Skip to content

ပင်လယ်ထဲကို ဆားတွေ ဘယ်ကရောက်လာလဲ

  • Earth
ပင်လယ်ထဲကို ဆားတွေ ဘယ်ကရောက်လာလဲ

ပင်လယ်ရေ ဘာလို့ ငန်ရတာပါလဲ။ ဟုတ်ကဲ့ ပင်လယ်ရေထဲ ဆားတွေ ပါနေလို့ ငန်နေရတာပါ။ ဒါလေးများ ကလေးတောင် သိသေးတယ်။ ပြဿနာက အဲ့ဒီ ဆားတွေ ဘယ်က ရောက်လာလဲ ဆိုတာပါပဲ။ အဲ့တာကျတော့ လူ ၁၀၀ မှာ ၉၉ မသိကြပါဘူး။

ငယ်ငယ်ကတော့ လူထု ဦးလှ ရေးတဲ့ တိုင်းရင်းသား ပုံပြင် တစ်ပုဒ်မှာ ရေသူမလေး ပင်လယ်ထဲ ကျသွားပြီး ပင်လယ်ရေကြီးက ငန်သွားတယ် လို့ ဖတ်ရဖူးတယ်ဗျ။ နောက်တခါ သိကြားမင်း ပေးတဲ့ ဆားကြိတ်ဆုံ လှေပေါ်တင်ပြီး ဆားကြိတ်ရင်း အိပ်ပျော်သွားလို့ ဆားတွေ နဲ့ ပြည့်ပြီး လှေကြီး လေးလာလို့ လှေမှောက်ပြီး ဆားကြိတ်ဆုံ ပင်လယ်ထဲ ကျသွားရာ ကနေ ပင်လယ်ရေတွေ ငန်လာ တယ်လို့လဲ ကြားဖူးတယ် (ကလေးဆိုတော့ ယုံတာပေါ့ဗျာ။) 

အခု ပြောမယ့် ပင်လယ်ထဲ ဆားတွေ ဘယ်လို ရောက်လာလဲ ဆိုတာကတော့ သိပ္ပံ ပညာရှင်တွေ ပြောတဲ့ ပုံပြင်ပေါ့နော့။ သိပ္ပံ ပညာရှင်တွေ ပြောတာ ဆိုတော့လဲ ဘာမှ သက်သေ အထောက် အထား မရှိပဲ ရမ်းသမ်း ပြောမှာတော့ မဟုတ်ပါဘူး။ တိကျ ခိုင်လုံတဲ့ အထောက် အထား ရှိလို့သာ ပြောတာ နေမှာပါ။

အမေရိကန် အစိုးရ အမျိုးသား သမုဒ္ဒရာ နှင့် လေထု ထိန်းချုပ်ရေး ဌာန (National Oceanic and Atmospheric Administration) ရဲ့ အဆိုအရ ပင်လယ် သမုဒ္ဒရာ ထဲကို ဆားတွေဟာ နှစ်နေရာ ကနေ ရောက်လာတယ် လို့ ဆိုပါတယ်။

ပထမ တစ်ခုက ကုန်းမြေပေါ် ကနေ စီးဆင်း လာတဲ့ ရေနဲ့ အတူ ပါလာတာ ဖြစ်ပြီး နောက် တစ်ခု ကတော့ ပင်လယ် သမုဒ္ဒရာ ကြမ်းပြင်မှာ သဘာဝ အလျှောက် ရှိနေတဲ့ တွင်းတွေကနေ ထွက်လာတာ လို့ ဆိုပါတယ်။

ကမ္ဘာ မြေပြင် ပေါ်မှာ ရှိတဲ့ ကျောက်ဆိုင် ကျောက်သား တွေမှာ ရှိနေတဲ့ ဆားတွေဟာ ပင်လယ် သမုဒ္ဒရာ ထဲကို စီးဝင်တဲ့ ဆားတွေ အဓိက မြစ်ဖျားခံရာ ဆား အရင်း အမြစ်တွေပဲ ဖြစ်ပါတယ်။ မြေပြင်ပေါ်ကို ရွာချတဲ့ မိုးရေဟာ နဲနဲလေး အက်ဆစ်ဓါတ် ပါပါတယ်။ ဒီ အက်ဆစ် က ကျောက်သားတွေ ထဲမှာ ပါဝင်နေတဲ့ ဓါတ် သတ္တု တွေကို တဖြည်းဖြည်း စားသွားပါတယ်။

ဒီ တော့ ကျောက်ထဲက သတ္တုတွေ “ဆား” အဖြစ် မိုးရေမှာ ပျော်ဝင်သွားပြီး ရေနဲ့ အတူ မြစ်တွေ ချောင်းတွေ ထဲကို ရောက်သွားပါတယ်။

ချောင်းတွေ မြစ်တွေရဲ့ နောက်ဆုံး အဆုံး သတ်ရာက ပင်လယ်တွေ သမုဒ္ဒရာ တွေပဲ ဖြစ်ပါတယ်။ ဒီတော့ မြစ်ရေ ချောင်းရေနဲ့ ပါလာတဲ့ ပျော်ဝင် သတ္တုဓါတ် (ဆား) တွေဟာ နောက်ဆုံး ပင်လယ် သမုဒ္ဒရာ ကြီးထဲမှာ အဆုံး သတ်သွားပါတယ်။

ဒီ ရောက်လာတဲ့ ဆားတွေ ထဲက အချို့ကို ရေ သတ္တဝါ လေးတွေ နဲ့ ရေထဲက အပင်တွေက အသုံး ပြုကြပါတယ်။ ဒါပေမယ့် အများစုကတော့ ဒီအတိုင်း ပင်လယ်ရေ ထဲမှာ ကျန်နေပါတယ်။

တဖြည်းဖြည်း နှစ် သန်းပေါင်း များစွာ ကြာလာတော့ ပင်လယ်ထဲက ဆားပမာဏ များများ လာပြီး ပင်လယ်ရေလဲ ငန်လာရတာ ဖြစ်ပါတယ်။

ပင်လယ် သမုဒ္ဒရာ ထဲကို ကုန်းမြေက ရောက်လာတဲ့ ဆားအပြင် အခြား နည်းလမ်း နဲ့လဲ ရောက်လာ နိုင်ပါသေးတယ်။ အဲ့တာ ကတော့ ပင်လယ် သမုဒ္ဒရာ ကြမ်းပြင်မှာ ရှိနေတဲ့ သဘာဝ အလျှောက် ဖြစ်တဲ့ တွင်းတွေကနေ ရောက်လာတာ ဖြစ်ပါတယ်။

သမုဒ္ဒရာ ကြမ်းပြင်မှာ အက်ကြောင်းတွေ ရှိပါတယ်။ အဲ့သည် အက်ကြောင်းတွေထဲ ပင်လယ်ရေ ဝင်သွားတဲ့ အခါ အောက်ခြေက ချော်ရည်ပူ တွေနဲ့ တွေ့ပြီး ဓါတုဗေဒ ဓါတ်ပြုမှု ဖြစ်လာပါတယ်။ ရေထဲမှာ ပါတဲ့ အောက်ဆီဂျင်၊ မဂ္ဂနီ ဆီယံနဲ့ ဆာလ်ဖာ (ကန့်ဓါတ်) တွေက ဒီ ချော်ရည်တွေနဲ့ ဓါတ်ပြုပြီး ချော်ရည်ထဲ ပျော်ဝင်နေတဲ့ သံဓါတ်၊ သွပ်ဓါတ် နဲ့ ကြေးနီ ဓါတ် တွေကို ပင်လယ် ရေထဲ ပျော်ဝင် သယ်ဆောင်သွားပါတယ်။

ဒီ သတ္တုဓါတ်တွေ ပျော်ဝင် နေတဲ့ ရေနွေးပူ တွေဟာ ပင်လယ် ကြမ်းပြင်က အပူတွင်း တွေကနေ ပြန်ပြီး ထွက်လာပါတယ်။ ဒီရေ နဲ့အတူ သတ္တု ဓါတ်တွေကလဲ ဆားအဖြစ် ပျော်ဝင်ပြီး ပါလာပါတယ်။ 

ပင်လယ်အောက် မီးတောင် ပေါက်ကွဲ မှုကနေလဲ ဆား အမြောက်အများ ရရှိပါသေးတယ်။

နောက်ပြီး ဆားတွင်းတွေထဲ မိုးရေဝင်ပြီး ဆားတွေ အရေပျော်ရာ ကနေလဲ ပင်လယ်ထဲ ဆားတွေ ရောက်လာ ပါသေးတယ်။ ဒီ ဆားတွင်း ဆိုတာက မြေအောက် (သို့) ပင်လယ် ရေအောက် ကြမ်းပြင် အောက်ထဲမှာ သဘာဝ အတိုင်း အနည်ကျပြီး ဖြစ်လာတဲ့ ဆားတွင်းကြီးတွေ ဖြစ်ပါတယ်။ ကုန်းမြေပေါ်မှာတော့ ဒီ ဆားတွင်းတွေကနေလဲ အိမ်သုံးဆား ထုတ်ကြပါတယ်။ (အမေရီကန် ပြည်ထောင်စု က ယူတာ ပြည်နယ် တို့၊ အိန္ဒိယက ကက်ရှမီးယား တို့ ဆိုတာ ဆားတွင်းတွေ အမြောက်အများ ရှိတဲ့ အရပ် ဒေသတွေ ဖြစ်ကြပါတယ်။)

ပင်လယ်ထဲက ဆားရဲ့ ၈၅%က ဆိုဒီယမ် ကလိုရိုက် အိမ်သုံးဆား ဖြစ်ပါတယ် (Photo: Image by Quang Nguyen vinh from Pixabay)

ပင်လယ်ရေ ထဲမှာ ပါဝင်တဲ့ ပျော်ဝင် ဒြပ်စင် တွေ ထဲမှာ အများဆုံး ပါဝင်တာ ကတော့ ဆိုဒီယမ် (Sodium) နဲ့ ကလိုရိုက် (Chloride) တို့ပဲ ဖြစ်ပါတယ်။ ဒီနှစ်ခု ပေါင်းပြီး ဖြစ်လာတဲ့ ဆိုဒီယမ် ကလိုရိုက် ဟာ အိမ်သုံးဆားပါ။

ဒီ ဆိုဒီယမ် ကလိုရိုက် အိမ်သုံးဆားဟာ သမုဒ္ဒရာ ထဲပျော်ဝင်နေတဲ့ ဓါတ်ပစ္စည်း စုစုပေါင်းရဲ့ ၈၅% ရှိပါတယ်။ မဂ္ဂနီ စီယမ် နဲ့ ဆာလ်ဖိတ် ဓါတ်တွေက ၁၀% လောက် ရှိပါတယ်။ ကျန်တဲ့ ဓါတ်သတ္တု ပျော်ဝင် ပစ္စည်း တွေကိုတော့ နည်းနည်းစီ လောက်ပဲ တွေ့ရပါတယ်။

ပင်လယ်ရေ ထဲက ဆားပါဝင်မှုက တစ်နေရာနဲ့ တစ်နေရာ မတူပါဘူး။ ဆား ပါဝင်မှုဟာ အပူချိန်၊ ရေငွေ့ပျံမှု၊ မိုးရွာကျမှု အစ ရှိတဲ့ အချက်တွေ ပေါ် မူတည်ပြီး အနည်းအများ ကွာပါတယ်။ ဒါပေမယ့် အကြမ်းဖြင်း ပြောရရင် ပင်လယ်ရေ တစ်လီတာမှာ ဆား ၃၅ ဂရမ်လောက် ပါဝင်ပါတယ်။

Reference: Why is the ocean salty? | US National Ocean Service

Advertisement