Skip to content

သိပ္ပံ ပညာရှင်တွေ အဖြေရှာမရတဲ့ ကမ္ဘာ့လေထုထဲက ထူးဆန်းတဲ့ အသံများ

  • Earth
earth

ကမ္ဘာ့လေထု အထက်လွှာ ဖြစ်တဲ့ စထရာတိုစဖီးယား (stratosphere) အလွှာထဲကို လွှတ်တင်ထားတဲ့ နေစွမ်းအင်သုံး သုတေသန မိုးပျံပူပေါင်း တွေကနေပြီး ထူးဆန်းတဲ့ အသံတွေကို ဖမ်းယူ ရရှိ ခဲ့ပါတယ်။ ဒါပေမယ့် ဒီအသံတွေဟာ ဘယ်က ထွက်လာပြီး ဘာ့ကြောင့် ထွက်ပေါ်လာရသလဲ ဆိုတာကိုတော့ ယခုအထိ ပညာရှင်တွေ ရှာဖွေနိုင်စွမ်း မရှိကြ သေးပါဘူး။

ဒီ အသံတွေကို ကမ္ဘာမြေပြင် အထက် အမြင့်ပေ ၇၀,၀၀၀ ခန့်မှာ လွှတ်တင်ထားတဲ့ သုတေသန မိုးပျံပူပေါင်း တွေမှာ တပ်ဆင်ထားတဲ့ အထူး အသံဖမ်းစက် တွေကနေ ဖမ်းယူရရှိတာ ဖြစ်ပါတယ်။ 

ဒီ အသံ တွေဟာ လူတွေကြားနိုင်တဲ့ အသံလှိုင်းကြိမ်နှုန်း frequency အောက် နိုမ့်တာမို့ လူတွေ အနေနဲ့တော့ ကြားနိုင်မှာ မဟုတ်ပါဘူး။ 

ဒီ အသံတွေဟာ အခြား ကြိမ်နှုန်းနိုမ့် အသံတွေ ဖြစ်တဲ့ မိုးခြိမ်းသံ၊ ပင်လယ်လှိုင်းခတ်သံ၊ လေယာဉ်ပျံ တွေက အသံတွေနဲ့ လူလုပ် အသံတွေ ကြားမှာ တိမ်မြုပ်နေခဲ့ ပါတယ်။ ဒီအသံ တွေကို ကြားရဖို့ အခြား ကြိမ်နှုန်းနိုမ့် အသံတွေကနေ ပြန်လည် ခွဲခြားပေးမှသာ ကြားနိုင်တာ ဖြစ်ပါတယ်။

လေထုအထက်ပိုင်း စထရာတို စဖီးယား အလွှာထဲမှာ ထူးဆန်းတဲ့ အသံတွေကို မကြာခန ကြားနေရပါတယ်။ ဒီ အသံတွေဟာ တစ်နာရီကို ၃-၄-၅ ကြိမ်ခန့် ထွက်ပေါ်လာတတ်ပါတယ်။ ဒါပေမယ့် သူတို့ ဘယ်ကနေ ထွက်လာလဲ ဆိုတာကိုတော့ အခုထိ ရှာလို့ မရသေးပါဘူး။

ဒီ အသံတွေ ထွက်ပေါ်လာနေတဲ့ စထရာတို စဖီးယား အလွှာဟာ ကမ္ဘာမြေပြင် အထက် အမြင့် ၉ မိုင် ကနေ ၃၁ မိုင် အထိ ထူထပ်ပါတယ်။ ဒီ အလွှာမှာ အဓိက အားဖြင့် နေကလာတဲ့ ခရမ်းလွန် ရောင်ခြည်တွေကို တားဆီးပေးတဲ့ အိုဇုန်း ဓါတ်ငွေ့တွေ အများအပြားနဲ့ ပါဝင် ဖွဲ့စည်း ထားပါတယ်။ 

ဒီ အလွှာမှာ လေထု လှုပ်ရှားမှု ထူးထူး ခြားခြား မရှိပဲ လေငြိမ်နေလေ့ ရှိပါတယ်။ ဒီ အလွှာမှာ အများအားဖြင့် ကြားရတဲ့ အသံလှိုင်း တွေဟာ ကမ္ဘာ့ မြေမျက်နှာပြင်ကနေ ရောက်ရှိလာ ကြတဲ့ အသံလှိုင်းတွေ ဖြစ်ကြပါတယ်။

ဒီ စထရာတို စဖီးယား အလွှာထဲကို လေ့လာရေး သုတေသန ပူပေါင်းတွေကို ၁၈၉၀ ခုနှစ် ခန့်ကတဲက စတင် လွှတ်တင် ခဲ့ကြတာပါ။ ၁၉၄၇ ခုနှစ်မှာ မိုက်ကရိုဖုန်း တပ်ဆင်ထားတဲ့ စစ်သုံး ပူပေါင်း တစင်း ဒီလေထုအလွှာထဲမှာ ပျံသန်းနေတုန်း ပျက်ကျခဲ့ ဖူးပါတယ်။ နယူမက္ကဆီကို မှာ ဒီပူပေါင် ပျက်ကျတာကို အမေရိကန် စစ်တပ်က ဖုံးကွယ်ဖို့ ကြိုးစားရာကနေ ပထမဆုံး ပန်းကန်ပြားပျံ ဇာတ်လမ်း စတင် ပေါ်ပေါက်လာရတာလို့ သမိုင်း သုတေသီ တွေက ပြောကြပါတယ်။

ဒီ စထရာတို စဖီးယား ထဲက အသံတွေကို လေ့လာဖို့ အတွက် သုတေသီ တွေဟာ အချင်း ၂၃ ပေ အရွယ်အစားရှိတဲ့ မိုးပျံပူပေါင်း တွေမှာ ကြိမ်နှုန်းနိုမ့် အသံဖမ်းစက်တွေ တပ်ဆင်ပြီး စထရာတို စဖီးယား ထဲကို လွှတ်တင် ခဲ့ကြပါတယ်။ 

ဒီ ပူပေါင်းတွေ တည်ဆောက်တာကလဲ​ သိပ်တော့ မခက်ပါဘူး။ ပလတ်စတစ် အိတ်ကြီးတွေရဲ့ အတွင်းမှာ မီးသွေးမှုန့်တွေ သုတ်ပေး လိုက်တာပါပဲ။ မီးသွေးမှုန့် တွေက နေရောင်ကြောင့် ပူလာတော့ ဒီ အိတ်ထဲက လေတွေဟာ ပူနွေးပြီး ပေါ့လာပါတယ်။ ဒီနည်းနဲ့ ပူပေါင်းကြီး ကောင်းကင်ကို ပျံတက်သွားတာပါပဲ။ 

ဒီနည်းနဲ့ တည်ဆောက်ထားခဲ့တဲ့ တန်ဖိုးနည်း မိုးပျံပူပေါင်း တွေဟာ အမြင့် မိုင် ၂၀ ခန့်အထိတောင် တက်နိုင် ကြပါတယ်။ ဒီ တန်ဖိုးနည်း မိုးပျံပူပေါင်း တွေကို ၂၀၁၆ က စတင်ပြီး အလုံး ၅၀ ခန့် လွှတ်တင်နိုင်ခဲ့ ကြပါတယ်။ ဒီ ပူပေါင်းတွေ ပျံသန်းရာ လမ်းကြောင်းကိုလဲ​ GPS နဲ့ တောက်လျောက် မှတ်တမ်း ယူခဲ့ ကြပါတယ်။

မူလက ဒီ ပူပေါင်းတွေကို လွှတ်တင်တာဟာ မီးတောင်ပေါက်ကွဲမှုကနေ ထွက်ပေါ်လာတဲ့ အသံလှိုင်းတွေကို ဖမ်းယူဖို့ ရည်ရွယ် လွှတ်တင် ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ သုတေသန အတွင်းမှာ အပေါ်က တင်ပြခဲ့တဲ့ ထူးဆန်းတဲ့ အသံတွေကို ဖမ်းယူ ရရှိ ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီ အသံတွေဟာ မိုးခြိမ်းသံ လိုမျိုး အသံတွေ ဖြစ်ပြီး ထပ်ခါ ထပ်ခါ မည်နေပါတယ်။ ဒီအသံလှိုင်းတွေ ထွက်ပေါ်ရာ အရပ်ကိုလဲ ရှာလို့ မတွေ့ခဲ့ ပါဘူး။

သိပ္ပံ ပညာရှင် တွေကတော့ ဒီ အသံတွေဟာ ဘာသံတွေ လဲဆိုတာ ကြိုးစားပြီး မှန်းဆ ကြည့်ကြပါတယ်။ အချို့ကလဲ​ ဒီအသံ တွေဟာ အရင်က ဖမ်းယူရရှိခဲ့ခြင်း မရှိခဲ့တဲ့ စထရာတို စဖီးယား လေထုအလွှာ အတွင်းက လေထုအနှောက်အယှက် (disturbances) တွေကြောင့် ထွက်လာတဲ့ အသံတွေ ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။ ဒါမှ မဟုတ်လဲ မြေပြင်က တက်လာတဲ့ ပဲတင်သံလှိုင်းတွေ ဖြစ်မလား လို့လဲ​မှန်းဆ ကြပါတယ်။

သုတေသီ တွေကတော့ ဒီအသံတွေရဲ့ ထွက်ပေါ်လာရာ မူရင်းကို ရှာဖွေနိုင်ဖို့ ဆက်လက် သုတေသန ပြုသွားမယ်လို့ ဆိုပါတယ်။ နောက်ပြီး ရာသီဥတု အလိုက် အသံ ပြောင်းလဲမှုနဲ့ ကမ္ဘာ ဒေသတွေ အလိုက် ကွာခြားမှု တွေကိုလဲ ဆက်လက် မှတ်တမ်းတင် သုတေသ ပြုသွားမယ်လို့ သိရပါတယ်။

Ref: Mysterious, ultra low-frequency noises detected in Earth’s atmosphere — and scientists can’t explain them | Live Science 

Advertisement
Tags: