါဆို ပိရမစ်တွေ နဲ့ ဗျာဒိတ်ကျမ်း နဲ့ ဘာဆိုင်လို့လဲ မေးစရာ ဖြစ်လာပါတယ်။ 

ဘာ့ကြောင့် ဗျာဒိတ်ကျမ်းနဲ့ ပိရမစ် တွေနဲ့ ဆက်စပ်နေတယ်လို့ လူအများ ယုံကြည်ခဲ့ ကြတဲ့ အကြောင်းရင်း ကတော့ ပိရမစ် တွေဟာလဲ ဗျာဒိတ်ကျမ်း လိုပဲ ပဟေဠိ တွေနဲ့ ပြည့်နှက် နေလို့ ဖြစ်ပါတယ်။

ဒီလို အလွန် ကြီးမားတဲ့ အဆောက်အဦ ကြီးတွေကို ရှေးဟောင်းခေတ် အီဂျစ် လူမျိုးတွေ အောင်မြင်စွာ တည်ဆောက် နိုင်ခဲ့တာဟာ အနောက်တိုင်း ပညာရှင် တွေအတွက် အံ့ဩ စရာ ကိစ္စ တစ်ခု ဖြစ်နေပါတယ်။ 

နယူတန် အပါအဝင် အဲ့သည်ခေတ်က ပညာရှင် အများအပြားက ရှေး အီဂျစ်တွေဟာ အဆင့်မြင့် ပညာရပ် တွေကို နားလည် တတ်ကျွမ်း ခဲ့ကြတယ်။ ဒီ နည်းပညာ တွေဟာ အခု အချိန်မှာ တိမ်မြုပ် ပျောက်ကွယ် သွားခဲ့ကြပြီ လို့ ယူဆခဲ့ ကြပါတယ်။

နယူတန် က ရှေး အီဂျစ် တွေဟာ ကမ္ဘာနဲ့ စကြာဝဠာ နဲ့ ပါတ်သက်တဲ့ သဘောတရား ကွေကို နားလည် ခဲ့ကြတယ်။ ဒီ နည်းပညာ တွေကို ပိရမစ်တွေ တည်ဆောက်ရာမှာ ထည့်သွင်း ထားခဲ့ကြတယ် လို့ ယုံကြည် ထား ခဲ့ပါတယ်။

ဒါ့ကြောင့် နယူတန်က ဒီ ပိရမစ် တွေက သိမ်းဆည်းထားတဲ့ လှို့ဝှက် ချက်တွေကိုသာ ပြန််လည် ဖော်ထုတ် နိုင်ခဲ့ရင် ကမ္ဘာပေါ်က လူသား မျိုးတုန်းမယ့် အဖြစ် အပျက်တွေကို အသေးစိတ် ကြိုတင် တွက်ဆပြီး ကာကွယ်မှုပြုလုပ် နိုင်လိမ့်မယ်လိုင့ ယုံကြည်ပြီး လေ့လာ ခဲ့ခြင်းပဲ ဖြစ်ပါတယ်။

ဒါပေမယ့် နယူတန်ဟာ ပိရမစ် တွေရဲ့ လျှို့ဝှက်ချက် တွေကို ရှာဖွေ တွေ့ရှိခဲ့ ခြင်းတော့ မရှိခဲ့ ပါဘူး။

Ref: Isaac Newton Believed the Pyramids Revealed the Timing of the Apocalypse | Popular Mechanics

Advertisement